(နေပြည်တော်) – အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနများ ဆက်လက်ရှိနေမည်ဟု ပြန်ကြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီ ဦးဆောင်သော အစိုးရလက်ထက် လွတ်လပ်စွာရေးသားပြောဆိုခွင့် ဆုတ်ယုတ်နေကြောင်း စွပ်စွဲချက်များကိုလည်း ကာကွယ်ပြောကြားခဲ့သည်။
အစိုးရဌာနများနှင့် အစိုးရအရာရှိများအပေါ် ဝေဖန်ရေးသားမှုများသည် စာပေစိစစ်ရေးရုပ်သိမ်းခဲ့သည့် ၂၀၁၂ နောက်ပိုင်း ဦးသိန်းစိန်အစိုးရ သက်တမ်းနှင့် NLD အစိုးရအုပ်ချုပ်ချိန် မည်သည့်လက်ထက်တွင် ပိုမိုဝေဖန် ရေးသားနိုင်သည်ကို နှိုင်းယှဉ်ပြီးမှ ဝေဖန်ရန်လည်း ဝန်ကြီးက တိုက်တွန်းခဲ့သည်။
ဘာသာပြန်စာရေးဆရာ၊ ဂျာနယ်အယ်ဒီတာ ဘဝမှ ဝန်ကြီးဖြစ်လာသည့် ဒေါက်တာဖေမြင့်က နေပြည်တော်တွင် ယနေ့ကျင်းပနေပြီး ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းများ တက်ရောက်သည့် ၇ ကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းဌာနများ၏ လွတ်လပ်ခွင့်ကိုလည်း မေးခွန်းထုတ်ခဲ့သည်။
“အယ်ဒီတာသည် စာနယ်ဇင်းထုတ်လုပ်သူရဲ့ သြဇာကို ဘယ်လောက်လွန်ဆန်နိုင်သလဲ။ ထုတ်လုပ်သူသည်ကော သူ့ထံမှာ ကြော်ငြာတွေ အများကြီးထည့်ပြီးတော့ ငွေရေးကြေးရေးအားဖြင့် ပံ့ပိုးနေတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လောက်လွန်ဆန် နိုင်သလဲ” ဟု တစ်ချိန်က သတင်းဂျာနယ်များကို စီမံခဲ့ဖူးသည့် အယ်ဒီတာဟောင်းက ဆိုသည်။
သတင်းမီဒီယာသမားများအနေဖြင့် သတင်းရေးသားရာတွင် နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံကို ချစ်စိတ်နှင့် နိုင်ငံကို ကာကွယ်လိုစိတ်ရှိဖို့ လိုအပ်ကြောင်းလည်း ၄င်းကဆိုသည်။
အဆိုပါ အခမ်းအနားတွင် သတင်းမီဒီယာများ၏ လွတ်လပ်မှုကို တိုင်းတာသည့် အဖွဲ့အစည်းများသည် အမေရိကန်နှင့် ပြင်သစ် အစိုးရတို့ကို ဘက်လိုက်ခဲ့ကြောင်း ဂျာမနီအခြေစိုက် Deutsche Welle ၏ စစ်တမ်းတစ်ခုကို ကိုးကားပြီးလည်း ဝေဖန်ခဲ့သည်။
ထိုကဲ့သို့ ပြောဆိုခဲ့မှုနှင့် ပတ်သက်ပြီး ယခင်အချိန်က စာနယ်ဇင်းသမားတစ်ဦးအဖြစ် ကျင်လည်ဖူးခဲ့သည့် ဝန်ကြီးတစ်ဦးထံမှ ထိုစကားမျိုး ကြားရခြင်းသည် မီဒီယာသမားများ၏ ပင်မတာဝန်ကို တကယ်မသိတာလား၊ သို့မဟုတ် မသိချင်ယောင် ဆောင်နေသလားဆိုသည်ကို ပြန်လည်မေးခွန်းထုတ်ရတော့မည်ဟု The Voice နေ့စဉ်သတင်းစာမှ ဒုတိယအယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်ဆန်းမင်းက ပြောသည်။
“သူမေးသွားတဲ့မေးခွန်းတွေကို သူကိုယ်တိုင် သိမယ်ထင်ပါတယ်။ ဘာ့ကြောင့် ဒီလိုမေးတာလဲ၊ တကယ်မသိတာလား။ နားလည်မှုလွဲတာလား” ဟု သူက ဆိုသည်။
ထို့အပြင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်သည် ယခင်က သတင်းစာဆရာတစ်ဦးလို မဟုတ်တော့ဘဲ အစိုးရဝန်ကြီးဖြစ်သွားပြီး ဝန်ကြီးတာဝန်ကို ထမ်းဆောင်သွားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်တစ်ဦး ဖြစ်သည့် ဦးဇေယျက သုံးသပ်သည်။