အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အထူးကော်မရှင် ရပ်နားခြင်းကို သူရဦးရွှေမန်း အကောင်းမြင်

အထူးကော်မရှင်ဥက္ကဋ္ဌရာထူးမှ ရပ်နားခံလိုက်ရခြင်းက သူတည်ထောင်သည့် ပါတီသစ်တွင် ပိုမိုအာရုံစိုက်နိုင်လိမ့်မည်ဟု သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

တပ်မတော်ထိပ်တန်းခေါင်းဆောင်ဟောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွေမန်းက သူ၏ကိုယ်ပိုင် Facebook စာမျက်နှာမှတစ်ဆင့် ယနေ့နံနက်ပိုင်းက လွှင့်တင်သည့် ရုပ်သံတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“ (ဒီအခြေအနေတွေဟာ) ကျွန်တော့်အတွက်လည်း လွတ်လပ်၊ တက်ကြွ၊ နိုးကြားပြီး နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မယ်ဟု ၃ မိနစ်ကျော်ကြာသည့် ရုပ်သံဖိုင်တွင် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

၇၁ နှစ်အရွယ် သူရဦးရွှေမန်းသည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တည်ထောင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ ဖေဖော်ဝါရီ ၅ တွင် အဆိုပြုခဲ့သည်။

ပါတီထူထောင်ရာတွင် ပါဝင်မည့် ခေါင်းဆောင်ပိုင်းကိုလည်း သက်ဆိုင်ရာဌာနများက ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးနေကြောင်းလည်း ၎င်းက ပြောသည်။

အထူးကော်မရှင်ဟုလည်း လူသိများသည့် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို သက်တမ်းမတိုးရန် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်သက်တမ်း ၃ နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၂၈ တွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နှစ်စဉ်သက်တမ်းတိုးရသည့် ယင်းကော်မရှင် စတုတ္ထအကြိမ်သက်တမ်းတိုးမည့် အစီအစဉ်ကို လွှတ်တော်အမတ်အများစုက လက်မခံသဖြင့် ကော်မရှင် နိဂုံးချုပ်သွားခဲ့သည်။

သူရဦးရွှေမန်းကို ထောက်ခံသည့် လွှတ်တော်အမတ်ဟောင်းများ၊ အစိုးရအရာရှိဟောင်း အများစုပါဝင်သည့် ယင်းကော်မရှင် စတင်ဖွဲ့စည်းချိန်တွင် တပ်မတော်သားကိုယ်စားလှယ်တို့က ကန့်ကွက်ခဲ့ကြသော်လည်း လွှတ်တော်အတွင်း နေရာအများစုရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များက ထောက်ခံခဲ့သည်။

ယခုတစ်ကြိမ် သက်တမ်းတိုးရေးကို NLD ကန့်ကွက်ခြင်းမှာ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံရေးပါတီတည်ထောင်ရန် မှတ်ပုံတင်ခဲ့ခြင်း၊ ကော်မရှင်အဖွဲ့ဝင် ၁၂ ဦးခန့်က ထိုပါတီတွင် ပါဝင်လာဖွယ်ရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း NLD ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်က ပြောသည်။

နိုင်ငံရေးပါတီတစ်ခုရှိနေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ လွှတ်တော်ရဲ့ ဥပဒေပြုရေးအခန်းကဏ္ဍမှာ ဝင်ပြီး အကြံပြုဖို့ဆိုတာ သိပ်ပြီး မသင့်တော်တော့ဘူးဟု ၎င်းက သတင်းထောက်များကို ပြောသည်။

ကန့်ကွက်မဲပေးကြခြင်းသည် သက်တမ်းတိုးရေးကိုသာ ရည်ရွယ်ကြောင်း၊ ကော်မရှင်တည်ရှိခဲ့မှုကို ကန့်ကွက်ကြခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

ကော်မရှင်ဥက္ကဋ္ဌ မဟုတ်လျှင်လည်း ပြည်သူ့အကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်မည်ဟု သူရဦးရွှေမန်းပြော

သူရဦးရွှေမန်း ဦးစီးသည့် အထူးကော်မရှင်ကို သက်တမ်းမတိုးရန် လွှတ်တော်ဆုံးဖြတ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button