သတင်း

ဦးအောင်ဝင်းဇော်၏ မွေးချင်းတချို့ကို ရဲတပ်ဖွဲ့ တွေ့ဆုံမေးမြန်း

ရန်ကုန် – ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှ အဓိက သံသယတရားခံ ဦးအောင်ဝင်းဇော်၏ ညီအစ်ကိုမောင်နှမ တော်စပ်သူတချို့ထံ ရဲတပ်ဖွဲ့က သွားရောက်တွေ့ဆုံမေးမြန်းကာ ၎င်းတို့ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများကို သိမ်းယူသွားကြောင်း သိရသည်။

ညီဖြစ်သူ ဦးအောင်ဝင်းခိုင်၏ အိမ်ကို လဆန်းပိုင်း၊ အစ်မဖြစ်သူ၏ အိမ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က သွားရောက် မေးမြန်းခြင်း ဖြစ်ကြောင်း ၎င်းတို့ နေထိုင်ရာ ရန်ကုန်၊ ဒေါပုံမြို့နယ်မှ ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးညီညီထွေးက Myanmar Now ကို ပြောသည်။

“ဘယ်နေ့တွေလဲတော့ ကျွန်တော် အတိအကျ မမှတ်မိဘူး။ ဖုန်းတွေ သိမ်းသွားဖို့ ကာယကံရှင်တွေကို ခွင့်တောင်းတယ်၊ ပိုင်ရှင်နဲ့ ကျွန်တော်က လက်မှတ်ထိုးရတယ်။ ပြန်ပေးရင် ကျွန်တော့်ဆီကနေတစ်ဆင့်ပဲ ပြန်ပေးရမှာ။ ကနေ့အထိတော့ ပြန်လာမပေးသေးဘူး” ဟု ဦးညီညီထွေးက Myanmar Now ကို ပြောသည်။

“သူတို့စစ်မေးဖို့ မြို့နယ်အုပ်ချုပ်ရေးကလူနဲ့ ကျွန်တော့်ကို ခေါ်တယ်။ ဘာတွေစစ်မေးလဲတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်တို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို ထူးခြားဖြစ်စဉ် သတင်းတင်ဖို့အတွက်တောင် ဘာမှမသိရဘူး၊ ဓာတ်ပုံတောင် ရိုက်ခွင့်မရဘူး။ ကျွန်တော်က ဌာနဆိုင်ရာတွေ အဲ့ဒီ အိမ်ထဲကိုဝင်ဖို့ ခွင့်တောင်းပေးရုံလောက်ပဲ”

ဦးအောင်ဝင်းဇော်၏ အစ်မဖြစ်သူနှင့် ၎င်း၏ ခင်ပွန်းသည်ကလည်း လက်ကိုင်ဖုန်း သိမ်းဆည်းခံရမှုကို အတည်ပြုသည်။ ရဲတပ်ဖွဲ့က လာရောက်စဉ် လေးလေးစားစား ခွင့်တောင်းကာ စစ်ဆေး မေးမြန်းခြင်းဖြစ်ကြောင်း၊ ဖိအားပေး ခြိမ်းခြောက်ပြောဆိုခြင်း မရှိကြောင်း၊ တခြားသော ဆွေမျိုးများကို စစ်ဆေး မေးမြန်းခြင်း ရှိမရှိ မသိရကြောင်း ပြောပြသည်။

“သက်ဆိုင်ရာက ဦးအောင်ဝင်းဇော်ကို သိလားမေးတော့ သိတယ်၊ ဘာလို့သိလဲလို့ ထပ်မေးတော့ အမျိုးတော်လို့ သိတယ်၊ ဒါလောက်ပါပဲ။ သူ (ဦးအောင်ဝင်းဇော်) ဘာအလုပ် လုပ်လဲ ဆိုတာလည်း သူ့မိသားစုပဲ သိမှာ။ သူ့ကိစ္စကိုလည်း ကျွန်တော်တို့ ဘာမှ မသိဘူး။ သူကျူးလွန်သလား၊ မကျူးလွန်ဘူးလားလည်း မသိဘူး။ သူလုပ်ရင် သူခံရမယ်၊ သူ မလုပ်ရင် သူပြန်လာမှာပါ”ဟု ဦးအောင်ဝင်းဇော်၏ ယောက်ဖဖြစ်သူက ဆိုသည်။

“သူ့မိန်းမ ဘယ်မှာရှိနေတယ်ဆိုတာ သက်ဆိုင်ရာက မပြောဘူး။ အေးအေးချမ်းချမ်း ထားထားပါတယ်လို့ပဲ ပြောတယ်”

မိသားစုနှင့် မွေးချင်းတချို့ကို စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတချို့ထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံ ဖြေကြားခြင်းမရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရပြီးနောက် သေနတ်သမား ဦးကြည်လင်းသည် လေဆိပ်တွင်ပင် အထိန်းသိမ်းခံလိုက်ရသည်။

လူသတ်သမား ဦးကြည်လင်းကို ငှားရမ်းသူဟု ယူဆရသည့် တပ်မတော်အရာရှိဟောင်း ဦးအောင်ဝင်းဇော်အကြောင်း စာနယ်ဇင်းများတွင် ဖော်ပြပြီးနောက်တွင် အာဏာပိုင်တို့က ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိထားပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး “သတင်းကွင်းဆက်ရရှိရေး” အတွက် တပ်မတော် နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာသတင်းဖြစ်ခဲ့သော ဤအမှုကို အများက စိတ်ဝင်စားဆဲဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်မှ စေခိုင်းသူ မည်သူဖြစ်မည်ကို အမျိုးမျိုး ဝေဖန် သုံးသပ်လျက်ရှိသည်။

စစ်ကြောမှု လဝက်ခန့် ကြာပြီ ဖြစ်သော်လည်း ရဲတပ်ဖွဲ့က အမှုနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

ရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏လက်အောက်တွင် ရှိပြီး ၂ဝဝ၈ အခြေခံဥပဒေအရ ထိုဝန်ကြီးဌာနသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သူတစ်ဦး၏ အုပ်ချုပ်မှုအောက်တွင် ရောက်နေသည်။

(ဤသတင်းကို စာနယ်ဇင်းများတွင် ပုံနှိပ်ဖော်ပြနိုင်ရန် ဖေဖော်ဝါရီ ၁၅ နေ့ခင်း ၁း၁ဝ နာရီက ဖြန့်ဝေခဲ့သည်။ ညနေ ၆းဝဝ နာရီခန့်တွင် နိုင်ငံတော်သမ္မတရုံးက ဦးအောင်ဝင်းဇော်၊ ဦးအောင်ဝင်းခိုင်တို့ ညီအစ်ကိုအကြောင်း ထုတ်ပြန်ခဲ့သည်။)
 

Show More

Related Articles

Back to top button