သတင်း

လယ်ယာမြေဥပဒေများကို အရပ်ဘက်အဖွဲ့များက ဖျက်သိမ်းစေလို၊ လွှတ်တော်ဘက်ကမူ စောင့်ကြည့်စေလိုဟုပြော

(ရန်ကုန်) ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် ၎င်းဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတို့သည် လတ်တလော ဖြစ်ပွားနေသည့် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် ဒေသခံ၊ ဌာနေတိုင်းရင်းသား ပြည်သူများ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့သည့် မြေများကိုအချိန်မရွေး သိမ်းယူနိုင်ရန် ပုံဖော်သည့်ဥပဒေဖြစ်နေသည့်အတွက် ယင်းတို့ကိုဖျက်သိမ်းပေးရန် လယ်ယာမြေအရေး လှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်းများက ယနေ့ တောင်းဆိုလိုက်သည်။

အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် ‘ဒို့မြေကွန်ရက်’ က ဦးဆောင်ပြီး ရန်ကုန်မြို့၌ ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ လယ်ယာမြေ ဥပဒေ ဖျက်သိမ်းပေးရေးနှင့် ပတ်သက်ပြီး ပေးပို့သည့်အစီရင်ခံစာများ အစိုးရဘက်မှတုံ့ပြန်မှု မရှိပါက လူထုလှုပ်ရှားမှုများ ဆောင်ရွက်ရန်ရှိသည်ဟုလည်း ဦးဆောင်သူများက ပြောသည်။

“အန်အယ်လ်ဒီအစိုးရအနေနဲ့ ဒီမြေယာပြဿနာကို သူ့သက်တမ်းမကုန်ခင် အဖြေတစ်ခုခုရအောင် ကိုင်တွယ် ဖြေရှင်းသင့်တယ်။ (ပြင်ဆင်သည့်) ဥပဒေကြမ်းသာ အတည်ဖြစ်သွားမယ် ဆိုရင် နောက်ဆက်တွဲက ဆန္ဒပြမှုတွေ လူထုအုံကြွမှုတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့လည်း အစိုးရအသိအမှတ်ပြုတဲ့ထိ စာတင်တာတွေ တွေ့ဆုံဖို့အတွက် တောင်းဆိုတာတွေ ပြုလုပ်သွားမှာဖြစ်တယ်။ အဲ့ဒါမှ ဘာတုံ့ပြန်မှုမှမရှိရင် ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိပါတယ်”ဟု ဒို့မြေကွန်ရက်အဖွဲ့ အတွင်းအရေးမှူး စောအဲလက်စ်က Myanmar Now ကို ပြောသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းတို့တွင် မြေယာပိုင်ဆိုင်မှုကို လူတစ်ဦးချင်း မှတ်ပုံတင်စေသည့်စနစ်ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားခြင်း၊ တောင်သူလယ်သမားများ၏ မြေယာအခွင့်အရေးကို အသိအမှတ်မပြုသည့်အပြင် မြေအမျိုးအစား အဓိပ္ပာယ်ဖွင့်ဆိုချက်များ တိကျရှင်းလင်းမှုမရှိခြင်း၊ တိုင်းရင်းသားဒေသတွင် ကျင့်သုံးလျက်ရှိသည့် စုပေါင်းပိုင်ဆိုင်စီမံကျင့်သုံးသည့် ဓလေ့ထုံးတမ်းမြေယာခန့်ခွဲမှုစနစ်ကို အသိအမှတ် မပြုထားခြင်းနှင့် လက်ရှိမြေယာပြဿနာများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် ပြည်ထဲရေးဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားခြင်းတို့မှာ မြေယာအငြင်းပွားမှုပြဿနာများ ပိုမိုဖြစ်စေသည့်အတွက် “ဖက်ဒရယ်မြေဥပဒေသစ်တစ်ရပ်” ရေးဆွဲပေးရန် ထုတ်ပြန်ထားသည်။

‘ဒို့မြေကွန်ရက်ချိတ်ဆက်’ အနေဖြင့် ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းကော်မတီထံ ၎င်းတို့ တင်ပြလိုသည့် အချက်များကို အကြိမ်ပေါင်း မြောက်မြားစွာ ပေးပို့ခဲ့သော်လည်း မည်သို့မျှ ပြန်လည် တုံ့ပြန်ခဲ့ခြင်းမရှိဟု စောအဲလက်စ်က ဆက်ပြောသည်။

မြေယာအရေးလှုပ်ရှားသည့် ဒေသခံအရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ရှိသည့် တောင်သူလယ်သမားများ၏သဘောထားများကို စစ်တမ်းကောက်ယူပြီးနောက် ဒို့မြေကွန်ရက်က ဦးဆောင်ကာ ဥပဒေကိုဖျက်သိမ်းပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“သာမန်လယ်သမားက ရာဇဝတ်သားဖြစ်ပြီးကုမ္ပဏီတွေက မြေပိုင်သွားကြတယ်။ ဒီဥပဒေကြမ်းဟာ မြေကို အချိန်မရွေး သိမ်းလို့ရအောင်၊ လယ်သမားတွေကို အချိန်မရွေး တရားစွဲလို့ရအောင်လုပ်ထားတဲ့ ဥပဒေဖြစ်တဲ့ အတွက် ပယ်ဖျက်ဖို့ တောင်းဆိုတာဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု တောင်သူလယ်သမားကိုယ်စားလှယ် ဒေါ်ရီရီထွေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်းကမူ အဆိုပါအဖွဲ့များ၏ စိုးရိမ်ပူပန်ချက်များကို ပယ်ချလိုက်ပြီး တောင်သူလယ်သမား အဖွဲ့အစည်းများအနေဖြင့် ခေတ္တစောင့်ကြည့်ပေးပါဟု ပြောသည်။

“အမျိုးသားလွှတ်တော်ကနေ ဥပဒေကြမ်းကို ဆွေးနွေးပြီး အခု ပြည်သူ့လွှတ်တော်ကို ပို့လိုက်ပြီ။ ပြည်သူ့လွှတ်တော်မှာ အခု စဆွေးနွေးမှာ။ ပြည်သူ့လွှတ်တော်ကလည်း လယ်ယာမြေဥပဒေကို ပြင်ဦးမှာ။ အဲ့ဒါကိုလည်း စောင့်ကြည့်ဖို့လိုတယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်ကတင်တာနဲ့ အမျိုးသားလွှတ်တော်ကတင်တာတွေနဲ့ကို မဲခွဲဆုံးဖြတ်သွားဦးမှာ။ အထူးသဖြင့် ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ဥပဒေကြမ်း မဟုတ်ဘူး။ အမျိုးသားလွှတ်တော်တောင်သူလယ်သမားရေးရာကော်မတီကနေ ရေးဆွဲတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဒါကို စောင့်ကြည့်စေချင်တယ်” ၎င်းက Myanmar Now ကို ပြောသည်။

‘ဒို့မြေကွန်ရက်ချိတ်ဆက်’သည် ယမန်နှစ်အတွင်းကလည်း လယ်ယာမြေဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အဖွဲ့ပေါင်း ၄၈ ဖွဲ့ပူးပေါင်းကာ ဆွေးနွေးသုံးသပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်စွဲဖြင့် သဘောထားတစ်စောင် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button