အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျူးကျော်မြေကွက် လိမ်ရောင်းသူတို့ကို ရဲတပ်ဖွဲ့လိုက်ရှာ

ရန်ကုန် – ရန်ကုန်မြို့ပြင်တွင် ကျူးကျော်ရပ်ကွက်ဖြစ်လာစေသည်အထိ ပြဿနာတက်ခဲ့သော အမှုကြီးတွင် မြေကွက်အများအပြား စနစ်တကျ အကွက်ချ ရောင်းစားသွားသည်ဟု ယူဆရသူတို့ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေသည်ဟု လှည်းကူးမြို့မရဲစခန်းမှ ဒုရဲမှူးမောင်မောင်ဦး သြဂုတ် ၂၂ ရက်နေ့က ပြောသည်။

ရဲတပ်ဖွဲ့ အလိုရှိများထဲတွင် ဦးပြုံးချို ဟု အမည်ရသောသူ ပါဝင်နေသည်ဟု ဒုရဲမှူးထံမှ သိရသည်။

“အဓိက လူဖြစ်တဲ့ ဦးပြုံးချိုကို ဖမ်းမိဖို့ ကြိုးစားနေတယ်။ ဖမ်းမိနိုင်မယ့် အလားအလာတွေလည်း ရှိပါတယ်” ဟု ဒုရဲမှူးက ပြောသည်။

မြေကွက် ရောင်းချသွားသူများကို တိုင်ကြားထားသည့် အမှု ၈ မှုအထိရှိနေပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်မှ ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၄၂ဝ/၁၁၄ ဖြင့် အမှုဖွင့်ထားသည်။

ကျူးကျော်မြေကွက်ရောင်းချသည်ဟု ယူဆရသူများထဲမှ နှစ်ဦးကို လဆန်းပိုင်းက လှည်းကူးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ အာမခံပေးလိုက်သဖြင့် ပြင်ပမှ တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း အမှုစစ်အရာရှိတစ်ဦးဖြစ်သည့် ဒုရဲအုပ်ရန်အောင်ထံမှ သိရသည်။

“ဖမ်းမိတဲ့ ညနေမှာပဲ သူက လုံလောက်တဲ့အာမခံနဲ့ လျှောက်ထားတော့ အာမခံပေးလိုက်တယ်” ဟု ဒုရဲအုပ်ရန်အောင်က ပြောသည်။

ဖမ်းဆီးရမိရေး ကြန့်ကြာနေရခြင်းမှာ အချက်အလက် အပြည့်အစုံ မရသေးသောကြောင့်ဖြစ်သည်ဟု လှည်းကူးရဲစခန်းက ပြောသည်။

ရဲတပ်ဖွဲ့ကို အချက်အလက်ပေးနိုင်ရန် ဝိုင်းဝန်းစုံစမ်းနေသည့် တရားလိုတစ်ဦးမှာ ဦးသိန်းအောင် ဖြစ်သည်။

“အမြန်ဆုံး ဖမ်းဆီးရမိစေချင်တဲ့အတွက် ကျွန်တော်တို့ပါ လိုက်စုံစမ်းနေတယ်။ သူတို့လိုချင်တဲ့ အချက်အလက်တွေလည်း ပေးလို့ရအောင်။ ကျွန်တော်တို့က ခံခဲ့ရတဲ့သူတွေဆိုတော့ ရဲတပ်ဖွဲ့လုပ်ဆောင်နေတဲ့အပေါ်မှာ အားမလိုအားမရဖြစ်မိတယ်” ဟု ဦးသိန်းအောင်က ပြောသည်။

ဇွန်လလယ်ပိုင်းက အမြန်လမ်းမကြီးဘေးရှိ ကျူးကျော်နေအိမ် ၆,ဝဝဝ ခန့် ကို တိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် ရှင်းလင်းဖယ်ရှားခဲ့ပြီးနောက်တွင် မြေကွက်ဝယ်ထားသူတို့က ရောင်းချသူတို့ကို အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ရှင်းလင်းလိုက်သည့် နေရာတွင် လူနေအိမ်၊ အပန်းဖြေစခန်းတို့ ပါဝင်သည့် စီမံကိန်းတစ်ခုကို စတင်လျက်ရှိကြောင်း၊ လူနေအိမ်ခန်း ၄,ဝဝဝ ခန့် ဆောက်လုပ်ရန်အတွက် မြေပြင်ခြင်းလုပ်ငန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်ထံမှ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button