
ရန်ကုန်မြို့နယ်တွင်နေထိုင်သော အမျိုးသမီးတစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်အမတ်တစ်ဦးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူကို ရန်ကင်းမြို့နယ်တရားရုံးတွင် ဇူလိုင်လ ၂၆ ရက်နေ့က ဒုတိယအကြိမ် စစ်ဆေးခဲ့သည်။
၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် တရားစွဲဆိုခံရထားရသူ ရန်ကင်းမြို့နယ်နေ ဒေါ်မြတ်သက်မွန်၏ အိမ်မှ ထွက်ပြေးလာသော အိမ်အကူမိန်းကလေးငယ်တစ်ဦးအရေးကိစ္စနှင့် ပတ်သက်၍ ဒေသခံ NLD ပါတီ တာဝန်ရှိသူများက အိမ်အကူနှင့် အိမ်ရှင်နှစ်ဦးလုံးကို ပါတီရုံးတွင် တွေ့ဆုံ၍ ကြားဝင်ဖြေရှင်းမှုများ ပြုလုပ်ခဲ့သည်။
ထိုဖြေရှင်းပုံနှင့်ပတ်သက်၍ မကျေနပ်သည့်သဘော သက်ရောက်သည့် စာသားများကို ဒေါ်မြတ်သက်မွန်က ၎င်း၏ဖေ့ဘွတ်အင်တာနက်စာမျက်နှာတွင် ရေးသားခဲ့ခြင်းအပေါ် နစ်နာမှုများရှိသည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရန်ကင်းမဲဆန္ဒနယ်(၁) မှ လွှတ်တော်အမတ် ဒေါ်သီတာမောင်က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် မေလက ရန်ကင်းမြို့နယ်တရားရုံးတွင် ဒေါ်မြတ်သက်မွန်ကို အာမခံဖြင့် လွှတ်ပေးလိုက်ပြီးနောက် ယနေ့တွင် ရန်ကင်းမြို့နယ်တရားသူကြီးက တရားလိုဖြစ်သူ လွှတ်တော်အမတ်ကို စစ်ဆေးမေးမြန်းခဲ့သည်။
အိမ်အကူမိန်းကလေးကိစ္စ ပါတီရုံးတွင် ဖြေရှင်းမှုများနှင့် ပတ်သက်၍ ဒေါ်မြတ်သက်မွန်က “လွှတ်တော်ကိုယ်စားလှယ်ဆိုတာ တိုင်းပြည်ကို တိုးတက်ပြောင်းလဲစေဖို့ ဦးနှောက် ကြီးကြီး ထားပြီး တွေးခေါ် ကြံဆလုပ်ဆောင် ပေးနိုင်စေဖို့ပါ။ သေးသေးမွှားမွှား ကိစ္စတွေအတွက် အချိန်ကုန်ခံ၊ နေရာတကာ ပါဝါဝင်ပြနေဖို့ မဟုတ်ပါဘူး” ဟူသော စကားရပ်များပါရှိသည့် စာပိုဒ်ကို အင်တာနက်တွင် ရေးသားခဲ့သည်ဟု တရားလိုက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
တရားရုံးကြားနာမှုတွင် ၎င်း၏ ရှေ့နေနှင့် ဒေါ်မြတ်သက်မွန်လည်း တရားခွင်သို့ တက်ရောက်ခဲ့သည်။ ၎င်းက အမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားရုံးသို့ အသေးစိတ်တင်ပြနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောသည်။
ထို့ပြင် ယခုကိစ္စနှင့် ပတ်သက်ပြီး ရန်ကင်းမြို့နယ် NLD တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးသိန်းဇော်ကလည်း အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် ရန်ကင်းမြို့နယ်တရားရုံးတွင်ပင် တရားစွဲဆိုထားခြင်းကြောင့် အဆိုပါအမှုကို တရားရင်ဆိုင်နေရသည်မှာလည်း ၈ လ ဝန်းကျင်ခန့့်ရှိပြီဖြစ်ကြောင်း ဒေါ်မြတ်သက်မွန်က ပြောသည်။
ဒေါ်မြတ်သက်မွန်ကို ပုဒ်မ ၅ဝဝ အသရေဖျက်ပုဒ်မဖြင့် သြဂုတ်လ ၈ ရက်နေ့တွင်လည်း၊ ၆၆ ဃ အမှုစွဲချက်အတွက် သြဂုတ်လ ၁၁ ရက်နေ့တွင်လည်းကောင်း ရန်ကင်းမြို့နယ် တရားရုံးတွင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ အသရေဖျက်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့အတွက် ရေးဆွဲထားသော ပုဒ်မ ၆၆(ဃ) နှင့် ပတ်သက်၍ ဖမ်းဆီးခံရမှုများ မြင့်မားလာမှုကြောင့် ဇူလိုင် ၂၅ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ထိုပုဒ်မ ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးစဉ် ပါဝင်ဆွေးနွေးသည့် လွှတ်တော် အမတ် ၁၄ ဦးအနက် ၇ ဦးက ထိုပုဒ်မကို ဖျက်သိမ်းသင့်ကြောင်း တင်ပြခဲ့ကြသည်။