
ရန်ကုန် – တပ်မတော်အပါအဝင် အစိုးရဌာနဆိုင်ရာအရာရှိကြီးများက သတင်းမီဒီယာအပေါ် အမြင်ပြောင်းလဲနိုင်ခြင်းမရှိသေးကြောင်း ထင်ရှားသည့် သတင်းစာဆရာတစ်ဦးဖြစ်သည့် ရဲနိုင်မိုးက ဝေဖန်လိုက်သည်။ 7DAY သတင်းစာတွင် “စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်းတိုက်တွန်း” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော သတင်းကြောင့် တပ်မတော်က 7DAY ကို အမှုဖွင့်သည်အထိ တုံ့ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိုသို့ ဝေဖန်လိုက်ခြင်း ဖြစ်သည်။
Yangon Journalism School အမည်ရှိ စာနယ်ဇင်းသင်တန်းကျောင်းတည်ထောင်သူ သတင်းစာဆရာ ရဲနိုင်မိုးသည် 7DAY သတင်းစာ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။ အင်္ဂါနေ့က Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့် တွေ့ဆုံစဉ် သတင်းစာဆရာ ရဲနိုင်မိုးက 7DAY သတင်းစာ အမှုဖွင့်ခံရခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍ၊ သတင်းသမား၏ ရပ်တည်ချက်တို့အကြောင်း ပြောပြထားသည်။
မေး – တပ်မတော်က 7DAY သတင်းစာ အယ်ဒီတာချုပ်၊ သတင်းထောက်တို့ကို အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆပါသလဲ။
ဖြေ – တပ်မတော်က 7DAY ကို တရားစွဲတဲ့ကိစ္စဟာ တကယ်တော့ 7DAY တစ်ခုတည်းကို တရားစွဲတဲ့ အနက်အဓိပ္ပာယ်မဟုတ်ဘဲနဲ့ ဒီလိုပြောင်းလဲနေတဲ့အချိန်မှာတောင်မှ တပ်ကိုမထိနဲ့၊ မတို့နဲ့ဆိုတဲ့ အရင်အစိုးရအဆက်ဆက်က အယူအဆကိုပဲ ကိုင်တွယ်ထားနေတာကို ပြတယ်လို့ပဲ မြင်တယ်။ ဒီအပြောင်းအလဲမှာ တပ်ဟာ သူ့ရဲ့အခွင့်အရေးတွေနဲ့ သူ့ရဲ့ ရှိထားပြီးသား နေရာကို အဆုံးရှုံးခံမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြတာလို့ မြင်တယ်။
မေး – ဒီဖြစ်ရပ်မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကတစ်ဆင့် ညှိနှိုင်းရမယ့်အစား တိုက်ရိုက်အမှုဖွင့်လိုက်တာ တွေ့ရတယ်။
ဖြေ – ကောင်စီကို ဖွဲ့စည်းထားတာ၊ သတင်းမီဒီယာဥပဒေတွေကို ပြဋ္ဌာန်းထားတာကို တပ်ဘက်က မူအားဖြင့် လက်ခံတယ်ဆိုတာကို ဟန်ပြလုပ်နေတဲ့သဘော ဖြစ်နေတယ်။ ဥပမာ ကာကွယ်ရေးဦးစီးချုပ်က ကောင်စီကို ခေါ်တွေ့တာမျိုးပေါ့။ ဒါပေမဲ့ မကျေနပ်လို့ အရေးယူဆောင်ရွက်မယ်ဆိုတာကျတော့ ကောင်စီကို အသိမပေးဘူး၊ မီဒီယာဥပဒေမှာ အကြံဉာဏ်ပေးထားတဲ့ အဆင့်တွေကိုလည်း မလိုက်နာဘဲနဲ့ ချက်ချင်းတရားစွဲဆိုတဲ့ကိစ္စ ဖြစ်တဲ့အတွက် ဦးသိန်းစိန်အစိုးရ လက်ထက်က ပြုပြင်ပြောင်းလဲမှုတချို့ကိုရော NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုကိုရော မူအားဖြင့်သာ လက်ခံရာပြပြီးတော့ အတွင်းသဘောမှာ လက်ခံဘူးဆိုတဲ့ ပုံစံမျိုး တွေ့ရတယ်။ မီဒီယာဥပဒေကိုလည်း ကျင့်သုံးဖို့ သူတို့ပျက်ကွက်တယ်။
မေး – စာနယ်ဇင်းကောင်စီလို့ လူသိများတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ရော ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ။
ဖြေ – သတင်းမီဒီယာတွေက မှန်မှန်ကန်ကန်ရပ်တည်မယ်ဆိုရင်၊ သတင်းမီဒီယာတွေ အမြဲတမ်းမှန်တယ်လို့ပြောတာ မဟုတ်ဘူး၊ သတင်းမီဒီယာတွေက လွတ်လွတ်လပ်လပ် အမှီအခိုကင်းပြီးတော့ လုပ်နိုင်ခဲ့မယ်ဆိုရင်၊ စာနယ်ဇင်းကောင်စီအနေနဲ့ တကယ်ဖြစ်တဲ့ ပြဿနာတွေအပေါ်မှာ သက်ဆိုင်ရာ တပ်မတော်ဖြစ်ဖြစ်၊ ဝန်ကြီးဌာနဖြစ်ဖြစ် သူတို့ကို အသိအမှတ်မပြုဘဲနဲ့ တရားစွဲဆိုမှုတွေရှိသည့်တိုင် လျင်လျင်မြန်မြန်၊ ထက်ထက်မြက်မြက်နဲ့ ဝန်ဆောင်မှုပေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့တော့ သတင်းမီဒီယာတွေက ယုံကြည်လာမှာပဲလို့ ထင်တယ်။
မေး – သတင်းလောကမှာ ကောင်စီကို အလေးမထားကြတာမျိုး ဖြစ်လာနိုင်သလား။
ဖြေ – တကယ်လို့ သတင်းမီဒီယာအသိုင်းအဝိုင်းက ကောင်စီအပေါ်မှာ ယုံကြည်မှု၊ အားကိုးမှုသာ မရှိဘူးဆိုရင်တော့ ဒီကောင်စီဟာ ရှိသည့်တိုင် မရှိသလိုဖြစ်နေမှာပဲ။ စက္ကူပေါ်မှာ ရေးထားတဲ့ ကျားလိုပဲ ဖြစ်နေမယ်။ ဥပဒေမှာကိုက သူတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အခန်းကဏ္ဍကို ပေးထား၊ ပြဋ္ဌာန်းထားတယ်။ ဒါကိုမှ အစိုးရတို့၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတို့က သူတို့ကို အလေးမထားဘူးဆိုရင် ကောင်စီအနေနဲ့ တစ်ခုတည်းသောနည်းလမ်းက သတင်းမီဒီယာတွေနဲ့ လက်တွဲပြီးတော့ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ပဲ သူတို့ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်။ ဒါမှ သူတို့အခန်းကဏ္ဍကို ကာကွယ်နိုင်မယ်၊ တည်ဆောက်နိုင်မယ်။
မေး – မီဒီယာသမားတွေကို တရားစွဲတဲ့ဖြစ်စဉ်တိုင်းလိုလိုက ရာဇဝတ်နဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့ပဲ တရားစွဲနေကြတယ်။ မီဒီယာဥပဒေနဲ့ တရားစွဲတာကို မတွေ့ရသေးဘူး။
ဖြေ – မီဒီယာဥပဒေက အသက်ဝင်နေပေမယ့် ကျင့်သုံးတာ မရှိသေးဘူး။ ဒါဆိုရင် ဒီဥပဒေရှိနေတာ အလကားပဲလေ။ ဥပဒေထဲမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သတင်းမီဒီယာကို စကားပြောဖို့၊ သတင်းအချက်အလက်တွေကို ဘယ်လိုပေးပါတို့က ပြဋ္ဌာန်းပြီးသား။ ဒါကို မကျင့်သုံးရင်တော့ ဒီဥပဒေတွေ၊ လုပ်သင့်တဲ့ကိစ္စက လက်ရှိတက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ တပ်မတော်ကို ထိန်းချုပ်မှု၊ ဖိအားပေးမှု မလုပ်နိုင်ရင်တောင်မှ အခြားဝန်ကြီးဌာနတွေက သတင်းမီဒီယာက အချက်အလက်တောင်းရင် မပေးတာ၊ ဖုန်းမကိုင်တာ၊ စာမပြန်တာတွေ အများကြီးကို ဖိအားပေးသင့်တယ်။ လွှတ်တော်ကလည်း သူတို့အတည်ပြုထားတဲ့ ဥပဒေနဲ့ ပတ်သက်ရင် ဖိအားပေးဖို့ လိုမယ်ထင်တယ်။ သတင်းမီဒီယာတွေကလည်း အရင်လို သတင်းရင်းမြစ်တွေကို ဖုန်းဆက်သွယ်ရုံထက်မကပဲ မီဒီယာဥပဒေနဲ့ နည်းဥပဒေက ညွှန်ကြားထားတဲ့အတိုင်း စာတင်၊ အကြိမ်ကြိမ်တောင်းခံ၊ မရဘူးဆိုရင် သတင်းထဲမှာ ပြည်သူသိအောင် ဖော်ပြပေးရင်းနဲ့ ဖိအားပေးရမယ်။ ကျွန်တော်တို့ မီဒီယာသမားတွေကိုယ်တိုင်က မီဒီယာဥပဒေရဲ့ အကျိုးကို ခံစားချင်တယ်ဆိုရင် အဲ့ဒီမှာ ဖော်ပြထားတဲ့အတိုင်း ဆောင်ရွက်ဖို့တော့ လိုမယ်။ ဒီလိုလုပ်လို့မှ မရဘူးဆိုရင် ဥပဒေကို မလိုက်နာတာပဲဆိုပြီး စာနယ်ဇင်းကောင်စီကိုလည်း တစ်ခုခုတော့ ပြောသင့်တယ်။ နောက်ပြီး ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဦးဖေမြင့်ကနေတစ်ဆင့်လည်း ပြောသင့်တယ်။ ဒီလိုဖိအားပေးလို့ လိုချင်တာတွေ ရချင်မှရမယ်၊ ဒါပေမဲ့ ဖိအားကတော့ ပေးရမှာပဲ။
မေး – တပ်မတော်ဆိုတာလည်း အစိုးရအဖွဲ့ထဲမှာပါတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ မီဒီယာနဲ့ ဆက်ဆံရေးမှာ ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ယူဆလဲ။
ဖြေ – ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တခြားဝန်ကြီးဌာနအားလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မီဒီယာဆက်ဆံရေးသင်တန်းပေးတာမျိုး ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကနေ တာဝန်အရ ကိုယ်စားလှယ် တစ်ဦး၊ နှစ်ဦး လာတက်တယ်။ ဒါပေမဲ့ သူ့ရဲ့သတင်းထုတ်ပြန်တဲ့ပုံစံ၊ မီဒီယာနဲ့ဆက်ဆံတဲ့ပုံစံသည် အရပ်သားအစိုးရအဖွဲ့က ဖြစ်စေချင်တဲ့ပုံစံကို မသွားဘူး။ ဘာကိုပြလဲဆိုတော့ လူ့အဖွဲ့အစည်းထဲမှာ တပ်မတော်ဟာ နိုင်ငံထဲမှာကို သူက သီးခြားနိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ပြီးတော့ အစိုးရအဖွဲ့ထဲမှာပဲ သူက သီးခြားအစိုးရအဖွဲ့တစ်ခုဖြစ်နေတာကို မြင်နေရတယ်။
မေး – ဒါဆို အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးကဏ္ဍ အားလျော့သွားနိုင်သလား။
ဖြေ – တပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ ကိစ္စတွေမှာတော့ လက်ရှိအစိုးရမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရင်ဆိုင်ရမှာပဲ။ အစိုးရသစ်တက်လာပြီး လပိုင်းတွေကို ပြန်ကြည့်ရင် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပါးပါးနပ်နပ် ရှောင်တိမ်းဆက်ဆံနေတယ်ဆိုတာကို သွားတွေ့ရတယ်။ ရှေ့မှာ ရင်ဆိုင်လာရနိုင်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်မျိုးတွေ၊ အခု 7DAY မှာဖြစ်တဲ့ ကိစ္စရပ်ကို ကြည့်မယ်ဆိုရင်လည်း (အင်တာနက်) လူမှုကွန်ရက်တွေမှာရော၊ အပြင်မှာရော ပြောကြတာက အရပ်သားအစိုးရအဖွဲ့က ဘာလုပ်ပေးမလဲပေါ့။ အခု စေ့စပ်ပြေငြိမ်းသွားတယ်၊ စာနယ်ဇင်းကောင်စီက အထိုင်အလျောက် ဝင်ပါခဲ့လို့ ပြီးသွားတယ်ဆိုပေမယ့် တကယ်တမ်းသာ မပြီးဘဲ ဆက်သွားမယ်ဆိုရင် အရပ်သား အစိုးရအဖွဲ့က ဘာလုပ်နိုင်မလဲ၊ တရားစီရင်ရေးဘက်က ဘာလုပ်နိုင်မလဲဆိုတာ တော်တော် သံသယဖြစ်စရာရှိတယ်။
မေး – တပ်မတော်လို အင်မတန်အားကောင်းတဲ့ အဖွဲ့အစည်းက ဖိအားပေးတာဟာ တက်ကြွနေတဲ့ လူငယ်သတင်းထောက်တွေ လုပ်ကိုင်ချင်တဲ့စိတ်ကို ရိုက်ချိုးသလိုရော မဖြစ်သွားဘူးလား။
ဖြေ – ဒီလိုတရားစွဲဆိုတာက တပ်မတော်အရာရှိကြီးတွေအနေနဲ့ သတင်းမီဒီယာဆိုတာကို ပြဿနာရှာသူတွေအဖြစ် မပြောင်းလဲနိုင်တဲ့ သူတို့ရဲ့အမြင်ကို ထင်ဟပ်ပြတာပဲ။ ဒါဟာ အယူအဆပြဿနာပဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ဝန်းကျင်ကလည်း ကင်မရာကောက်ကိုင်တာနဲ့ လုံခြုံရေးတွေက ကောက်ဖမ်းဖို့ အဆင်သင့်ဖြစ်နေတယ်။ အဲ့ဒီပုံစံဟာ အသွင်သဏ္ဌာန်တော့ ပြောင်းလာပေမဲ့ အတွင်းက အယူအဆနဲ့ ခံယူချက်ကတော့ မပြင်နိုင်ကြသေးဘူး။ ဒီခံယူချက်တွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ သတင်းမီဒီယာနဲ့ တိုးတိုက်နေဦးမှာပဲ။ တကယ်တော့ သတင်းမီဒီယာက သတင်းကို ဖော်ပြတယ်ဆိုတာ အဲ့ဒီပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် တိုက်ခိုက်ဖို့ရည်ရွယ်ချက် မဟုတ်ဘူး။ ပြည်သူလူထုက သိပိုင်ခွင့်ရှိတဲ့အတွက် လူထုကို အသိပေးတာ။ အစိုးရအဖွဲ့အစည်း၊ တပ်မတော်တို့နဲ့ ပြည်သူကြားက ရှိရမယ့် ဆက်သွယ်ရေးကို သတင်းမီဒီယာက ဝန်ဆောင်မှုပေးတာ။
မေး – ဝန်ကြီးဌာနတွေရဲ့ ပြန်ကြားရေးလုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းမှု ဘယ်လောက် ရှိသလဲ။
ဖြေ – ဦးသိန်းစိန်အစိုးရလက်ထက်ရော အခုအစိုးရလက်ထက်မှာပါ ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတွေကို သတင်းမီဒီယာနဲ့ ဆက်ဆံရေးသင်တန်းကို ကျွန်တော် လုပ်ခဲ့ဖူးပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေဟာ မအောင်မြင်ဘူးလို့ မှတ်ချက်ချချင်တယ်။ ဘာ့ကြောင့်လဲဆိုရင် သတင်းမီဒီယာပေါ်မှာမြင်တဲ့ အယူအဆကို မပြောင်းလဲနိုင်ကြလို့ပဲ။ တကယ်တော့ သတင်းစာဆရာတစ်ယောက်အနေနဲ့ ကျွန်တော် အဲ့ဒီအလုပ်တွေကို မလုပ်ချင်ဘူး။ သူတို့တွေ သတင်းမီဒီယာကို အင်တာဗျူးတွေ၊ အချက်အလက်တွေ ပေးမှ ဒီအကျိုးကျေးဇူးကို ပြည်သူက ခံစားရမှာ။ ဒါ့ကြောင့် ဒီအရွေ့ကို ဝိုင်းတွန်းတဲ့နေရာမှာ ကျွန်တော်ပါခဲ့တာ။ ဒါပေမဲ့ မအောင်မြင်သေးဘူး။ အစိုးရပြန်ကြားရေးဌာနမှာ ပါခဲ့တာကလည်း အစိုးရပိုင်သတင်းဌာနတွေကို ပုဂ္ဂလိကပေးပြီး လွတ်လွတ်လပ်လပ် လုပ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပြီး ပါခဲ့တာ။ အဲဒါတွေ အခုထိ မလုပ်သေးတော့ ကျွန်တော် နောက်ပြန်ဆုတ်လိုက်တယ်။ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို သင်တန်းတွေပေးခဲ့တာကလည်း အခုချိန်ထိတော့ အကျိုးသက်ရောက်မှု မမြင်သေးဘူး။ ဒီကိစ္စတွေက နည်းစနစ်ကိစ္စတွေထက် အယူအဆနဲ့ အမြင်ကို ပြောင်းလဲနိုင်ဖို့လိုတယ်။
မေး – ဒီမိုကရေစီဖော်ဆောင်တဲ့ကာလမှာ အစိုးရနှစ်ဆက်ဖြစ်လာပြီ။ မီဒီယာ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်လာပြီလဲ။
ဖြေ – ဒုတိယအစိုးရလက်ထက်ရောက်လာတယ်ဆိုပေမယ့် နှစ်အနေနဲ့ပြန်ကြည့်ရင် သိပ်မများသေးဘူး။ ၂ဝ၁၂ ခုနှစ် နှစ်လယ်လောက်ကမှ စတာလေ။ ပုဂ္ဂလိကသတင်းစာတွေဆိုလည်း အခုမှ ၅ နှစ်လောက်ပဲ ရှိသေးတယ်။ အင်မတန်နည်းပါးတဲ့လစာနဲ့ အခွင့်အရေးအပေါ်မှာ သတင်းထောက်လူငယ်တွေကလည်း အင်မတန်အန္တရာယ်ကြီး၊ တာဝန်ကြီးတဲ့ အလုပ်တွေကို လုပ်နေကြတာ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျွမ်းကျင်မှုတွေ အထိုက်အလျောက် ရှိလာတဲ့တိုင်အောင် အချိန်မရွေး (7DAY သတင်းစာကို အမှုဖွင့်ရာမှာ သုံးတဲ့) ပုဒ်မ ၁၃၁ လို အင်မတန် ချောက်ချားစရာကောင်းတဲ့ ပုဒ်မကြီးတွေနဲ့ ကြောက်ရွံ့မှုတွေကလည်း ပြန့်နှံ့နေနိုင်တယ်။ ဒီအချက်တွေ ရှိနေဦးမယ်ဆိုရင် ရှေ့မှာ နောက်တဆင့်သွားနေတဲ့ လူ့အဖွဲ့အစည်းအတွက် သတင်းစုံစမ်းထောက်လှမ်းမှုတွေမှာ အဟန့်အတားဖြစ်နေဦးမှာပဲ။ ကျွမ်းကျင်မှုတွေ ဒီထက် ပိုကောင်းလာဖို့လိုတယ်၊ သတင်းအတတ်ပညာနဲ့ ပတ်သက်တဲ့ ကျောင်းတွေ၊ သင်တန်းတွေ ဒီထက် ပိုလိုအပ်တယ်၊ နိုင်ငံတကာထွက်သင်တဲ့ အခွင့်အရေးတွေလည်း လိုအပ်ပါတယ်။
မေး – သတင်းမီဒီယာတွေနဲ့ ဆက်ဆံတဲ့ အစိုးရအရာရှိတွေက ဘာတွေ စိုးရိမ်နေတယ်လို့ မြင်သလဲ။
ဖြေ – (မီဒီယာသမားတွေလက်ထဲ) သူတို့ပေးလိုက်တဲ့ သတင်းအချက်အလက်တွေကြောင့် အထက်က ကျေနပ်ပါ့မလား၊ အရေးယူမလားဆိုတဲ့ အကြောက်တရားက တော်တော်သက်ရောက်မှုရှိတယ်။ ပြောရေးဆိုခွင့်ရှိသူတွေဟာ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့အခါတိုင်းမှာ ဒီအရေးကို တော်တော်ညည်းညူကြပါတယ်။ ကျွန်တော်တို့ သတင်းမီဒီယာတွေဘက်က တချို့သောသူတွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုတွေကလည်း သူတို့က သတင်းမီဒီယာတွေအပေါ် စိမ်းကားချင်အောင် တွန်းပို့ရာရောက်ပါတယ်။ သတင်းမီဒီယာသမားတွေကလည်း တကယ့်ကို ကျွမ်းကျင်တဲ့သူအဖြစ် လုပ်ကိုင်ဖို့တော့ လိုပါတယ်။ ဒါကို သတင်းဌာနတစ်ခုချင်းစီက ထိန်းသိမ်းသင့်တာပေါ့။ သတင်းသမားတွေကို အကြံပေးချင်တာကတော့ ကျွမ်းကျင်တဲ့သူအဖြစ် လုပ်ဖို့ပါပဲ။ ဒီလိုဖြစ်ဖို့ကလည်း သတင်းစာပညာရဲ့ အခြေခံတွေကို လိုက်နာတာပါပဲ၊ သိပ်ထူးခြားဆန်းကြယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သတင်းတွေကို ဟန်ချက်ညီအောင်လုပ်ဖို့ လိုမယ်၊ မျှတဖို့ လိုမယ်၊ တိကျမှန်ကန်ဖို့ လိုမယ်၊ လူတစ်ဦးချင်းစီရဲ့ သူတို့အပေါ် စွပ်စွဲမှု၊ အပြစ်တင်မှုအပေါ်မှာ ပြန်လည်ဖြေရှင်းခွင့်ကိုလည်း လေးစားဖို့ လိုပါတယ်။ ။