
ရက္ခိတလမ်းစဉ်ခေါ် ရခိုင်လူမျိုးတို့၏ ရည်မှန်းချက်ဆိုသည်မှာ တိတိပပအနက်ဖွင့်၍ မရနိုင်ပါ။ သို့ရာတွင် ထိုလမ်းစဉ်ကပေးသည့် ရခိုင်တစ်မျိုးသားလုံး ညီညွတ်ကြလော့ဆိုသည့် သတင်းစကားမှာမူ အရှိန်သြဇာကြီးလှသည်။
တစ်ချိန်က ရခိုင်တို့၏ ဘုရင့်နိုင်ငံတော် အတိတ်ဖြစ်ရပ်များကို အတွေးပန်းချီတွင် တစ်ဖန် ပြန်နိုးကြွလာစေသော ရက္ခိုင့်တပ်မတော်(AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရက္ခိတလမ်းစဉ်အကြောင်းပြောဆိုချက်များသည် ရခိုင်လူမျိုးတို့ကို လှုပ်နှိုးလိုက်သလိုပင်ဖြစ်သည်။ လက်ရှိအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးအတွက် စေ့ဆော်ပြောဆိုမှုများသည်ပင် ယခုလောက် ပြည်သူလူထုကို စိတ်ဓာတ်နိုးကြားအောင် မတတ်နိုင်ပါ။
သို့သော် ရခိုင်လူမျိုးတို့ကြား ရေပန်းစားထိုးဖောက်နေသည့် ‘ရက္ခိတလမ်းစဉ်’ ဆိုသည်ကပင်လျှင်လာမည့်နှစ်များစွာအတွင်း ရခိုင်ပြည်သူများအတွက် ဒုက္ခဆိုးများ တိုးသည်ထက်တိုးလာစေအောင် ဖန်တီးမည့်အရာပင် ဖြစ်တော့သည်။
ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော်တို့ကြား စစ်ပွဲများ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ AA က ကိုယ်ပိုင်အချုပ်အခြာပိုင် နယ်မြေထူထောင်ရန် လက်နက်ကိုင်စွဲပြီး တပ်မတော်ကိုပုန်ကန်ခဲ့သည်။ AA တို့အင်အားကြီးထွားလာသည်နှင့်အမျှ တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာသည်။ ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင်တော့ AA က ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး၊ ကိုးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် AA က လက်နက်ငယ်များ နှင့် ထောင်သောင်းချီသော ခဲယမ်းပစ္စည်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများသိရှိရသည်။
ထိုတိုက်ခိုက်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့က AA အား “အကြမ်းဖက်အဖွဲ့အစည်း” တစ်ခုအဖြစ် ကြေညာခဲ့ပြီး၊ နယ်မြေရှင်းလင်းရေး၊ သောင်းကျန်းသူ တန်ပြန်နှိမ်နင်းရေး နည်းလမ်းများသုံးစွဲပြီး ချေမှုန်းရန် မြန်မာစစ်တပ်ကို အမိန့်ပေးစေခိုင်းခဲ့သည်။
အကျိုးဆက်အားဖြင့် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နှင့် ဘူးသီးတောင်မြို့နယ်များတွင် အရပ်သား ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ စစ်ဘေးဒုက္ခသည်များ ဖြစ်လာခဲ့သည်။
တိုက်ပွဲများကြောင့် အဓိက အတိဒုက္ခရောက်ကြသူ အရပ်သားများမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်သည်။
မေးစရာရှိသည်မှာ ရခိုင်လူမျိုးတို့ကြား AA ကို ဘာကြောင့် လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြသနည်းဆိုသည့် အချက်ဖြစ်သည်။ အမှန်တော့ မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရန် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် ကြိုးပမ်းနေစဉ်တွင် ရခိုင်လူမျိုး ၅၀၀၀ ကျော်ကို အခြေအနေမဲ့အောင် ဖြစ်စေခဲ့သော တိုက်ပွဲများကို အစပျိုးခဲ့သည်မှာ AA ဖြစ်သည်။
သို့သော်လည်း အစိုးရ၏ ငြိမ်းချမ်းနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံရေးများဖြစ်ပေါ်အောင် ကြိုးပမ်းမည်ဆိုသော အသံများသည် ရခိုင်လူမျိုးတို့အတွက် စိတ်ဝင်စားဖွယ်မရှိပါ။ ရခိုင်လူမျိုးတို့သည် အတိတ်က ဗမာလူမျိုးတို့အပေါ် သမိုင်းကြောင်း မကျေနပ်မှုများကို မမေ့နိုင်သလို၊ ၎င်းတို့ရင်ဆိုင်နေရသည့် မျက်မှောက်ခေတ် ပကတိနိုင်ငံရေး အခြေအနေများကိုလည်း ကောင်းစွာ သိကြပါသည်။
ဗမာဘုရင့်တပ်တို့၏ ကျူးကျော်သိမ်းပိုက်မှုမခံရခင် ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်ထိ ရခိုင်ဘုရင့်နိုင်ငံတော်သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းနိုင်သော သီးခြားလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ဗမာတို့အား စစ်ရှုံးခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ ရခိုင်ပြည်သည် လွတ်လပ်မှုဆိတ်သုဉ်းခဲ့ပြီး၊ ဗမာတို့၏အုပ်ချုပ်မှုမှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၀၀ ကျော်ပင် တိုင်ခဲ့ပြီဖြစ်သည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင် သယံဇာတ အလွန်ပေါများလှသော်လည်း လူမှုစီးပွားချွတ်ခြုံကျမှု၊ လူတန်းစားမညီမျှမှုများကို တွေ့မြင်ရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေအထွေရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံ၏တတိတ အင်အားအကြီးဆုံး ဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) သည် တစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ် ၄၅ နေရာ အနိုင်ရရှိခဲ့သည်။ ထိုသို့ ၄၅ နေရာ ရရှိသည့်တိုင် ရခိုင်ပြည်နယ်၏အုပ်ချုပ်ရေးပိုင်းတွင် NLD ပါတီက ANP ကို အာဏာခွဲဝေပေးမှု မရှိခဲ့ပေ။
အလားတူနိုင်ငံရေးအခက်အခဲများကို အတိတ်ကလည်း ရခိုင်တို့ကြုံတွေ့ခဲ့ရပြီး ရခိုင်လူမျိုးများက တန်ပြန်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ စတင်သော ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အုပ်ချုပ်ရေးကာလအတွင်း ရခိုင်အမျိုးသားလွတ်လပ်ရေးတပ် (AIA)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) တို့သည် ‘ငါတို့ရခိုင်ပြည်နယ်ကို ငါတို့ရခိုင်တွေသာ အုပ်ချုပ်နိုင်ရေးအတွက် ရက္ခိုင့်လွတ်လပ်ရေးပေး’ ဆိုကာ လက်နက်စွဲကိုင် ပုန်ကန်ထကြွခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ထိုနှစ်ဖွဲ့လုံး ပြိုကွဲသွားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးစီးကာ လွတ်လပ်သောရခိုင်ပြည်အတွက် တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် ရက္ခိုင့်တပ်မတော် (AA) နှင့် ညီညွတ်သော ရက္ခိုင့်အဖွဲ့ချုပ်(ULA) တို့ကို တည်ထောင်ခဲ့သည်။
ထိုအချိန်မှစ၍ AA သည် အင်အားလျင်မြန်စွာ တိုးချဲ့လာနိုင်ခဲ့ပြီး အချို့သောခန့်မှန်းချက်အရ စစ်သည်အင်အားမှာ ၇၀၀၀ ခန့် ရှိသည်ဟု သိရသည်။ AA သည် စစ်အင်အားနှင့် ရခိုင်လူထုအကြား အရှိန်သြဇာတို့ တိုးပွားလာသည်နှင့်အမျှ ရခိုင်လူမျိုးများအတွက် ရခိုင်ပြည်နယ်ကို အတိတ်ကကဲ့သို့ လွတ်လပ်ပြီး ဂုဏ်ရှိန်ဝင့်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲအောင်ဖန်တီးမည့် တစ်ခုတည်းသော ကယ်တင်ရှင်အဖြစ် ၎င်းကိုယ်၎င်း ပုံဖော်လာသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင် ချပြသော “ရက္ခိတလမ်းစဉ်” ဟူသော အယူအဆသည် အဖိနှိပ်ခံစိတ် နက်နက်ရှိုင်းရှိုင်း ကိန်းဝပ်နေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုက်ယူလိုသော ရခိုင်လူမျိုးတို့နှင့် အလွန်ပင် အံကိုက်ဖြစ်သွားခဲ့သည်။
ရခိုင်တို့ လက်နက်ကိုင်ပုန်ကန်ရခြင်း၏ ရည်မှန်းချက်တစ်ခုမှာ လုံးဝလွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ထူထောင်ရေးဟု အနက်ဖွင့်ကြသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ သူဆိုလိုသည်မှာ အခြားသော ပြည်နယ်များထက် လုပ်ပိုင်ခွင့်ပိုမိုရှိသည့် ဝ ပြည်နယ်ကဲ့သို့သော ‘ကွန်ဖက်ဒရိတ်’ အဆင့်မျိုး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရခိုင်ပြည်နယ်အတွက် ရရှိရေးဖြစ်ကြောင်း ဆိုသည်။
ရက္ခိတလမ်းစဉ်ကိုမည်သို့ပင်အနက်ဖွင့်စေကာမှု ရခိုင်လူမျိုးများအဖို့ ထိုဆော်သြချက်သည် ဗမာတို့၏ဗိုလ်ကျစိုးမိုးမှု နိဂုံးချုပ်ရေး၊ ကိုယ်ပိုင်အချုပ်အခြာနိုင်ငံတော်တစ်ခု တည်ထောင်ရေးဆိုသည့် ၎င်းတို့ဘိုးဘွားတို့၏ ဆန္ဒကို ပြန်လည်လှုပ်နိုးလိုက်ခြင်းဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဖော်ဆောင်ရေးအတွက် မြန်မာအစိုးရက ကြွေးကြော်မှုများ ပြုလုပ်နေသော်လည်း ရခိုင်ပြည်နယ်တွင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ဖြစ်ပေါ်လာခဲ့ခြင်း မရှိသေးသကဲ့သို့၊ သွေးထွက်သံယိုပဋိပက္ခများ ချုပ်ငြိမ်းစေခြင်း မရှိသေးပါ။
ဒီမိုကရေစီအဆောက်အအုံများနှင့်တကွ ယင်းအဆောက်အအုံများကို မောင်းနှင်နေသော ဗဟိုအစိုးရတို့ကို ရခိုင်လူမျိုးတို့ အယုံအကြည်ကင်းမဲ့နေကြပါသည်။
ထို့အတွက် ၎င်းတို့ကို အပြစ်ဖို့၍မရပါ။
စီးပွားရေးအခွင့်အလမ်းများ ကင်းမဲ့နေခြင်း၊ နိုင်ငံရေးအရကိုယ်စားပြုမှုတွင် ပစ်ပယ်ခံထားရခြင်း၊ ရခိုင်ပြည်နယ်မှ လူဦးရေ ပို၍ပို၍ ထွက်ခွာနေကြခြင်းနှင့် နှစ်ပေါင်းများစွာ အဆက်မပြတ် ကျရောက်လာသော ဖိအားများသည် တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်လာစေရန် အကြောင်းဖန်လာပါသည်။ ၎င်းတို့ရင်ဆိုင်နေရသော ပြဿနာများအတွက် တစ်နည်းတစ်ဖုံ အဖြေရှာရန် ရခိုင်လူမျိုးတို့ ကြိုးစားကြသည်မှာ မမှားပါ။
ထိုအခြေအနေတွင် AA နှင့် ရက္ခိတလမ်းစဉ်အယူအဆများရောက်ရှိလာခြင်းဖြစ်သည်။
ယခုကဲ့သို့သော ရည်မှန်းချက်များ၊ အယူအဆများသည် အတိတ်က ရွှေထီးဆောင်းခဲ့သည်များကို ပြန်ပြောင်း လွမ်းဆွတ်စရာ ဖြစ်ပေါ်စေသည်ဆိုသော်လည်း အမှန်တွင်မူ ထိုအချက်များသည် ရခိုင်လူမျိုးတို့အတွက် လာလတံ့သော ကာလများတွင် ပို၍ဆိုးသော
ဒုက္ခများကိုသာ ဆောင်ကြဉ်းလာဖို့ အလားအလာရှိပေသည်။
(ရခိုင်အမျိုးသား အလွတ်တန်းသတင်းသမား ကျော်လင်း၏ Asia Times သတင်းစာမျက်နှာတွင် ရေးသားထားသော ‘The Way of Rakhita’: dream or nightmare? ဆောင်းပါးကို Myanmar Now က မြန်မာဘာသာပြန်ဆိုထားပါသည်။)