ရန်ကုန် – ဇူလိုင် ၄ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက်မှာ လူစုလူဝေးနဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့တဲ့အတွက် တစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေ၊ ရဲအရာရှိတွေက ပြောပါတယ်။
ဒါးပိုင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မွတ်စလင်တွေက စစ်တွေမြို့က စက်လှေကို သွားရောက် ယူဆောင်ရာမှာ ရခိုင်တိုင်းရင်းသားတချို့နဲ့ ထိပ်တိုက်တွေ့ပြီး ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒုက္ခသည် စခန်းတာဝန်ခံ ဦးခင်မောင်ရွှေက ပြောပါတယ်။
“သူတို့တွေက လက်သမားတွေ။ စက်လှေကို ဖျက်ပြီး သစ်တွေယူမယ် ဆိုပြီး သွားရာကနေ ဖြစ်တာ” လို့ ဦးခင်မောင်ရွှေက ပြောပါတယ်။
သေဆုံးသူက အသက် ၆၀ အရွယ်ရှိတဲ့ ဦးမူနုဖြစ်ပြီး ဒဏ်ရာရသွားသူတွေထဲမှာ ဒုက္ခသည် စခန်းတာဝန်ခံ တစ်ဦးဖြစ်တဲ့ ဦးလှမြင့်နဲ့ သားဖြစ်သူ အဒူရာမာန်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ရွာကြီး ရပ်ကွက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေချိန်မှာပဲ ဒါးပိုင် ဒုက္ခသည်စခန်းက တရားရုံးထုတ်လာတဲ့ မွတ်စလင်ဒုက္ခသည်တချို့လည်း တိုက်ခိုက်ခံရတဲ့အတွက် ထွက်ပြေးခဲ့ရတယ်လို့ ဦးခင်မောင်ရွှေက ဆက်ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရောက်နေတဲ့ အချိန်မှာ ပေါ်ပေါက်ခဲ့တာလို့ စစ်တွေမြို့ခံ ရခိုင်တိုင်းရင်းသား ဦးကျော်ကျော်သိန်းက ပြောပါတယ်။
စစ်တွေမြို့ အမှတ်(၂) ရဲစခန်းက စခန်းမှူး ဒုရဲအုပ်ကျော်မိုးက အခြေအနေတွေက တည်ငြိမ်နေပြီ၊ စိုးရိမ်စရာမရှိတော့ဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက မနေ့က ဒါးပိုင် ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကုလမဟာမင်းကြီးက ရခိုင်ဒေသမှာ တည်ငြိမ်မှုရဖို့ အတွက် အချိန်လိုအပ်သေးတယ်၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေ့ပြီး ဒုက္ခသည်စခန်းအခြေအနေတွေကို တင်ပြသွားမယ်လို့ ပြောဆိုကြောင်း သူနဲ့တွေ့ခွင့်ရခဲ့သူ တစ်ဦးဖြစ်တဲ့ ဒါးပိုင်က မွတ်စလင်ဒုက္ခသည် ဦးသိန်းမောင်က ပြောပါတယ်။



