
ရန်ကုန် – နမ္မတီးမြို့ ကဆုန်ရွာတွင် ဖြစ်ပွားသော ပစ်ခတ်မှုများကြောင့် တိမ်းရှောင်လာသူတို့ကို သွားရောက်ကူညီမည့် မော်တော်ယာဉ်တန်းတစ်ခုသည် သြဂုတ် ၁၇ ရက်နေ့က လမ်းတွင် တားဆီးခံထားရသဖြင့် ခရီးဆက်ခွင့်ရန် လုံခြုံရေးအဖွဲ့တာဝန်ရှိသူတို့နှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
တိမ်းရှောင်လာသူတို့အတွက် အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း တားဆီးခံရသည့် နေရာမှာ မြို့နှင့် မိုင် ၂ဝ ကျော် ဝေးကွာသည့် ကာမိုင် စုပေါင်းဂိတ်အနီးတွင် ဖြစ်ကြောင်း ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မီဒီယာတာဝန်ခံ ကိုတူးလွင်က ပြောသည်။
ဖားကန့်မြို့နှင့် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်များဖြစ်ကြောင်း၊ ဖောင်ဒေးရှင်းတာဝန်ခံတို့က ဆက်လက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ကိုတူးလွင်က ညနေ ၄ နာရီခန့်တွင် ပြောသည်။
ကား ၄ စီး ခရီးဆက်ခွင့်ရန် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းဗိုလ်ထံမှ သိရသည်။
“လောလောဆယ်တော့ သူတို့က အထက်ကိုတင်ပြဦးမယ်ဆိုပြီး ခဏ တားထားပါတယ်။ လူကြီးကို သတင်းပို့ပြီးရင်တော့ လွှတ်ပေးပါမယ်လို့တော့ ပြောတယ်” ဟု ဦးဝင်းဗိုလ်က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိမ်းရှောင်ထွက်ပြေးသူတို့ကို ကူညီရန် လာရောက်သည့် အဖွဲ့များ ဤသို့သော အခက်အခဲနှင့် ရင်ဆိုင်ရခြင်း မရှိကြောင်း လမ်းခွကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ကျောင်းမှ သင်းထောက်ဆရာ ဦးဆိန်ဂေါင်က ပြောသည်။
“တခြားအဖွဲ့တွေကတော့ ချောချောမောမော ရောက်လာတာပဲ။ ဒီတစ်ဖွဲ့ကျမှ တားဆီးခံရတယ်လို့ကြားတာ” ဟု ဦးဆိန်ဂေါင်က ဆိုသည်။
ပစ်ခတ်မှုကြောင့် တိမ်းရှောင်လာသူ ၆ဝဝ ကျော်ကို ကျောင်းတွင် နေရာထိုင်ခင်းပေးထားကြောင်း၊ သောက်သုံးရေ လိုအပ်နေသကဲ့သို့ ချက်ပြုတ်ကျွေးမွေးရန် နေ့စဉ် ဆန် ၆ အိတ်ခန့် လိုအပ်ကြောင်း သူက ဆက်ပြောသည်။
တိမ်းရှောင်လာသူတို့အတွက် နေရာထိုင်ခင်း အခက်အခဲ ရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဆန်က ပြောသည်။
ကက်သလစ်ခရစ်ယာန်ကျောင်းတွင်လည်း တိမ်းရှောင်လာသူ ၄၈၉ ယောက် ရှိခဲ့ကြောင်း၊ ၎င်းတို့အထဲမှ ၂ဝဝ ကျော်ကို မြို့ဦးရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ကျောင်းသို့ ပြောင်းရွှေ့ နေရာချပေးထားကြောင်း အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။