အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပေးရန် အရပ်ဘက်အဖွဲ့များ တောင်းဆို

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ပြီးခဲ့သည့်သက်တမ်းတစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ တိုးတက်မှုအားနည်းနေသည်ကို တွေ့ရကြောင်း အကဲခတ်အဖွဲ့များက မေလ ၂ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

မေ ၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် အကဲဖြတ်အစီရင်ခံစာအကြောင်းကို ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးရန်အတွက် အဓိကကျသော ပြင်ဆင်မှုများ အားရလောက်ဖွယ် မတွေ့ရသည့်အပြင် အချို့ဧရိယာများတွင် တိုးတက်မှု မရှိကြောင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို လိုလားသူ ကလောင်ရှင်များနှင့် စုစည်းထားသည့် Pen Myanmar အဖွဲ့နှင့် အခြားသော အဖွဲ့အစည်း ၁၃ ခုနှင့် တိုင်ပင် ဆွေးနွေးပြီး ဤအစီရင်ခံစာကို ရေးသားပြုစုရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ဆိုင်ရာ ညွှန်းကိန်း ၆ ခုကို သတ်မှတ်ခဲ့သည်။

ထိုညွှန်းကိန်းများတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များ၊ သတင်းမီဒီယာအမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ ဒစ်ဂျစ်တယ်လွတ်လပ်မှု၊ လွတ်လပ်စွာစုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ လုံခြုံရေးနှင့် အကာအကွယ်ရှိခြင်းတို့ပါဝင်သည်။

ညွှန်းကိန်းများအတွက် အမှတ်ပေါင်း ၆ဝ သတ်မှတ်ထားပြီး အစိုးရ၏ ပထမနှစ် အခြေအနေကို အကဲဖြတ်အမှတ်ပေးရာ ၈ မှတ်သာရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိအစိုးရကို ဝေဖန်ပြစ်တင်လို့တရားစွဲခံရရင် အဲ့ဒီပုဂ္ဂိုလ်တွေဘက်က ရပ်တည်ပြောပေးမယ့်သူ မရှိဘူး” ဟု အကဲဖြတ်အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့သူတစ်ယောက်၏ မှတ်ချက်ကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးရန်အတွက် အဓိကကျသော ပြင်ဆင်မှုများ အားရလောက်ဖွယ်မတွေ့ရသည့်အပြင် အချို့ဧရိယာများတွင် တိုးတက်မှု မရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသိပေးပြောဆိုခြင်း၊ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုကို အကာအကွယ်ပေးခြင်း၊ အစိုးရ၏တာဝန်ယူမှု၊ တာဝန်ခံမှုကို ပွင့်လင်းမြင်သာမှု ရှိခြင်း စသည်တို့သည် ဒီမိုကရေစီ၏ အဓိကအခြေခံကျသော အုတ်မြစ်များ ဖြစ်သည်ဟု သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များ ရေးသားပြုစုသည့် ယင်းထုတ်ပြန်ချက်တွင် မှတ်ချက်ပြုထားသည်။

ယင်းအုတ်မြစ်များ ခိုင်ခံ့စေရန် လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် စသည့် နယ်ပယ်များ၌ တိုးတက်မှု ဆုတ်ယုတ်မှု အခြေအနေများကို အခြေခံကာ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို အကဲဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမတိုင်ခင်က နိုင်ငံပိုင်မီဒီယာ မရှိသင့်ကြောင်း ပြောဆိုခဲ့သော်လည်း နိုင်ငံပိုင်မီဒီယာကို ဖျက်သိမ်းမည့် အရိပ်အယောင် မတွေ့သေးဟုလည်း ထောက်ပြထားသည်။ အစိုးရအာဘော်သတင်းစာကို စောင်ရေတိုးမြှင့် ရိုက်နှိပ်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပုံနှိပ်စက်သုံးခွင့်၊ ကျယ်ပြန့်သော ဖြန့်ချိရေးကွန်ရက်သုံးခွင့် အစရှိသည့် ဈေးကွက်အသာစီးရမှုတို့ကိုလည်း ယူထားသည်ဟု အစီရင်ခံစာက ဆိုသည်။

အစီရင်ခံစာအတွက် အကဲဖြတ်သည့်အဖွဲ့များတွင် ပါဝင်သည့် နိုင်ငံတကာ မြန်မာသတင်း (BNI) မှ ဦးဇင်လင်းက “တိုင်းပြည်ကို တာဝန်ယူအုပ်ချုပ်နေတဲ့ အစိုးရဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အာမခံဖို့ လိုသလို မြေတောင်မြှောက်ပေးဖို့လည်း လိုပါတယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button