
ရန်ကုန် – အများပြည်သူနှင့် သက်ဆိုင်သည့် နေရာ အများအပြားကို အစိုးရက ကျူးကျော်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။
ဦးနေမျိုးကျော်သည် နိုင်ငံရေးအကျဉ်းသားဟောင်း ဘလော်ဂါ နေဘုန်းလတ်အဖြစ် ပိုမို လူသိများသူဖြစ်သည်။
မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် ဦးနေမျိုးကျော်က ယာဉ်ကြောပိတ်ဆို့မှု၊ ကျူးကျော်ရပ်ကွက်၊ လမ်းဘေးဈေးသည်၊ ရန်ကုန်လူထု၏ လူနေမှုဘဝများအကြောင်း ပြောပြထားသည်။
မေး – လွှတ်တော်မှာ ပထမဆုံးရတဲ့ အတွေ့အကြုံတွေက ဘာတွေ ဖြစ်မလဲ။
ဖြေ – လွှတ်တော်တက်ပြီး သိပ်မကြာခင်မှာပဲ ပထမဆုံး လုပ်ရတဲ့အလုပ်က ပြီးခဲ့တဲ့အစိုးရက ရေးဆွဲခဲ့တဲ့ ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာငွေ ရသုံးမှန်းခြေ ဥပဒေ စိစစ်ရတဲ့ကိစ္စပဲ။ နောက်နှစ်အတွက် သုံးမယ့်ဟာကိုလည်း စိစစ်ပြီး အတည်ပြုရတယ်။ အဲဒီမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးကြီးတယ်ဆိုတာ သဘောပေါက်သွားတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ်ဖို့လိုတယ်။ အစိုးရက အခွန်တွေကောက်တယ်၊ ပိုက်ဆံတွေရှိတယ်။ အဲဒါကို ဘယ်မှာသုံးမလဲကို လွှတ်တော်က စိစစ်အတည်ပြုပေးမှသာလျှင် အစိုးရက သုံးလို့ရတဲ့ အနေအထားမျိုး။ ဘဏ္ဍာငွေ အများကြီးသုံးထားတဲ့ ခုံးကျော်တံတား ၂ ခု စီမံကိန်းကို ဖျက်ပြီးတော့ ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပက ကျေးလက်တွေဖွံ့ဖြိုးရေးမှာ သုံးဖို့ကို ပြင်လိုက်နိုင်တယ်။
မေး – ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာငွေ ရသုံးမှန်းခြေကိုရော စိစစ်မှုတွေလုပ်ဖြစ်သလား။ ထူးခြားတာ ဘာများတွေ့မိသေးလဲ။
ဖြေ – လုပ်ခဲ့ပါတယ်။ အဲဒီမှာ ဘတ်ဂျက်တွေ ယူထားပြီးတော့ မသုံးထားတာတွေလည်း တွေ့ရတယ်။ ပြဿနာက အခုတက်လာတဲ့သူတွေက ဝန်ကြီးအသစ်တွေဆိုတော့ လာမယ့်နှစ်ဟာကိုပဲ တာဝန်ယူတယ်။ ဆင်းသွားတဲ့ ဝန်ကြီးတွေကလည်း တာဝန်မယူခဲ့ဘူး။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြရုံသာ လုပ်နိုင်ခဲ့ပြီးတော့ မှတ်တမ်းအနေနဲ့ပဲ အဖတ်တင်တဲ့သဘောမျိုး ဖြစ်နေတယ်။ တာဝန်ခံပြီး ဖြေရှင်းမယ့်သူ ဘယ်သူမှမရှိဘူး။ ငွေကြေးကွာဟမှုတွေ ရှိနေတယ်။
မေး – တိုင်းဒေသကြီးလွှတ်တော်က ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိတယ်လို့ ယူဆလဲ။
ဖြေ – ဒီနှစ်ဘတ်ဂျက်က အရင်အစိုးရက ရေးဆွဲပြီးသား။ ဒါကို လွှတ်တော်အနေနဲ့ လုပ်ပိုင်ခွင့်ရှိတာက ဘဏ္ဍာငွေ ရသုံးမှန်းခြေကို သဘောတူရင် အတည်ပြုလိုက်လို့ရတယ်။ တချို့ဟာတွေတော့ မလိုအပ်ဘူးဆိုပြီး ငြင်းပယ်လိုက်လို့ရတယ်။ တချို့ ပိုက်ဆံပိုတင်ထားတဲ့ဟာတွေကို လျှော့ပြီး ခွင့်ပြုလို့ရတယ်။ အဓိကလုပ်ရတာကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ထိန်းကျောင်းရတာပေါ့။ နည်းလမ်းအနေနဲ့က အဆိုတင်တာ၊ အစိုးရဌာနကလုပ်နေတာ မလျော်ကန်လာရင် မေးခွန်းထုတ်တာ၊ နောက်ဆုံးအဆင့်က ဥပဒေပြုလို့ရတာပေါ့။ ဥပဒေပြုတာမှာ ရှိရင်းစွဲ မလျော်ညီတဲ့ ဥပဒေကို ပယ်ဖျက်၊ လိုအပ်ရင် ပြင်ဆင်ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်း။ နောက်တစ်ခုရှိသေးတာက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာပေါ့။ လွှတ်တော်နဲ့အစိုးရက ရန်သူ မဟုတ်ဘူးလေ။ အမြဲတမ်း သံသယနဲ့စောင့်ကြည့်ပြီး အပြစ်ပြောနေဖို့ မဟုတ်ဘူး။
မေး – အရင်က လွှတ်တော်မှာ သတင်းမီဒီယာတွေ တင်ပြလိုက်တဲ့အပေါ်မှာပဲ မေးခွန်းထုတ်၊ အဆိုတွေတင်တာ အများအပြား တွေ့ရတယ်။ အစိုးရဆီကနေ သတင်း၊ အချက်အလက်ရဖို့ အင်မတန်ခက်ခဲပါတယ်။
ဖြေ – အဲဒီဟာက ဥပဒေအရကို တောင်းပိုင်ခွင့်ရှိတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်ဆိုတာမျိုးတွေက လွဲလို့ပေါ့။ မီဒီယာကို အားကိုးနေရတယ်ဆိုကတည်းက မဟုတ်ဘူး။ လွှတ်တော်က မီဒီယာထက် အဆင့်တစ်ဆင့် ပိုမြင့်တယ်၊ လွှတ်တော်နဲ့ အစိုးရဆိုတာ ဟိုဘက်ဒီဘက် တောက်လျှောက်မြင်နေရမယ်လေ။ အချက်အလက်တွေကို တောင်းခွင့်က ရှိပြီးသား။ မပေးရင်လည်း ဥပဒေနဲ့ပဲ ပြန်ကိုင်တွယ်ရမှာပဲ။ လွှတ်တော်နဲ့အစိုးရကြားမှာ အချက်အလက်တွေ လွယ်လွယ်ကူကူ ဖြတ်သန်း စီးဆင်းနိုင်တဲ့ လမ်းကြောင်းတွေလိုသလို လွှတ်တော်နဲ့ မီဒီယာ၊ မီဒီယာနဲ့ အစိုးရကြားမှာလည်း လွယ်လွယ်နဲ့ မြန်မြန် ဖြတ်သန်းစီးနိုင်တဲ့ လမ်းကြောင်းတွေ လိုပါတယ်။ ကောလာဟလတွေ၊ မခိုင်မာတဲ့ အချက်အလက်တွေနဲ့ဆို နှစ်ဖက်စလုံးအတွက် မကောင်းတဲ့ရလဒ်တွေပဲ ရမှာ။ အရာရာကို ကန့်သတ်၊ လျှို့ဝှက်လုပ်လို့မရဘူး။
မေး – ဆန္ဒပြမှု၊ ကျူးကျော်နေထိုင်မှုတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖြေရှင်းတဲ့အခါ လွှတ်တော်က အစိုးရကို မေးခွန်းထုတ်တာ အားနည်းခဲ့တယ်။ အစိုးရသစ်လက်ထက် ဒီပြဿနာမျိုးတွေ ထပ်ဖြစ်ရင် ဘယ်လို တုံ့ပြန်မလဲ။
ဖြေ – အဲဒီလို ကိုင်တွယ်မှုမျိုးတွေ ရှိလာရင်တော့ ပြင်းပြင်းထန်ထန် ဝေဖန်မှာပါ။ နေစရာမရှိလို့ ကျူးကျော်တာလား၊ နေစရာရှိလျက်သားနဲ့ ကျူးကျော်တဲ့ကိစ္စကိုပဲ စီးပွားဖြစ်လုပ်နေတာလား၊ ဒါကိုခွဲခြားဖို့တော့လိုတယ်။ တကယ်နေစရာမရှိတဲ့လူတွေဆို တန်ဖိုးနည်းအိမ်ရာလိုမျိုးနဲ့ တစ်မျိုးစဉ်းစားရမယ်။ ပြည်သူတွေ နေစရာအိမ်မရှိဘူးဆိုရင် အစိုးရညံ့လို့ပဲ။ နေစရာမရှိတဲ့သူတွေကို ဘူဒိုဇာနဲ့ထိုးပြီး သွားချင်တဲ့နေရာသွားနေဆိုတဲ့ ဖြေရှင်းမှုမျိုးမဟုတ်ဘဲနဲ့ နေစရာရှိအောင် ဘယ်လိုစီမံဖန်တီးမလဲဆိုတာ စဉ်းစားဖို့ လွှတ်တော်ကလည်း တိုက်တွန်းမယ်။ ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းတဲ့ကိစ္စတွေကလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ထဲ ဝင်သွားတဲ့သူတွေ တော်တော်များများက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ များပါတယ်။ အရင်အစိုးရလက်ထက်ကလို အကြမ်းဖက်နှိမ်နင်းတာမျိုးတွေ မရှိသလောက် နည်းသွားမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
မေး – မိကျောင်းကန်ဒေသ မြေပိုင်ဆိုင်မှုပြဿနာလိုမျိုး ရန်ကုန်မှာ မပြီးပြတ်သေးတဲ့ မြေယာ အငြင်းပွားမှုကို အစိုးရသစ်က ဘယ်လိုဆောင်ရွက်သင့်တယ်လို့ ထင်လဲ။
ဖြေ – ပါဝင်ပတ်သက်သူအားလုံးဆီကနေ အကြံဉာဏ်တွေ တောင်းခံမယ်၊ အချက်အလက်တွေစုမယ်၊ ဒါတွေပေါ်အခြေခံပြီး ဘယ်သူမှ မထိခိုက်မနစ်နာတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ထိခိုက်နစ်နာမှု နည်းမယ်။ ဒါပေမဲ့ တချို့အမှန်တရားတွေက ခါးသီးတတ်တယ်။ နှစ်ဖက်အဆင်ပြေမယ့် ကြားလမ်းကြောင်းတစ်ခုကို ရှာတဲ့အခါမှာ ကိုယ်လိုချင်သလောက် မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီမှာ လူ ၁ဝဝ လုံးကို ၁ဝဝ ရာခိုင်နှုန်း ပျော်ရွှင်စေတယ်ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ဒီလိုမျိုးကိစ္စတွေမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု၊ သည်းခံမှုတွေ ပျိုးထောင်ဖို့တော့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောနေကြတာနဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုအသစ် မပေါ်ထွန်းတော့ဘဲ ဟိုးအရင်ရှိနေတဲ့ ယဉ်ကျေးမှု အဟောင်းတွေကိုပဲ ပြန်ရောက်သွားနိုင်ပါတယ်။
မေး – ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ပြီးခဲ့တဲ့အစိုးရက ခုံးကျော်တံတားတွေနဲ့ ဖြေရှင်းတယ်။
ဖြေ – ဌာနတစ်ခုတည်းက အဖြေရှာလို့ ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး။ အခုဖြေရှင်းနေတာက ဆောက်လုပ်ရေးကပဲ ခုံးကျော်တံတားတွေနဲ့ ဖြေရှင်းနေသလိုပဲ။ ဒီဟာကို ပြေလည်ဖို့ဆိုရင် ဆက်စပ်ပတ်သက်နေတဲ့ ဌာနပေါင်းစုံက စုဝေးညှိနှိုင်းပြီးတော့ စီမံကိန်းအကြီးကြီး ချရမယ်။ စည်ပင်ကလည်း လမ်းဘေးဈေးသည်နဲ့ ကားရပ်နားရေးကို ဘယ်လိုစီမံမလဲ၊ လိုအပ်တဲ့လမ်းတွေကို ဘယ်လိုချဲ့မလဲ။ လျှပ်စစ်ဌာနနဲ့လည်း ဆက်စပ်နေတယ်၊ အခုပဲကြည့်၊ လမ်းတွေတော့ ဖောက်သွား၊ ချဲ့သွားတယ်၊ ဓာတ်တိုင်ကြီးတွေက လမ်းအလယ်မှာ ကျန်နေခဲ့တယ်။ ပြီးခဲ့တဲ့ကာလက ဌာနတစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆောင်ရွက်မှု အားနည်းတဲ့အခါ အကောင်းဆုံးဖြစ်အောင် ဖန်တီးသွားခဲ့တဲ့ စီမံကိန်းမျိုး မတွေ့ရဘူး။ ဆောက်လုပ်ရေးကလည်း သူမှန်မယ်ထင်တာ လုပ်ချလိုက်တာပဲ။ စည်ပင်ကလည်း သူမှန်တယ်ထင်တာ လုပ်ချလိုက်တာပဲ။
မေး – ဦးနေမျိုးကျော်ရဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ အရေးတကြီး ဖြေရှင်းသင့်တဲ့ကိစ္စတွေ ရှိသလား။
ဖြေ – ကျွန်တော့်နယ်မှာ ကျူးကျော်ကိစ္စနဲ့ပဲ ဆက်စပ်ပြီး ပြောချင်ပါတယ်။ ကျူးကျော်လို့ ပြောရင် ပြည်သူတွေက ကျူးကျော်တယ်လို့ပဲ မျက်စိထဲတန်းမြင်ကြတယ်။ ဒါပေမဲ့ လက်တွေ့ကွင်းဆင်းကြည့်တဲ့အခါမှာ ပြည်သူတွေ ပိုင်တဲ့နေရာကို အစိုးရဌာနတွေက ကျူးကျော်ထားတာ အများကြီးပဲ။ ပြည်သူပိုင်တဲ့ ပန်းခြံကို စည်ပင်က မြေကွက်ချပြီး ရောင်းပစ်တယ်၊ ပြည်သူပိုင်တဲ့မြေနေရာကို ပါတီကြီးတစ်ခုက ပါတီရုံးကြီး ဝင်ဆောက်ထားတာ၊ ကျွန်တော်တို့ကို တချို့ရပ်ကွက်တွေက ကလေးတွေအတွက် ကစားကွင်းဆောက်ပေးပါလို့ တောင်းဆိုတာ၊ အကွက်ချပြီး ရောင်းခံလိုက်ရတဲ့ ဘောလုံးကွင်းလေး ပြန်ရအောင် လုပ်ပေးပါဆိုတာမျိုးတွေ၊ ကျွန်တော်လည်း ပြင်ဆင်နေပါတယ်၊ အစိုးရက ပြည် သူတွေဆီကနေ ကျူးကျော်ထားတာကို ဘယ်လိုပြန်တာဝန်ယူ ဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းမျိုးတွေကို ကျွန်တော်မေးချင်ပါတယ်။ ပြည်သူက ကျူးကျော်တာကို ဘူဒိုဇာတွေက (ရှင်းလင်းဖယ်ရှားဖို့) ရောက်လာပြီး အစိုးရ ကျူးကျော်ထားတဲ့ကိစ္စတွေကျတော့ မသိချင်ယောင်ဆောင်နေတာတွေ အများကြီးပါ။
မေး – တိုင်းလွှတ်တော်ရဲ့ လူမှုရေးကော်မတီထဲမှာ ဦးနေမျိုးကျော် တာဝန်ယူထားပြီဆိုတော့ ရန်ကုန် လမ်းဘေးဈေးသည်တွေကိစ္စရော ဘယ်လိုလုပ်မလဲ။
ဖြေ ဘယ်ကိစ္စပဲလုပ်လုပ် တစ်ဖက်သတ် စဉ်းစားလို့ မရဘူး။ လမ်းဘေးဈေးသည်တွေ ပလက်ဖောင်းပေါ် တက်ရောင်းတယ်၊ လူတွေက ကားလမ်းပေါ်လျှောက်ရတယ်၊ ကားတိုက်မှုတွေ၊ ကားပိတ်မှုတွေဖြစ်တယ်၊ ကားပါကင်တွေ နေရာမရှိတော့ဘူး။ လမ်းဘေးဈေးသည်တွေကိုမရောင်းနဲ့တော့လို့ ဆိုရင်လည်း သူတို့ရဲ့ ဘဝရပ်တည်မှုက ရှိပြန်ရော။ နည်းလမ်းတစ်ခုခု ရှာလိုက်ပြန်တော့လည်း လမ်းဘေးဈေးသည်တွေအနေနဲ့ သူတို့ လိုချင်သလောက် ရချင်မှရတော့မယ်၊ အရင်ကလောက် ရောင်းကောင်းချင်မှ ရောင်းကောင်းတော့မယ်။ ဒါတွေကို လူထု နားလည်လက်ခံလာအောင်လည်း အသိပညာမြှင့်တင်မှုတွေ လုပ်သင့်တယ်ထင်တယ်။ နစ်နာလွန်းရင်တော့ လူထုက ခံမှာမဟုတ်ဘူး။
မေး – ရန်ကုန်မှာ အစိုးရက ဘယ်ကိစ္စတွေကို မဖြစ်မနေဆောင်ရွက်ဖို့လိုသလဲ။
ဖြေ – လုပ်ဖို့လိုတာတော့ အများကြီးပါ။ အစိုးရကို တိုင်းတာတဲ့အခါမှာ ရိုးရိုးလေးပြောရရင် ပြည်သူလူထု နေပျော်ရမယ်၊ သေပျော်ရမယ်။ အင်အားရှိသလောက် အလုပ်လုပ်မယ်၊ လုပ်လို့ရတဲ့လုပ်ခလေးနဲ့ ခါးလှအောင်ဝတ်မယ်၊ ဝမ်းဝအောင်စားနိုင်မယ်၊ နေထိုင်စရာတစ်နေရာရှိမယ်၊ ဒါဆို ကျွန်တော်တို့ နေပျော်တယ်။ ပြည်သူလူထု နေပျော်အောင် ဖန်တီးပေးဖို့က အစိုးရမှာ တာဝန်ရှိတယ်။ မိသားစုတစ်ခုက ခါးလှအောင်ဆင်တာ၊ ဝမ်းဝအောင်စားတာ၊ နေစရာနေရာတို့အပြင် စုဆောင်းငွေတို့၊ ဘဝနောင်ရေးတို့ဆိုတာ ရှိတယ်။ ပြည်သူလူထု မနေပျော်သေးဘူး ဆိုရင်တော့ အစိုးရ မကောင်းသေးဘူး၊ ညံ့နေသေးတယ်။
အခု အစိုးရသစ်ကို ရရုံနဲ့ မပြီးပါဘူး၊ အစိုးရကောင်းဖြစ်ဖို့လိုသေးတယ်၊ အစိုးရကောင်းဖြစ်အောင် ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ရမယ်၊ လိုအပ်ရင် တွန်းအားပေးရမယ်။ အစိုးရကောင်းနေရုံနဲ့လည်း မပြီးဘူး၊ ပြည်သူကောင်းဖို့လည်း လိုတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို လိုချင်ရင် ပြည်သူဘက်ကလည်း ကောင်းမွန်တဲ့ နိုင်ငံသားဖြစ်ဖို့ ပြင်သင့်တာကိုပြင်ပြီး ညီညီညွတ်ညွတ်နဲ့ ပြောင်းလဲနိုင်ရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အများကြီး အဆင်ပြေလာမှာပါ။ ။