အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်လေဆိပ်ပစ်ခတ်မှုရုပ်သံမှတ်တမ်း ထုတ်ပြန်ရန် အာဏာပိုင်တို့ကို ဝိုင်းဝန်းတောင်းဆို

ရန်ကုန် – ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်လေဆိပ် လုံခြုံရေး ရုပ်သံကင်မရာမှတ်တမ်းအပါအဝင် ပြစ်မှုကျူးလွန်သူတို့၏ အချက်အလက်များကို အာဏာပိုင်တို့က ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် ဝေဖန်မှုများ မြင့်တက်နေသည်။

လူသတ်သမားကို ဖမ်းဆီး စစ်ဆေးနေသည့် ရဲတပ်ဖွဲ့က CCTV ရုပ်သံမှတ်တမ်း ပုံရိပ်များ၊ တွေ့ရှိချက်များ အပါအဝင် အများပြည်သူတို့ သိသင့် သိထိုက်သည်များကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်နေသည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“နိုင်ငံရဲ့တံခါးပေါက်ကြီးလိုဖြစ်နေတဲ့ နိုင်ငံတကာလေဆိပ်ကြီးမှာ ဒီ CCTV ကင်မရာကို အခုအချိန်အထိ ကျွန်တော်တို့ ပြည်သူတွေကို သိခွင့် မပေးတာကိုက ကျွန်တော်တို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ အဲဒီအပေါ်မှာ တကယ်ရော ရိုးသားရဲ့လား ဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်လာတယ်” ဟု ဦးထွန်းကြည်က ဝေဖန်လိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်သေနတ်သမား ဦးကြည်လင်း၏ စစ်ကြောရေး ထွက်ဆိုချက်ဟူသော ပြည့်စုံမှု မရှိသည့် စာရွက်စာတမ်းတချို့ အင်တာနက်တွင် ပေါ်ပေါက်လာသော်လည်း အင်တာနက်တွင် တွေ့နေရသည့် အကြောင်းအရာများကို အတည်မယူကြရန် ရဲချုပ်၏ ပြောကြားမှုမှာ အငြင်းပွားစရာ ဖြစ်နေကြောင်း၊ အတည်မယူစေလိုပါက ပြည်သူများ ကျေနပ်လောက်သည့် သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ဦးထွန်းကြည်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝဝ ကျော်ကလည်း ဖေဖော်ဝါရီ ၃ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်သူအား ဖမ်းဆီးရမိပြီးနောက် တရားရုံးတင် စစ်ဆေးစီရင်ဆုံးဖြတ်မှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အများပြည်သူက သံသယကင်းကင်း သိရှိနိုင်စေရန် အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစွာ၊ မှန်ကန်စွာထုတ်ပြန်ပေးရန် တောင်းဆိုကြောင်း အဆိုပါသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှေ့နေဦးကိုနီ လေဆိပ်တွင် သေနတ်ဖြင့် ချိန်ရွယ်ခံနေရသည့်ဓာတ်ပုံတစ်ပုံမှာ လုပ်ကြံမှုဖြစ်ပွားပြီး ချက်ချင်းဆိုသလိုပင် အင်တာနက် လူမှုကွန်ရက်တွင် ပေါ်ပေါက်လာသည်။

အဆိုပါပုံကို ရိုက်ကူးနေပုံ၊ ပစ်ခတ် လုပ်ကြံပုံတို့ကို လေဆိပ် CCTV လုံခြုံရေးကင်မရာများက မှတ်တမ်းတင်ထားနိုင်သည်ဟု အများက ယူဆထားကြသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမြအေးက ထိုမှတ်တမ်းနှင့် ပတ်သက်သည့် အရေးပါသည့်အချက်အလက်တို့ကို အာဏာပိုင်တို့က အများပြည်သူ သိရှိစေရန် ထုတ်ပြန်သင့်သည်ဟု မှတ်ချက်ပြုသည်။

“ကျွန်တော့်အမြင်ကတော့ CCTV မှတ်တမ်းတွေက ထုတ်ပြန်သင့်တယ်။ အခုဖြစ်ပြီးတာ တစ်ပတ်ပြည့်ပြီလို့ ပြောလို့ရတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ တရားခံနှစ်ယောက် ဖမ်းမိတယ်ဆိုတာပဲ ရှိသေးတယ်။ အဲဒီတော့ ရှင်းရှင်းလင်းလင်း သိရအောင် မြန်မြန်ဆန်ဆန် စစ်ကြောမှုတွေ၊ မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတယ်လို့ ကျွန်တော်မြင်တယ်” ဟု ဦးမြအေးက ပြောသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့က မည်သို့ ဆောင်ရွက်နေသည်ကိုလည်း ၎င်းအပါအဝင် ဒီမိုအရက်တစ်အင်အားစုများက သေသေချာချာ စောင့်ကြည့်နေသည်ဟု သူက ဆက်ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းကလည်း အလားတူ သုံးသပ်သည်။

လုပ်ကြံမှုဖြစ်ပွားပြီး ရက်အတန်ကြာလာပြီဖြစ်သည့်အတွက် CCTV မှတ်တမ်းများကို ထုတ်ပြန်သင့်ပြီဖြစ်ကြောင်း၊ သို့သော်လည်း လွှတ်တော်လမ်းကြောင်းမှ ထိုသို့ တောင်းဆိုရန် စီစဉ်ထားခြင်း မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဇော်မင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအကြံပေး ရှေ့နေ ဦးကိုနီသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရသဖြင့် သေဆုံးခဲ့သည်။ သေနတ်သမားကို လိုက်လံ ဖမ်းဆီးသူများထဲမှ အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးနေဝင်းလည်း ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

အမှုတွင် ပါဝင်ပတ်သက်သူဟု ယူဆရသည့် ဦးအောင်ဝင်းဇော်ကိုလည်း လုပ်ကြံမှုအပြီး ၁၂ နာရီအတွင်း ကရင်ပြည်နယ်တွင် ဖမ်းဆီးမိပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးကသာ သတင်းထုတ်ပြန်နေကြောင်း တွေ့ရသည်။

ကင်မရာ မှတ်တမ်းများကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ ညတွင်းချင်းပင် လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းလေကြောင်းရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းမင်းသိန်းကို ကိုးကားပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် 7DAY သတင်းစာ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Myanmar Now က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ထိုမှတ်တမ်းများကို လတ်တလော ထုတ်ပြန်ခြင်း မပြုရသေးသည့် ရည်ရွယ်ချက်မှာ လိုအပ်ချက်အရ ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

“ဟိုးအရင်းခံထိ ဖော်မလို့ပါ။ လိမ်ညာဖို့ မထုတ်ပြန်တာ မဟုတ်ပါဘူး။ ကွင်းဆက်အကြီး တရားခံကို ခြေရာခံနေတာပါ” ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button