သတင်း

မင်းတပ်မြို့အဝင် ထင်းရှူးတောတွင် ပန်းခြံဆောက်ရန် ဒေသခံတို့ တောင်းဆို

ရန်ကုန် – ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင်တွင် ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း အမှတ်တရ ပန်းခြံ တည်ဆောက်ရန် ဒေသခံတို့၏တောင်းဆိုချက်ကို လျစ်လျူရှုပြီး အဝေးပြေးကားဝင်း စီမံကိန်းကို အကောင်အထည် ဖော်မည်ဆိုပါက လူထုဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ပြီး ကန့်ကွက်သွားမည်ဟု တက်ကြွလှုပ်ရှားသူတချို့က ပြောသည်။

ထင်းရှူးပင်များ ရာနှင့်ချီရှိသော ထိုနေရာကို အဝေးပြေးကားဝင်း ပြုလုပ်ရန် ယခင်အစိုးရလက်ထက်က လျာထားခြင်း ဖြစ်ကြောင်း မင်းတပ်မြို့အခြေစိုက် ချိုးလူမျိုးများ အသင်း (Cho Ethnic Association – CEA) ဥက္ကဋ္ဌ ဆလိုင်းကီးရှိန်းက ပြောသည်။

“ဦးဝမ္မသူးမောင်ဆိုတာ ချင်းတစ်မျိုးသားလုံးအတွက် အသက်ပေးခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးပါ။ နောက်ပြီး မြို့အဝင်က ထင်းရှူးပင်တွေကလည်း မင်းတပ်မြို့အပြင် ချင်းပြည်နယ်အဝင်မှာ စပြီး ပေါက်တဲ့ အပင်ပါ။ ဒီအပင်တွေနားကို ရောက်တာနဲ့ ကိုယ့်ဒေသကို ကိုယ်ပြန်ရောက်တယ်လို့ ခံစားရတယ်” ဟု ဆလိုင်းကီးရှိန်းက ပြောသည်။

“အဲ့ဒါကြောင့် ဒီနေရာကို ပန်းခြံနဲ့ ကလေးကစားကွင်းတွေ လုပ်ချင်တာ။ ပြီးတော့ ကျွန်တော်တို့ တစ်မျိုးသားလုံး ဂုဏ်ယူရတဲ့သူကိုလည်း ဂုဏ်ပြုချင်တာ”

ထိုနေရာတွင် အဝေးပြေးကားဝင်း တည်ဆောက်မည် ဆိုပါက သဘာဝထင်းရှူးပင်များလည်း ပျက်စီးမည်ဟု သူက ထောက်ပြသည်။

စက်တင်ဘာ ၁၉ ရက်နေ့က မင်းတပ်မြို့တွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ချင်းပြည်နယ်၊ စည်ပင်သာယာရေးနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကလည်း ထင်းရှူးတောကို ပန်းခြံအဖြစ် ပြောင်းလဲရေးအစီအစဉ်မှာ ကောင်းမွန်သည်ဟု ပြောဆိုခဲ့ကြောင်း ချင်းအမျိုးသမီးအဖွဲ့ (Chin Women Organization) ဥက္ကဋ္ဌဖြစ်သူ မခင်ဝင်းရီက ပြောသည်။

“ဒီနေရာမှာ ပန်းခြံပြုလုပ်တာကို ချင်းတိုင်းရင်းသားတစ်ယောက်အနေနဲ့ သဘောကျတယ်၊ လုပ်လည်း လုပ်သင့်တယ်လို့ ဝန်ကြီးက တွေ့ဆုံပွဲမှာ ကျွန်မတို့ကို ပြောခဲ့တယ်။ ကားကြီးဝင်းလုပ်တာကတော့ မသင့်တော်တဲ့အကြောင်း သူက ပြောခဲ့တယ်” ဟု မခင်ဝင်းရီက ရှင်းပြသည်။

“ဒါပေမဲ့ ဒီကိစ္စက သစ်တောဌာနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်၊ သစ်တောကြိုးဝိုင်းနဲ့ လွတ်လား၊ မလွတ်လားကိုတော့ သူမသိဘူး၊ သစ်တောဌာနက ခွင့်ပြုမယ်ဆိုရင်တော့ ပန်းခြံပြုလုပ်လို့ရနိုင်တယ်လို့ ဝန်ကြီးက ပြောခဲ့တယ်”

ထင်းရှူးပင်များရှိသည့်နေရာကို ပန်းခြံအဖြစ် အသွင်ပြောင်းရေး မပြောင်းရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးရခြင်း မရှိသေးကြောင်း ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်း ထံမှ သိရသည်။

“ဒီကိစ္စတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီးမှ ဆုံးဖြတ်လို့ရမှာ။ အဲဒီ စိစစ်မှုတွေ လုပ်ပြီးမှ အကောင်အထည်ဖော်သင့်တဲ့ကိစ္စပါ” ဟု ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ဆိုသည်။

“အခုချိန်မှာက ဆိုင်းငံ့ထားတဲ့သဘောမျိုး ဖြစ်နေတာပါ။ ပန်းခြံမလုပ်ရဘူးလို့ အတင်းအကျပ် တားမြစ်ထားတာတော့ မဟုတ်ပါဘူး”

မင်းတပ်တွင် ကျူးကျော်နေထိုင်သူများ၊ သစ်တောမြေ စသည်တို့နှင့် ဆက်နွှယ်သည့် တိုင်စာအများအပြားကို စိစစ်နေရသောကြောင့် ထင်းရှူးတောအရေး အလေးပေးရန် နှောင့်နှေးနေရခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။

မြို့ခံတချို့၏ အကြံပြုချက်မှာ အဝေးပြေးကားဂိတ်ကို မြို့အနောက်ဘက်ရှိ မင်းတပ်-မတူပီကားလမ်းအနီး တည်ဆောက်ရေး ဖြစ်သည်။

“မင်းတပ်မြို့ အနောက်ဘက် ၂မိုင် ၃မိုင်ဘက်မှာ အဝေးပြေးကားကွင်းလုပ်ရင် ပိုကောင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပခုက္ကူဆင်းရင်လည်း ခရီးသည် တောက်လျှောက် တင်သွားလို့ရတယ်။ ပခုက္ကူက ပြန်တက်လာရင်လည်း လမ်းတောက်လျှောက် ဆင်းမယ့်ခရီးသည် ပါတယ်။ ဒါကြောင့် မင်းတပ်ခရီးသည်တွေအတွက် တော်တော်လေးအဆင်ပြေမယ်” ဟု မင်းတပ်မြို့မှ ဦးကီးအွမ်က ဆိုသည်။

ဦးဝမ္မသူးမောင်းအထိမ်းအမှတ် ပန်းခြံနှင့် ကလေးကစားကွင်း အကောင်အထည်ဖော်ရေးအစီအစဉ်နှင့် ပတ်သက်ပြီး လိုအပ်ပါက ဒေသခံလူထု၏ သဘောထားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ပါ ပေးပို့သွားမည်ဖြစ်ကြောင်း ချိုးလူမျိုးများအသင်း ဥက္ကဋ္ဌ ဆလိုင်းကီးရှိန်းက ပြောသည်။

နယ်ချဲ့တော်လှန်ရေး သူရဲကောင်း ဦးဝမ္မသူးမောင်း၏ အုတ်ဂူသည် မင်းတပ်မြို့နယ်၊ ဝမ္မသူးရွာတွင် တည်ရှိသည်။

————————————

(မိုင်လိန်းဟုန်းလိုင်းသည် Chin World မီဒီယာမှဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်။)

Show More

Related Articles

Back to top button