ရန်ကုန် – ကချင်ပြည်နယ်၊ တနိုင်းမြို့ ရွှေတူးဖော်ရေးဒေသဝန်းကျင်တွင် တိုက်ပွဲ စတင်ကတည်းက ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက်နေ့တွင် ပြောသည်။
မန္တလေး၊ မြစ်ကြီးနားမြို့ကြီးများသို့ ဆက်သွယ်နိုင်သည့် ရထားဘူတာ၊ ကားဂိတ်တို့ တည်ရှိရာ မိုးကောင်းမြို့သို့ ထွက်ပြေးလာသော အနယ်နယ်အရပ်ရပ်မှ ရွှေတူးဖော်သူများ၊ ဒေသခံများကို ကူညီလျက်ရှိသည်ဟု ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးစိုးအောင်က ဆိုသည်။
“တနိုင်းကိစ္စက လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းက ကျွန်တော်တို့ဆီက ညွှန်ကြားရေးမှူးချုပ်ကို မိုးကောင်းကို လွှတ်ထားပါတယ်” ဟု ဦးစိုးအောင်က ဆိုသည်။
“ကျွန်တော်တို့အဖွဲ့က ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးကောင်းရှိ လူမှုရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့မှ တနိုင်းဘက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ သွားချင်တဲ့နေရာကို အဆင်ပြေပြေ သွားနိုင်ဖို့အတွက် ရထား (ခုံ) နေရာတွေ စီစဉ်ပေးတယ်။ ကုန်ကျစရိတ်မတတ်နိုင်တဲ့ သူတွေကို ကုန်ကျစရိတ်ခပေးတယ်”
စစ်ဘေးတိမ်းရှောင်သူများထဲမှ ဒေသခံများကိုလည်း ဘာသာရေးအဆောက်အအုံများတွင် ခိုလှုံခွင့် ရရှိရေး၊ ဆန်၊ ကုလားပဲ၊ ဆား၊ အသားစည်သွတ်ဘူး၊ ရေသန့် စသည့်ရိက္ခာတို့ ရရှိရေး ဆောင်ရွက်ပေးသည်ဟု အမြဲတန်းအတွင်းဝန်ထံမှ သိရသည်။
“ကျောင်းသားတွေပါလာရင်လည်း ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ကျောင်းပြောင်းတွေ လုပ်ပေးပါတယ်” ဟု အမြဲတန်းအတွင်းဝန်က ပြောသည်။
တနိုင်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်ဂျာကလည်း စစ်ပြေးဒုက္ခသည်များထဲမှာ ကလေး၂ဝဝ ကျော်ကို တနိုင်းမြို့ပေါ်ရှိ မူလတန်း၊ အလယ်တန်းကျောင်းများတွင် တက်ရောက်နိုင်ရန် အပ်နှံပေးပြီးဖြစ်သည်ဟု ရှင်းပြသည်။
“ကျွန်မတို့က ထမင်းကျွေး၊ နေစရာပဲပေးထားနိုင်တာလေ။ သူတို့ဘဝတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်” ဟု ဒေါ်နန်ဂျာက ဆိုသည်။
ဒုက္ခသည် သေဆုံးမှု
တနိုင်းဒေသတွင် တပ်မတော်နှင့် KIA အဖွဲ့တို့ နေ့စဉ် တိုက်ခိုက်ကြကြောင်း တနိုင်းနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ အထွေထွေအတွင်းရေးမှူး ဦးမုန်ဒန်က ဇွန် ၂၁ ရက်နေ့တွင် ပြောသည်။
“တပ်တော်ဘက်က နေ့တိုင်းစစ်အင်အားတွေတိုးနေတာပေါ့။ မြစ်ကြီးနားဘက်ကနေ တနိုင်းဘက်ကို သွားတဲ့ တပ်မတော်ယာဉ်တန်းတွေ နေ့တိုင်း တွေ့နေရတယ်။ အထဲကို ရောက်နေတဲ့ တပ်မတော်သားတွေလည်း ပြန်ထွက်လာတာ မတွေ့သေးဘူး။ ကားလမ်းတစ်လျှောက် စစ်ကူတွေလာတာပဲ တွေ့နေရတယ်။ ဒီစစ်ပွဲက ကာလရှည်နိုင်တယ်” ဟု ဦးမုန်ဒန်က ဆိုသည်။
စစ်ပြေးဒုက္ခသည်များထဲတွင် ကျန်းမာရေး မကောင်းသူများလည်း ရှိရာ အမျိုးသမီးတစ်ဦး ဇွန် ၂ဝ ရက်နေ့က သေဆုံးသွားကြောင်း ဦးမုန်ဒန် နှင့် ဘုရားကျောင်းမှ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်ဂျာက ပြောသည်။
အခြေအနေဆိုးရွားသည့် အမျိုးသမီးလူနာတစ်ဦးကို တနိုင်းဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ ပြောင်းရွှေ့ထားရကြောင်း ဦးမုန်ဒန်က ဆက်ပြောသည်။
“ဘုရားကျောင်းက သမံတလင်း ဆိုတော့ ဝါးကပ်ခင်း၊ ဖျာခင်းပြီး နေခိုင်းရတာပေါ့။ အသက်ကြီးပိုင်း၊ ကလေးပိုင်းတွေက ကျန်းမာရေး တော်တော်ဆိုးလာတာရှိတယ်။ နောက်ပြီး ဟောခန်းထဲမှာ အမျိုးသမီးတွေ အနေနဲ့အမျိုးသားတွေနဲ့ ရောနှောနေရတဲ့အတွက် အင်မတန် မလွတ်မလပ်နဲ့ နေရထိုင်ရတာ ခက်တဲ့ အနေအထား ရှိတယ်” ဟု ဦးမုန်ဒန်က ဆိုသည်။
မိသားစုလိုက် ပြေးလာကြသူများဖြစ်သောကြောင့် မိသားစုလိုက် ခိုလှုံနိုင်သည့်နေရာ အရေးတကြီး လိုအပ်နေသည်ဟု သူက ရှင်းပြသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး
နိုင်ငံတော်က တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် တနိုင်းမြို့ရှိ ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေသဖြင့် နယ်မြေရှင်းလင်းမည်ဖြစ်သောကြောင့် ဇွန် ၁၅ နောက်ဆုံးထားပြီး ရွှေမှော်များမှ ထွက်ခွာရန် ရေးသားထားသော စာများကို တပ်မတော်က ဇွန် ၅ ရက်နေ့တွင် လေယာဉ်ဖြင့် ကြဲချကြောင်း စစ်ပြေးဒုက္ခသည်များက ပြောသည်။
နမ်ဗျူ/နမ်ခမ်ကျေးရွာမှ ဒေါ်နူးခေါန်သည် တပ်မတော်က ဖြန့်ကြဲခဲ့သည့် စာရရှိသည့် အချိန်မှစ၍ တနိုင်းမြို့ပေါ်သို့ ပြေးလာပြီး တနိုင်းနှစ်ခြင်းဘုရားကျောင်းတွင် ခိုလှုံနေသူဖြစ်သည်။
“မွေးကတည်းက အခြေကျပြီး နေထိုင်လာတဲ့ နေရာတစ်ခုကို စွန့်ခွာရတာ လုံးဝ စိတ်မကောင်းဘူး။ ဘဝကို ဘယ်လိုပြန်စရမှန်းတောင် မသိတော့ဘူး။ သူများပေးမှ ကျွေးမှ စားရမယ့် ရောက်နေတာ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ အအေးကြောက်တဲ့ ကျွန်မအတွက်တော့ သမံတလင်းမှာ ဖျာပါးလေးတစ်ချပ် ခင်းပြီး အိပ်ရတာ ဘယ်လိုမှ အဆင်မပြေဘူး” ဟု နေအိမ်၊ ကျွဲ၊ နွား ၁ဝ ကောင်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထားရစ်ခဲ့ရသည့်ဒေါ်နူးခေါန်က ဆိုသည်။
ငြိမ်းချမ်းရေး
တနိုင်းဒေသ တိုက်ပွဲဖြစ်မှု နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဤအတောအတွင်း တနိုင်းဒေသ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ အစိုးရနှင့် လွှတ်တော်တို့ ထိရောက်သော ညှိနှိုင်းဆောင်ရွက်၊ တားမြစ်မှုများ ဆောင်ရွက်ရန် ကချင်နိုင်ငံရေးပါတီများက တောင်းဆိုထားသည်။
ဆွမ်ပရာဘွမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလုံဂျုံဆန်မိုင်က တနိုင်းဒေသပြည်သူတို့ ထိခိုက်မှုမရှိစေရေး အဖြေရှာပေးရန် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို တိုက်တွန်းကြောင်း ဇွန် ၁၆ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့သည်။