မေးမြန်းခန်း

“ရခိုင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘူး”

နေပြည်တော် – ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနောက်ကျနေသဖြင့် ပြည်ထောင်စုအစိုးရက ဂရုတစိုက် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု  ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူ ဦးဘရှိန်က ပြောသည်။

Myanmar Now နှင့် မကြာသေးခင်က နေပြည်တော်တွင် တွေ့ဆုံစဉ် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၇ဝ အရွယ် ဦးဘရှိန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်အမျိုးသားပါတီအတွင်း ဖြစ်ပေါ်နေသော အခြေအနေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဆက်ဆံရေး၊ အစိုးရအဖွဲ့သစ်၏ အနေအထား၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခတို့အကြောင်း ပြောပြခဲ့သည်။ တွေ့ဆုံမေးမြန်းချက်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး – အရပ်သားစစ်စစ် အစိုးရ တက်လာတာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ – NLD က အများစုအနိုင်ရလို့ ဦးဆောင်ပြီးဖွဲ့တဲ့ အစိုးရလို့ပဲ ပြောလို့ရမယ်။  ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးတွေမှာ စစ်သားဝန်ကြီးတွေ ပါလာတာပဲ၊ ဒုတိယသမ္မတ တစ်ယောက်က စစ်သားဟောင်းကြီး။ ဒါ့ကြောင့် အရပ်သားစစ်စစ် အစိုးရလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ NLD က ဖွဲ့တဲ့ အစိုးရဆိုတော့ NLD ရဲ့ စီမံကိန်းတွေ အတိုင်း ဒီအစိုးရက သွားတော့မှာပေါ့။ သူတို့မှာ ရက် ၁ဝဝ၊ ၆ လ၊ ၁ နှစ်ဆိုတဲ့ စီမံချက်တွေရေးပြီးလုပ်ကြမှာ။ လုပ်မယ့် လုပ်ငန်းတွေကို ပြည်သူကို ချပြချင်လည်း ချပြမယ်၊ မချပြဘဲ အစိုးရအဖွဲ့အစီအစဉ်နဲ့ ဝန်ကြီးဌာနတွေကို ညွှန်ကြားပြီး လုပ်ချင်လည်း လုပ်မှာပေါ့။  

မေး –  ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်ချက်နဲ့ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ပါတီက ဖွဲ့တဲ့ အစိုးရ ဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာသင့်တယ်လို့ မထင်ဘူးလား။

ဖြေ – အဲ့ဒီကြွေးကြော်ချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သိပ်အရေးမကြီးဘူးထင်တယ်။ လူတွေက အပြောင်းအလဲကို လိုချင်နေကြတာ။ ဗိုလ်ချုပ်ကြီးတွေ လက်ထဲက အာဏာဟာ ဗိုလ်ချုပ်ကြီးတွေမဟုတ်တဲ့သူတွေရဲ့ လက်ထဲကို ရောက်စေချင်တယ်၊ ပြည်သူတွေမှာ အဲ့ဒီလို ရိုးရိုး သားသားလေးပဲ၊ မျှော်မှန်းချက်ကြီးကြီးမားမားမရှိဘူးလို့ပဲ ကျွန်တော် သဘောပေါက်တယ်။ ဗိုလ်ချုပ်ကြီးတွေ ထူထောင်တဲ့ပါတီနဲ့ ပြိုင်မယ်ဆိုရင် မြန်မာပြည်မှာ အင်အားအကြီးဆုံးပါတီက NLD ပါတီ။ ၈၈ ကျောင်းသားတွေကလည်း ပါတီ မထောင်ဘဲနဲ့ သူ့ကို ဝိုင်းရံပေးထားတယ်ဆိုတော့ ၈၈ ရဲ့အားရော NLD ရဲ့ မူလအားရော နှစ်ခုစလုံးကို သူရတယ်။ အဲ့ဒါကြောင့် ပြည်သူတွေ ထောက်ခံပေးလိုက်တော့ တိုင်းရင်းသားနယ်တွေမှာလည်း ပြည်ခိုင်ဖြိုးခေတ်ကလိုပေါ့။ အပြောင်ရှင်း၊ အပြတ်ရှင်းခံလိုက်ရတာပဲ။

မေး – ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားပါတီက အများစုရတယ် မဟုတ်လား။

ဖြေ – အဲ့ဒါကြောင့် ရခိုင်ပါတီက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရွေးမယ်၊ ဝန်ကြီးချုပ်ရွေးမယ်လို့ ပြောနေတာပေါ့။ သူတို့လိုချင်တဲ့ဆန္ဒ သူတို့ဖော်ပြတာပဲလေ။ ဒါပေမယ့် သမ္မတကို ပြည်နယ်ဝန်ကြီးချုပ်ရွေးဖို့ (အခြေခံဥပဒေက) လုပ်ပိုင်ခွင့် ပေးထားတာကိုး။  

မေး – ဥပဒေအရတော့ ရွေးလို့ရတာပေါ့။ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ဘယ်လိုလုပ်သင့်တယ် ထင်လဲ။

ဖြေ – ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က ကျွန်တော်တို့ကို နိုင်ငံရေးအရ စကားပြော ဆွေးနွေးမယ် ဆိုရင်တော့ ကျွန်တော်တို့က ပြောမှာပေါ့။ ဒီအပြောင်းအလဲကို NLD က လုပ်ပိုင်ခွင့်ရှိတော့ သူက ဦးဆောင်ပြီး ပြောင်းလဲသွားမယ်။ ရှမ်းပြည်နယ်မှာ ရှမ်းမဟုတ်တဲ့ဗမာကို ဝန်ကြီးချုပ်ပေးထားတာပဲ။ တိုင်းရင်းသားတွေ ဘယ်လိုခံစားရမလဲ။ ပစ္စည်းတစ်ခုက ကိုယ်မဆုံးရှုံး၊ မနစ်နာဖူးရင် ဒီပစ္စည်းရဲ့ တန်ဖိုးကိုသိဖို့က တကယ်ဆုံးရှုံးသွားခဲ့သူလောက် မခံစားရဘူးလေ။ ရခိုင်တိုင်းရင်းသားတွေလည်း ဒီလိုခံစားကြရပါတယ်။ ဒါပေမယ့် ခံစားချက်တွေကို ဖော်ပြတဲ့နည်းလမ်းတွေ လိုတာပေါ့လေ။ အမြင်ကောင်းအောင် ဖော်ပြတဲ့နည်းလမ်း ရှိသလို ဒီလိုပြောဖို့မလိုပါဘူးကွာဆိုပြီး သဘောမကျနိုင်တဲ့နည်းလမ်းတွေလည်းရှိတာပေါ့။ အဲ့ဒီလိုရင်ဆိုင်ရတယ် ဆိုတာ သူတို့ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ တိုင်းရင်းသားဒေသရဲ့နိုင်ငံရေးအင်အားစု၊ လူမှုအဖွဲ့အစည်း တွေက  တုံ့ပြန်ကြတာပေါ့။  မြန်မာပြည်မှာ ပြည်သူတွေတစ်ရပ်လုံး တောင်ပြိုကမ်းပြို ထောက်ခံတာကြောင့် ဒီအပြောင်းအလဲကို သူဦးဆောင်ခွင့်ရတယ်။ အာဏာလွှဲပြောင်းယူခွင့်ရတယ်။ ကမ္ဘာကလည်း ဒီဟာကို အားပေး နေကြတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့က မထိတထိလေး ပြောလိုက်တဲ့အနေအထားမျိုးတွေ ကြုံတဲ့အခါ မြင်ရတဲ့ မြင်ကွင်းက သူများအပြောအဆိုမလွတ်ဘူးပေါ့။  

မေး – ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ် အမည် တင်သွင်းတော့ ရခိုင်အမျိုးသားပါတီအမတ်တွေ ထပြန်သွားကြတယ်။ အဲဒါကို ဘယ်လိုမြင်သလဲ။

ဖြေ – လွှတ်တော်မှာ ဦးညီပုကို (ပြည်နယ်အစိုးရဝန်ကြီးချုပ်အဖြစ် အဆိုပြုတာ) မကြိုက်ရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ခံစားချက်တွေထက် ဥပဒေနည်းလမ်းအရ စဉ်းစားပြီးတော့ လုပ်တာ ပိုသင့်တော်တယ်။ အခြေခံဥပဒေအရ ဝန်ကြီးချုပ်မဖြစ်ထိုက်ရင် မဖြစ်ထိုက်ဘူးပြောရမယ်၊ မကြိုက်ဘူးလို့ ပြောရုံနဲ့ မလုံလောက်ဘူး။ ခံစားချက်တွေသက်သက်နဲ့ပြောလိုက်ရင် လူမြင်လို့မကောင်းဘူး။ ဒီလိုနည်းလမ်းကတော့ ကျွန်တော် သဘောမကျဘူး။  

မေး – အကဲဆတ်တဲ့ ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးညီပုအနေနဲ့ ဘယ်လောက် ဦးဆောင်နိုင်မယ်လို့ ထင်လဲ။

ဖြေ – တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ပါတီရဲ့ လမ်းညွှန်ချက်ရှိမှာပေါ့။  သူနိုင်နိုင်နင်းနင်း မထမ်းဆောင်နိုင်ရင် ရခိုင်ပြည်နယ်လွှတ်တော်က ဥပဒေနဲ့အညီ ပြောကြမှာပေါ့။

မေး – ရခိုင်အမျိုးသားပါတီက အင်အားစုနှစ်ခု ပေါင်းပြီးမှ အခုနောက်ပိုင်းမှာ ပြဿနာတချို့တက်ခဲ့တဲ့အတွက် ပါတီရဲ့ညီညွတ်မှု ပြိုကွဲနိုင်တယ်လို့ သုံးသပ်ကြတာတွေလည်း ရှိတယ်။ ပါတီကိစ္စကိုပဲ အာရုံစိုက်နေရတဲ့အတွက် ပြည်နယ်တိုးတက်ဖို့က နောက်ဘက်ရောက်သွားတယ်လို့ ထင်လား။

ဖြေ – ပါတီကိစ္စကို အာရုံစိုက်သလား၊ ပြည်တိုးတက်ရေးနောက်ဘက်ရောက်သလားဆိုတာ ပါတီခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ ပါတီတွင်းမှာ ညှိနှိုင်းမှုတွေ လုပ်ရမယ်။ ကိုယ့်ရခိုင်အချင်းချင်း ညှိနှိုင်း ဆောင်ရွက်တာကိုတောင် မရနိုင်တဲ့သူ၊ မရတတ်တဲ့သူ၊ မရအောင် ပိတ်ပင်ထားတဲ့သူဆိုရင်  ပြည်ထောင်စု တည်ဆောက်တာမှာ ပါဝင်ပူးပေါင်းဖို့၊ တိုင်းရင်းသားတွေ လိုချင်တဲ့ အာဏာခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးတို့ကို သွားဖို့က အခက်အခဲတွေ ရှိနိုင်တာပေါ့။   

မေး – ရခိုင်လိုမျိုးအဆင်းရဲဆုံးပြည်နယ်တစ်ခု တိုးတက်အောင် ဘာတွေလုပ်ဖို့လိုမလဲ။

ဖြေ –   ရခိုင်မှာ လုပ်နေတဲ့ ဓာတ်ငွေ့ကိစ္စတွေကတော့ ရခိုင်ပြည်နယ်တိုးတက်ဖို့ မပါပါဘူး၊ အာဏာရှင်ကြီးတွေ လုပ်ထားတဲ့ဟာပဲ။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုတာလည်း အရင်လက်ထက်ကတည်းကပဲ။ အခု ဒီမိုကရေစီအစိုးရတက်လာတဲ့အခါ ဒါတွေကို ပြင်ဆင်တာတွေ၊ ညှိနှိုင်းတာတွေ၊ ပြောင်းလဲတာတွေ လုပ်ရမှာပေါ့။ အခုက ရခိုင်တွေ တိုးတက်ရေးအတွက် မဟုတ်ဘဲ ပြည်ထောင်စုအစိုးရပဲ ပိုက်ဆံရနေတာ။ ရခိုင်ပြည်နယ်မှာ ခေတ်မီလယ်ယာလုပ်ငန်းတွေမရှိဘူး၊ ခေတ်မီဖို့ စက်ယန္တရားတွေလိုတယ်။ မြေနိမ့်ပိုင်းဒေသက  လက်နဲ့လုပ်ထားတဲ့ တာတမံတွေဟာ ဒီရေအင်မတန်ကြီးတဲ့အချိန်တွေဆို အရင်ကလောက် မခံနိုင်ကြတော့ဘူး။ တာတမံတွေ ပေါက်တယ်၊ ကျိုးတယ်။ လယ်တွေလျော့သွားတယ်။ ယန္တရားတွေနဲ့လုပ်ပေးဖို့လိုတယ်။ ဒါတွေကို ရခိုင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘူး။ ပြည်ထောင်စုအစိုးရက ဒါတွေကို ဦးစားပေးပြီး ရခိုင်ဒေသအတွက် လုပ်ပေးမယ်ဆိုရင် လယ်ယာလုပ်ငန်းခွင်တွေ ပေါလာမှာပေါ့။ ဒီဒေသမှာ စက်ရုံအလုပ်ရုံတွေ ထူထောင်ပေးနိုင်ရင်တော့ ရခိုင်ပြင်ပရောက်နေတဲ့ ရခိုင်သားတွေ ရခိုင်ဒေသကိုပြန်အခြေချလာနိုင်တာပေါ့။ အခုက ရွာတွေမှာ အရွယ်ရောက်တဲ့ယောက်ျားတွေ တော်တော်လေး နည်းနေပြီ။ တချို့ရွာတွေမှာ အသုဘတောင်မှ အမျိုးသမီးတွေ ထမ်းပြီးချနေရပြီ။ ဒါတွေက ပြည်ထောင်စုအစိုးရပေါ်မှာ မှီတည်နေတာပဲ။ ပြည်နယ်အစိုးရမှာ ဘာမှလုပ်ပိုင်ခွင့်မှမရှိတာ၊ ဒီ လုပ်ပိုင်ခွင့်မရှိတဲ့ အာဏာကိုလုနေကြတာ၊ ပြည်နယ် ဝန်ကြီးချုပ် ဘာအာဏာမှမရှိဘူး။ တစ်ခုရှိတာက ပြည်နယ်ကို ပိုက်ဆံတွေပေးလိုက်တာကို လုပ်ငန်းတွေလုပ်ဖို့ တင်ဒါတွေ။ အရင်တုန်းက ဝန်ကြီးချုပ်ကတော်ဆီသွားတယ်၊ အိမ်နောက်ပေါက်ကဝင်တယ်။ အဲ့ဒီလိုအခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်။ အဲ့ဒီအခွင့်အရေးတွေ မက်မောပြီး လုပ်နေသလားလို့ အပြောအဆိုခံရတာလည်း ရှိတယ်လေ။ NLD အစိုးရကတော့ လာဘ်ပေးလာဘ်ယူကိစ္စတွေ တတ်နိုင်သလောက် အကင်းရှင်းဆုံးဖြစ်အောင် ကြိုးစားမယ်ထင်တယ်။

မေး – ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီကို မရတဲ့အတွက် အတိုက်အခံအဖြစ်ပဲနေမယ်။ အစိုးရအဖွဲ့ထဲပါတဲ့သူတွေကိုလည်း ပါတီက ထုတ်မယ့်အပြင် လျော်ကြေးပေးရမယ်ဆိုပြီး ခံဝန်လက်မှတ်တွေတောင် ထိုးခိုင်းနေတယ်လို့ သိရတယ်။ ဒါကို ဘယ်လိုယူဆပါသလဲ။

ဖြေ – ဝန်ကြီးချုပ်မရရင် အစိုးရအဖွဲ့မှာမပါဘူးလို့ ကြေညာချက်ထုတ်တော့ ကျွန်တော်က ပြောလိုက်တယ်။ ဝန်ကြီးချုပ်လုပ်ချင်၊ လွှတ်တော်ဥက္ကဋ္ဌလုပ်ချင်တယ်ဆိုတာ ဟုတ်တယ်၊ ဒီအထိ ကျွန်တော်လက်ခံ တယ်၊ မရရင်ဘာဆိုတဲ့ဟာကတော့ လက်တွေ့မကျဘူး၊ အဲ့ဒီလိုကြေညာချက်တွေ ဘာလို့ထုတ်လဲလို့ ပြောလိုက်တယ်။ ဒီအပြောင်းအလဲကြီးမှာ ကျွန်တော်တို့ ပါရမှာပေါ့။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ သူတို့လုပ်ချင်တာလုပ်ကြပါ။ ကိစ္စမရှိဘူး။ ရခိုင်အစိုးရ၊ ရခိုင်လွှတ်တော်မှာ ရန်ဖြစ်နေ၊ ကိုယ့်ရခိုင်အချင်းချင်းဖြစ်တာ ဘာမှမဖြစ်ဘူး။ ပြည်ထောင်စုရဲ့ အပြောင်းအရွေ့တွေ၊ ဒီမိုကရေစီကူးပြောင်းမှုတွေမှာ ကျွန်တော်တို့ ပါခွင့်ရထားလျက်နဲ့ မပါဘဲနေရင် ကျွန်တော်တို့ဘာဖြစ်မလဲ။ ဒီမိုကရေစီ အကူးအပြောင်းကို ကျွန်တော်တို့ မကြိုက်သလို ဖြစ်နေမှာပေါ့။ ကျွန်တော်တို့ကြိုက်တယ်၊ လိုလိုလားလားရှိတယ်။ ဒါကိုအလုပ်နဲ့ ပြရမှာပေါ့။ အခုခံဝန်ထိုးခိုင်းတာကိုတော့ ကျွန်တော် တိတိကျကျ မသိသေးဘူး။ ထိုးခိုင်းတာမှန်ရင် ထိုးချင်တဲ့သူလည်း ထိုးမှာပေါ့။ မထိုးတဲ့သူ ရှိချင်လည်းရှိမှာပေါ့။ အဲ့ဒီလို ဘာ့ကြောင့်လုပ်တယ်ဆိုတာကိုတော့ သူတို့ရှင်းလင်းချက်ထုတ်ရလိမ့်မယ်။  

မေး – ရက္ခိုင့်တပ်မတော် (AA) နဲ့ တိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်လို့ရော ဘယ်လိုထင်မြင်လဲခင်ဗျ။

ဖြေ – ကျောက်တော်နဲ့ ပလက်ဝမှာ တပ်မတော်ဘက်ကတော့ တော်တော်များများ ကျသွားတယ်။ အဲ့ဒီအပေါ်မှာ တပ်မတော်ဘက်ကလည်း ထိခိုက်တာနဲ့ ပတ်သက်ပြီး ခံစားမှုတွေဖြစ်မှာပေါ့။ (သူပုန်အဖွဲ့) ဒီလိုရောက်လာတဲ့ဟာ ဒေသခံတွေနဲ့ တစ်စုံတစ်ရာ အဆက်အသွယ်ရှိတယ် ဆိုပြီး ဒေသခံတွေကို ဖမ်းဆီးအရေးယူတယ်။ တပ်မတော်ဘက်ကတော့ သူတို့နိုင်အောင် လုပ်တဲ့အတွက် သူတို့ လုပ်တဲ့လမ်းကို မှန်တယ်လို့ပြောမှာပေါ့။ ဒေသခံတွေကလည်း သူတို့ကိုထိခိုက်အောင်လုပ်တဲ့သူကို နာကြည်းမှာပဲ။ နာကြည်းမှုမရှိအောင်လုပ်ဖို့ လိုအပ်တယ်ဆိုတာ သိရမှာ။ AA က ကျွန်တော်တို့နဲ့ နိုင်ငံရေးလမ်းကြောင်း မတူပါဘူး။   ကျွန်တော်တို့က ပါလီမန်ထဲမှာ တိုက်ပွဲဝင်နေတာပဲ။ တိုက်ပွဲမှာ ထိခိုက်လို့  လက်စားချေရင်တော့ ဘယ်တော့မှ မကျေဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်မတော်ကို နိုင်မယ်ထင်လို့ တိုက်နေတာမဟုတ်ဘူး၊ မကျေနပ်လို့ တိုက်နေတာ။ တိုင်းရင်းသားအားလုံး နိုင်ငံရေး၊ စီးပွားရေး တန်းတူရည်တူမရှိတဲ့အတွက်ကြောင့် ရန်ဖြစ်နေရတာ။ အဲ့ဒါကိုမှန်အောင်၊ မျှတအောင် လုပ်ရမှာ။ အခု ဒေါ်အောင်ဆန်းစုကြည်မှာ ပိုတာဝန်ရှိလာတာပေါ့။      ။

Show More

Related Articles

Back to top button