အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်တွင် ရိုက်နှက်ခံရပြီး ရန်ကုန်လာဆေးကုနေသည့် ဆယ်တန်းကျောင်းသား စာမေးပွဲဖြေ

ရန်ကုန် – တပ်မတော်၏ ဖမ်းဆီးရိုက်နှက်ခံရမှုကြောင့် ကြောက်လန့်ပြီးစိတ်ဝေဒနာခံစားခဲ့ရသည်ဟုဆိုသည့် တက္ကသိုလ်ဝင်တန်းကျောင်းသားသည် ၎င်းဆေးကုသမှုခံယူနေသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မြန်မာစာဘာသာရပ်ကို ယနေ့ အဆင်ပြေ ချောမွေ့စွာဖြေဆိုခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်တော်သာရွာမှ မောင်ဇော်ဇော်နိုင်ဌေးသည် ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက ကျောက်တော်အခြေစိုက် တပ်မတော်တပ်ရင်းတစ်ရင်းမှ တပ်မတော်သားဟု ယူဆရသူအချို့၏ ဖမ်းဆီးခြင်းခံရစဉ် ထိုးကြိတ်ရိုက်နှက်မှုများနှင့် သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်မှုများကြောင့် ကြောက်လန့်ပြီးစိတ်ဝေဒနာခံစားခဲ့ရသည်ဟု ၎င်း၏ ဖခင် ဦးရွှေစိန်က ပြောသည်။

ဆယ်တန်းကျောင်းသား ဖြစ်သည့် ၎င်းကို ရန်ကုန်တွင်စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မြန်မာနိုင်ငံစာစစ်ဌာနရုံး(ဇွဲကပင်)က ရန်ကုန်စာဖြေခုံနံပါတ် ဆမဥ ၅၅၀၇ ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

“ဝေဒနာကလည်း တော်တော်သက်သာနေပြီဆိုတော့ ဒီနေ့ စာမေးပွဲစဖြေတယ်။ ဖြေနိုင်တယ်လို့တော့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်က ဆိုင်ကယ်ဆီသွားဖြည့်သည့် မောင်ဇော်ဇော်နိုင်ဌေးကို ကျောက်တော်အခြေစိုက် ၃၇၅ တပ်ရင်းရှေတွင် စစ်တပ်ကားတစ်စီးက လူနှင့်ဆိုင်ကယ်ပါ ကားပေါ်သို့တင်၍ ၅၃၉ တပ်ရင်းတွင်းသို့ဖမ်းဆီးသွားခဲ့သည်ဟု ၎င်း၏ဖခင်ဖြစ်သူ ဦးစိန်ရွှေက ပြောသည်။

နာရီအနည်းငယ်ခန့်ဖမ်းဆီးထားစဉ် ထိုးကြိတ်ရိုက်နှက်ခြင်းများအပြင် နားထင်နှင့် ရင်ဘတ်ကို သေနတ်ဖြင့်ထောက်ကာ မေးမြန်းခဲ့ပြီး ကျောင်းသားကတ်ပြသောအခါမှသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဦးစိန်ရွှေက ပြောသည်။

ပြန်လွတ်ပြီး တစ်ရက်အကြာတွင် ဖမ်းဆီးခံခဲ့ရပုံများကို မိသားစုအားပြန်လည်ပြောပြရင်း သတိမေ့သွားသောကြောင့် ကျောက်တော်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် စစ်တွေဆေးရုံသို့ ရွှေ့ပြောင်းကုသခဲ့သည်။

“ကျွန်တော်တို့တောင် အနားမကပ်ရဘူး။ သတိနည်းနည်းရတာနဲ့ ‘စစ်သားတွေလာပြီ စစ်သားတွေလာပြီ’ ပဲ အော်နေတာ။ ဆေးထိုးပေးလိုက်မှပဲ ငြိမ်သွားတယ်” ဟု ဦးစိန်ရွှေက ပြောသည်။

တစ်ပတ်ခန့်ကုသပြီးသည်အထိ သက်သာမှုမရှိသောကြောင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ မတ်လ ၁ ရက်နေ့တွင်တင်ပို့ကုသခဲ့ရာမှ ယခုအခါပြန်လည်သက်သာလာခြင်းဖြစ်သည်။

၎င်း၏သားရိုက်နှက်ခံရမှုအတွက် ဖမ်းဆီးရိုက်နှက်ခဲ့သည့် တပ်မတော်တပ်ရင်း ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျောက်တော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ဦးစိန်ရွှေက ပြောသည်။

အဆိုပါရိုက်နှက်မှုမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိပုဂ္ဂိုလ်များက ငြင်းဆန်ထားသည်။

ဆယ်တန်းကျောင်းသား မောင်ဇော်ဇော်နိုင်ဌေးရိုက်နှက်ခံရသည့်အကြောင်းရင်းကို မသိသေးသော်လည်း တိုင်ကြားမှုများရှိလာပါက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။ 

“အခုကိစ္စက ကိုင်တွယ်လို့ရပါတယ် ကျွန်တော်တို့ဆီကို အကြောင်းကြားရင် အရင်ကလုပ်ခဲ့ဖူးတဲ့ သာဓကတွေလည်းရှိတော့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပစ်မထားပါဘူး လူ့အခွင့်အရေးကို သူတို့အလေးထားပါတယ်” ဟု ၎င်းက Myanmar Now ကို ဆိုသည်။

အမှုအခြေအနေနှင့်ပတ်သက်၍မေးမြန်းရန် ကျောက်တော်မြို့နယ် ရဲစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button