အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးပုဒ်မကို ဖျက်သိမ်းရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို လုံးဝပယ်ဖျက်ရန်သင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အများစုက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော ‘ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း’နှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ထိုသို့ ဆွေးနွေးကြခြင်းဖြစ်သည်။

“ဒီမိုကရေစံချိန်စံညွှန်းနဲ့လည်း မညီ၊ လူ့အခွင့်အရေးနဲ့လည်း မညီတဲ့အတွက် ပြည်သူလူထုကို ခြိမ်းခြောက်နေတဲ့ ဥပဒေဖြစ်တဲ့အတွက် သူခိုးကို သူခိုးမှန်း ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့အတွက် ပယ်ဖျက်သင့်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဆွေးနွေးသည်။

ထိုပြင်ဆင်သည့်ဥပဒေကြမ်းနှင့်ပတ်သက်၍ ယနေ့ ဆွေးနွေးသူ ၁၄ ဦးရှိခဲ့ရာ ပုဒ်မ ၆၆(ဃ)ကို လုံးဝ ပယ်ဖျက်သင့်သည်ဟု အကြုံပြုဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးရှိခဲ့ပြီး ခြောက်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ကလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) သည် ဥပဒေအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ လုံးဝမရှိသင့်ဟု ယူဆခြင်းကြောင့် ယင်းဥပဒေကို လုံးဝပယ်ဖျက်ရန် သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက ၆၆ (ဃ) တွင် ပါရှိသည့် “အသရေဖျက်မှု”ဆိုသည့် အငြင်းပွားဖွယ် စကားရပ်ကို ပြင်ဆင်ရန်လိုသည့်အပြင် ထိုပုဒ်မအပေါ်တွင် အာမခံပေးသင့်ကြောင်း အသီးသီးဆွေးနွေးကြသည်။

ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းပါ “ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည်” ဆိုသည့် အဆိုပြုစကားရပ်အား နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ထည့်သွင်း ပြဋ္ဌာန်းရန်မသင့်ကြောင်းနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ပုဒ်မခွဲ(က)သည် ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးများနှင့် ပတ်သက်၍ တားဆီးအရေးယူနိုင်ရန်အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့သည့် တစ်ဦးတည်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သက်မင်းဦးက ပြောသည်။

“ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်တဲ့ network (ကွန်ရက်) များကို ဝင်ရောက်နှောင့်ယှက်သူအား မဖြစ်မနေ အရေးယူ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ eGovernment system (နည်းပညာအခြေပြု အစိုးရ ယန္တရား) များ နှောင့်ယှက်ဖျက်ဆီးခြင်းခံရပါက နိုင်ငံတော်အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းစဉ်များ နှောင့်နှေးသွားမှာ ဖြစ်ပါတယ်။ အုပ်ချုပ်မှု ယန္တရားအား များစွာ ထိခိုက်နိုင်တာကြောင့် နိုင်ငံတော်အတွက်လည်း ကြီးမားသောဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်သွယ်ရေးရာဇဝတ်မှု ကျူးလွန်သူတစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်အား အာမခံပေးထားခြင်းသည် သင့်လျော်မှုမရှိဟု ၎င်းက ပြောသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၅၊ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့အား အာမခံပေးနိုင်သည်ဟု ပြင်ဆင်ရန် ထည့်သွင်းထားခြင်းသည် ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးဆောင်ရွက်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း ဗိုလ်မှူးသက်မင်းဦးက ပြောသည်။

“လူ့အခွင့်အရေးကာကွယ်မှုတစ်ခုတည်းသာ မရှုမြင်ဘဲ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်များဖြင့် သုံးသပ်သင့်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ မတရားတားဆီး ကန့်ကွက်ခြင်း ၊ အသရေဖျက်ခြင်း ၊ နှောင့်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း … တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါလျှင် ထိုသူအား သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေပုဒ်မကို ပြင်ဆင် သို့မဟုတ် ပယ်ဖျက်ပေးဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုမှုလျက်ရှိသည်။

ယခင်အစိုးရလက်ထက်တွင် ၆၆ (ဃ) ဖြင့် တရားစွဲခံရမှု ခုနစ်မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရမှု ငါးမှု ရှိခဲ့ကြောင်း လက်ရှိအစိုးရလက်ထက်တွင် ရုံးတင်တရားစွဲဆိုခံရသည့် အမှုပေါင်း ၆၉ မှုရှိပြီး ပြစ်ဒဏ်ချမှတ်ပြီးအမှု ၁၁ မှု၊ လတ်တလော အာမခံမရရှိဘဲ အချုပ်ကျနေသော အမှုကိုးမှု ရှိကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ (Research Team For Telecommunications Law) အဖွဲ့၏ ဇူလိုင်လ ၂၃ ရက်နေ ထုတ်ပြန်ချက်များ အရသိရသည်။

ထိုအမှုများထဲတွင် တပ်မတော်ကတရားစွဲခဲ့သောအမှု ခုနစ်မှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတရားစွဲခဲ့သောအမှု ခြောက်မှု နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ကြားလူများက တရားစွဲခဲ့သောအမှု ရှစ်မှုရှိကြောင်း သိရသည်။

ထို့ပြင် သတင်းမီဒီယာသမားများအပေါ် အရေးယူထားသောအမှု ၁၀ မှု အထိရှိနေပြီး သတင်းသမား ၁၈ ဦး တရားရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိချက်များအရ သိရသည်။

၂ဝ၁၇ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့အထိကောက်ခံရရှိသော စာရင်းများအရ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း ၇၆ မှု ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ တွက်ချက်မှုများတွင် တိုင်ကြားသူရှိပြီး တရားခံမဖော်ထုတ်နိုင်သေးသောအမှုများနှင့် ရဲစခန်းမှာတွင်ပင် ပိတ်သိမ်းသွားသည့် အမှုများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိကြောင်း ယင်းအဖွဲ့ဝင် ကဗျာဆရာမောင်ဆောင်းခက ပြောသည်။

မောင်ဆောင်းခ ကိုယ်တိုင်က ၆၆(ဃ)ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရသူဖြစ်သည်။

ပုဒ်မ ၆၆ဃ ပြင်ဆင်မှုနှင့်ပတ်သက်၍ လွှတ်တော်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့တွင် အဓိက တာဝန်ရှိကြောင်း၊ ပြင်သည်ဆိုရာတွင်လည်း အာမခံပေးနိုင်သည်ဟု ပြင်ဆင်ရုံဖြင့် တရားမျှတမှု ပိုရှိမလာနိုင်ကြောင်း ၎င်းက ပြောသည်။

“လူတစ်ယောက်ကို အချိန်မရွေး လုပ်ကြံဖန်တီးပြီးတော့ တရားစွဲလို့ရတာရှိတယ်။ အသရေဖျက်မှု မြောက်မမြောက်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက ဝေဝါးတယ်လေ။

လူတစ်ယောက်က ဝေဖန်တယ်။ ဒါကို တစ်ဖက်သတ် ‘ငါ့ကို အသေရေဖျက်ပါတယ်’ ဆိုပြီး တရားစွဲရင်လည်း ဒီဥပဒေအရ ခွင့်ပြုနေရပြန်ရော။ အဲ့ဒီလို အခြေအနေမျိုးမှာ အာဏာရှိတဲ့သူတွေ၊ သြဇာရှိတဲ့သူတွေက ဒီဥပဒေကို အသုံးချလာတဲ့အခါ စွပ်စွဲခံရတဲ့သူက ပိုပြီးတော့ လွတ်မြောက်နိုင်ခြေ နည်းသွားတာပေါ့။ အာမခံပေးရုံနဲ့ကတော့ လုံးဝ အဖြေ ဖြစ်မလာနိုင်ဘူး။ ဒီလိုအမှုတွေက လျော့သွားမှာမဟုတ်ဘူး။ ဒီအမှုနဲ့ မတရား ဖမ်းဆီး ထောင်ချခံရခြင်းကလည်း လွတ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု မောင်ဆောင်းခက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button