အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းပြည်နယ် မင်းတပ်တွင် စစ်တပ်ဗုံးကြဲ၍ ကလေးအပါအဝင် သုံးဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းရှိ ပန်းပါရွာကို ယမန်နေ့ (ဧပြီ ၁၆) ညနေပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် အရပ်သားသုံးဦး သေဆုံးသည်ဟု သိရသည်။ 

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့ ညနေ ၃ နာရီမှစ၍ မင်းတပ်မြို့မြောက်ဘက် ၃၆ မိုင်ခန့်အကွာရှိ ပန်းပါရွာကို တစ်နာရီဝန်းကျင်အတွင်း တိုက်လေယာဉ်နှစ်စီးက နှစ်ကြိမ်စီ လာရောက် ပစ်ခတ်တိုက်ခိုက်သည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်များက ပန်းပါရွာကို ဗုံးကြဲတိုက်ခိုက်စဉ် အသက် ၄ နှစ်အရွယ် မောင်ဟာခွီရှိန်း၊ အသက် ၇၀ အရွယ် ဒေါ်ဟာရောင်တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရထားသည့် အသက် ၁၇ နှစ်အရွယ် မထန်းမြူးမံမှာ ညပိုင်းတွင် ထပ်မံကွယ်လွန်ခဲ့ရသည်။

သေဆုံးသူ သုံးဦးအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရကာ နေအိမ် ၉ လုံး ပျက်စီးသည်ဟု စစ်ကောင်စီကို ခုခံနေသည့် ချင်းဒေသကာကွယ်ရေးတပ် (CDF) ၏ မင်းတပ်မြို့နယ်အဖွဲ့က ထုတ်ပြန်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် မင်းတပ်မြို့နယ်အတွင်း ပြီးခဲ့သည့်လမှစ၍ စစ်ကောင်စီတပ်နှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ မင်းတပ်မြို့ပေါ် ရှိ စစ်တပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေရာ ကတုတ်ကျင်းတူးထားရန် ဒေသခံများကို CDF က နှိုးဆော်တိုက်တွန်းထားသည်။

သို့သော် ယမန်နေ့က ပန်းပါရွာကို လေကြောင်းဖြင့် လာပစ်ချိန်တွင် ဒေသတွင်း၌ မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ အကြောင်းမဲ့ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် စတင်တော်လှန်ခဲ့သည့် ဒေသများတွင် ချင်းပြည်နယ်တောင်ပိုင်းမှ မင်းတပ်မြို့နယ်လည်း ပါဝင်သည်။ မင်းတပ်မြို့နယ်ကို အာဏာသိမ်းပြီး လေးလအကြာ ၂၀၂၁ မေလဆန်းကတည်းကပင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲများပြင်းထန်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းက သံချပ်ကာယာဉ်များ အပါအဝင် အစီး ၃၀ ပါ စစ်ယာဉ်တန်းတစ်ခုလုံးကို မြို့တော် ဟားခါးအနီးတွင် တော်လှန်ရေးအဖွဲ့တို့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက မြေပြင်တပ်များအထိနာနေချိန်တွင် တော်လှန်ရေးအဖွဲ့များ ခုခံရန် မစွမ်းသာသည့် လေကြောင်းကို အားပြုတိုက်ခိုက်နေရာ အရပ်သား ထိခိုက်သေဆုံးမှု များပြားနေသည်။

ဧပြီ ၁၁ ရက်ကပင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ရဟတ်ယာဉ်ဖြင့် ပစ်သဖြင့် ကလေးငယ် ၄၀ အပါအဝင် စုစုပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button