သတင်း

ငြိမ်းချမ်းရေးဖော်ဆောင်မှုခေါင်းဆောင်တို့ကို အရပ်ဘက်အဖွဲ့များ အိတ်ဖွင့်စာပို့

ရန်ကုန် – ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင်ပြေရေးအတွက် ကန့်သတ်ချက်များ လျှော့ချပေးရန်၊ အမျိုးသမီးများပါဝင်မှုကို ပိုမိုလမ်းဖွင့်ပေးရန် အပါအဝင် တောင်းဆိုချက်များ ပါဝင်သော အိတ်ဖွင့်ပေးစာ တစ်စောင်ကို ငြိမ်းချမ်းရေး တည်ဆောက်မှု ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များကို ပေးပို့မည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြောသည်။

အိတ်ဖွင့်ပေးစာကို ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အပစ်ရပ် လက်မှတ်ထိုးထားသောအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့ (PPWT) ခေါင်းဆောင် ပဒိုစောတာဒိုမူး၊ UNFC ဟု ထင်ရှားသည့် လက်နက်ကိုင် အဖွဲ့များ တပ်ပေါင်းစု၏ နိုင်ငံရေးဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့ (DPN) ၏ ခေါင်းဆောင် ခူးဦးရယ်တို့ကို ပေးပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။

ပေးစာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များဟူ၍ အပိုင်းသုံးပိုင်းခွဲကာ တင်ပြထားခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် မိကွန်းချန်းနွန်က သတင်းထောက်များကို ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကသာ ဦးဆောင်ကျင်းပရမည်၊ ဒေသအလိုက်နိုင်ငံရေး ဆွေးနွေးပွဲများကို အစိုးရကသာ ဦးဆောင် ကျင်းပရမည် ဆိုသော ကန့်သတ်ချက်များကို ပယ်ဖျက်ရန် အကြံပြုထားသည်။

နိုင်ငံရေးအဆင့်ဆွေးနွေးပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်များ အမှန်တကယ် ပါဝင် ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် အလေးအနက် တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဆွေးနွေးခဲ့သော မှတ်တမ်းများကိုလည်း အများပြည်သူသိရှိရန် ထုတ်ပြန်ပေးရန် စသည့် အချက်များလည်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ

တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးတွဲ ကြေညာချက်ကို အမြန်ဆုံး ထုတ်ပြန်ပေးရန် အလေးအနက် တောင်းဆိုထားသည်။

“တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနည်းလမ်း” တစ်ခုတည်းကိုသာ နှစ်ဖက်တပ်ဖွဲ့များ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေနိုင်သည့် နည်းလမ်းအဖြစ် အမြဲတစေ ကိုင်စွဲထားရန် အလေးအနက်တိုက်တွန်းထားသည်။

အရပ်ဘက်အဖွဲ့များ

အရပ်ဘက်အဖွဲ့များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ပုံမှန် စုဝေးတွေ့ဆုံနေကြသည်မှာ ၁၇ ကြိမ်မြောက် ရှိပြီ ဖြစ်သည်။ ယခု နောက်ဆုံး စုဝေးမှုသို့ အဖွဲ့ ၉၂ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ရှိနေပြီး မြန်မာပြည်မြောက်ပိုင်းတွင် မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

တစ်နိုင်ငံတည်းတွင် အတူနေကြပြီး ပြဿနာများနှင့် အချိန်ပြည့် လုံးထွေးနေကြခြင်းသည် လွန်စွာ ရှက်ဖွယ်ကောင်းသည်ဟု ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ ဓမ္မဆရာမတစ်ဦးဖြစ်သူ ဒေါ်ကိုင်ရာက ပြောသည်။

“ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံး ငြိမ်းချမ်းရေးကို အင်မတန်မှ ဆာလောင်မွတ်သိပ်နေတာဖြစ်ပါတယ်။ ထမင်းဆာသလို ဆာပါတယ်။ ရေငတ်သလိုငတ်ပါတယ်။ မငြိမ်းချမ်းမှုတွေကြောင့် ကျွန်မတို့ စစ်ဘေးဒုက္ခသည်တွေ အဖြစ်နဲ့ ခါးသီးစွာ ရင်ဆိုင်ခံစားနေရပါတယ်။ မငြိမ်းချမ်းမှုတွေအောက်မှာ ကျွန်မတို့ အခက်အခဲတွေ အများကြီးကို လူမှုရေး ပြဿနာ၊ စီးပွားရေးပြဿနာ အမျိုးမျိုးကို ကျွန်မတို့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြန်ဆုံးရအောင် စွမ်းဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါ်ကိုင်ရာက ပြောသည်။

“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းပြီးတော့ စားပွဲဝိုင်းထဲမှာပဲ ညှိနှိုင်းဆွေးနွေးခြင်းကို အဓိကထားပြီးတော့ ဖြေရှင်းဖို့ကို တိုက်တွန်းချင်ပါတယ်။ စီးပွားရေးကြောင့် စစ်ကြောင့် လူတွေ သေကျေနေတာက မဖြစ်သင့်တဲ့ကိစ္စပါ။ ဆရာဝန်တွေက အသက်တစ်ချောင်းကို တန်ဖိုးထားလုပြီးတော့ ကယ်နေတဲ့အချိန်မှာ အသက်တစ်ချောင်းကို သတ်နေတာကတော့ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ”

Show More

Related Articles

Back to top button