
ရှေ.နေဦးကိုနီကိုလုပ်ကြံမှုမှာ ပါဝင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ရန်ကုန်၊ သာကေတမြို့နယ်၊ ၁ ရပ်ကွက်၊ ထူပါရုံအရှေ့ ၁၆ လမ်း၊ အိမ်အမှတ် ၁၂၅၉ မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်ကို အခင်းဖြစ်ပွားတဲ့နေ့ကတည်းက သော့ခတ်ပိတ်ထားပါတယ်။
သူဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က သူ့မိသားစုနဲ့ ဒီအိမ်မှာ အခင်းမဖြစ်မီအချိန်ထိ လာရောက်နေထိုင်ကြောင်း သိရပါတယ်။ သူနေထိုင်ရာက လမ်းရာအိမ်မှူးရဲ့ ပြောဆိုချက်အရ ဦးကိုနီသတ်ခံရပြီးကတည်းက ဒီအိမ်ခြံဝင်းရဲ့ သံတံခါးမကြီးကို ပိတ်ထားတာကို တွေ့ရှိကြောင်း၊ နောက်ပြီး ဦးအောင်ဝင်းဇော်ကို လက်ထိတ် ၄၊ ၅ ခုနဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားက ဒီအိမ်ကို မကြာသေးမီရက်ပိုင်းအတွင်းက ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။
Myanmar Now က ရရှိခဲ့တဲ့ ဦးအောင်ဝင်းဇော်ရဲ့ မိသားစုသန်းခေါင်စာရင်း ဓာတ်ပုံမှတ်တမ်းအရ သူ့ဇနီးသည်မှာ အသက် ၄၂ ရှိသူ ဒေါ်မင်းမင်းထိုက်ဖြစ်ပြီး၊ သူ့တစ်ဦးတည်းသောသားမှာ အသက် ၁၉ နှစ် ရှိပြီဖြစ်ပါတယ်။