
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်တွင် နှာခေါင်းစည်း (Mask) မတပ်သူအချို့ကို စစ်သားများက ရိုက်နှက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးနှင့် ရွှေပြည်သာတွင် နေထိုင်သူ အခြားသူတစ်ဦးက ပြောသည်။
ရွှေပြည်သာရုပ်ရှင်ရုံရှေ့တွင် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို Mask တပ်မထားဟုဆိုကာ လက်နက်များကိုင်ဆောင်ထားသော စစ်သား ၇ ဦးခန့်က တုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မက စျေးသွားဝယ်တာ၊ ပြန်လာတော့ ရွှေပြည်သာရုပ်ရှင်ရုံရှေ့မှာ သူတို့ကားရပ်ထားတယ်။ သေနတ်တွေနဲ့ အများကြီးပဲ။ ပြီးလဲပြီးရော ဆိုင်ကယ်တစ်စီးလာတော့ Mask မပါလို့ဆိုပြီး၊ တားပြီးတော့ တုတ်နဲ့ ရိုက်တာ” ဟု အဆိုပါ အမျိုးသမီးက Myanmar Now ကို ပြောသည်။
အလားတူ ရွှေပြည်သာမြို့နယ် သုံးထိပ်၊ ဆင်နှစ်ကောင်မှတ်တိုင်တွင်လည်း ထို့နေ့ကပင် လိုက်ထရပ်ကားပေါ်လိုက်ပါလာသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို Mask တပ်မထားဟုဆိုကာ စစ်သားများက ကားပေါ်မှ ဆင်းခိုင်း၍ ရိုက်နှက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ၎င်းက ဆိုသည်။
“စစ်ကောင်စီတပ်တွေက အထက ၃ ကျောင်းရှေ့မှာ တုတ်တွေနဲ့ ရိုက်နေတယ်ဆိုပြီး အဖေကနေ ဖုန်းဆက်ပြောတာပေါ့။ အပြင်သွားရင် Mask တပ်သွားတဲ့” ဟု ဖခင်ဖြစ်သူကာ ဖုန်းဆက်အကြောင်းခဲ့ပုံကို အထက်ပါ အမျိုးသမီးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ စစ်သားများသည် ရွှေပြည်သာမြို့နယ်အတွင်း လှည့်လည်သွားလာပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေပြည်သာတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“ဒီကောင်တွေ ပတ်ပြီးသွားနေတာပေါ့။ Mask မတပ်လို့ ရိုက်တာပေါ့ဗျာ။ ကျန်းမာရေးဂရုစိုက်ဘာညာနဲ့။ ဒီလိုပဲ ဆုံးမမယ် ဘာညာပြောတယ်။ ကျနော်ကတော့ သုံးနေရာလောက်မှာ အဲ့ဒါမျိုးဖြစ်ခဲ့တယ်လို့ ကြားရတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။
ရွှေပြည်သာမြို့နယ်တွင် ဇူလိုင် ၂၁ ရက်မတိုင်မီကလည်း ထိုသို့ဖြစ်ပွားခဲ့ခြင်း မရှိသည့်အပြင် နောက်ရက်များတွင်လည်း ထိုသို့ထပ်မံဖြစ်ပွားခြင်း မရှိတော့ဟုလည်း အထက်ပါ ဒေသခံနှစ်ဦးက ဆိုသည်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင်လည်း ဇူလိုင် ၂၃ ရက်က ကျန်းမာရေးကိစ္စဖြင့် အပြင်သွားလာသည့် ပြည်သူများကို စစ်သားများက ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဒေသအခြေစိုက်သတင်းများကို ဖော်ပြပေးနေသည့် မီးဒုတ် − မကွေးဆိုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ တတိယလှိုင်းရိုက်ခတ်လျက်ရှိရာ ကူးစက်ပျံ့နှံ့မှု အဆမတန်မြင့်တက်လျက်ရှိသည့်နည်းတူ နေ့စဉ်သေဆုံးမှုလည်း များပြားနေသည်။
အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်က ကိုဗစ်ဒုတိယလှိုင်းကို ရင်ဆိုင်ခဲ့ရစဉ် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုကြောင့် အရပ်သားပြည်သူများ ပိုမိုသေဆုံးနေရသည်ဟု ဝေဖန်ပြစ်တင်မှုများ ရှိနေသည်။
ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် နေ့စဉ် ရာချီသေဆုံးလျက်ရှိရာ သေဆုံးမှုများပြားခြင်း၏ အဓိကအကြောင်းရင်းမှာ အောက်ဆီဂျင်မလုံလောက်မှုဖြစ်သည်ဟု လူမှုကူညီရေးအသင်းအဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။
ကိုဗစ်ကူးစက်ခံရသူများအနေဖြင့် ကွာရန်တင်းစင်တာများသို့လည်းကောင်း ဆေးရုံဆေးခန်းများသို့လည်းကောင်း အလွယ်တကူ သွားရောက်နိုင်ခြင်းမရှိဘဲ တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၌ပင် ကိုဗစ်ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။