သတင်း

လှုံ့ဆော်စာကို “နားလည်မှုလွဲပြီး” ဖြန့်ဝေခဲ့မိသည်ဟု အင်းစိန်အုပ်ချုပ်ရေးမှူးပြော

ရန်ကုန် – ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတချို့က ဘာသာရေးအဓိကရုဏ်းဖြစ်ပွားစေသည့် လှုံ့ဆော်စာကို စက်တင်ဘာ ၁ဝ ရက်နေ့တွင် “နားလည်မှုလွဲပြီး” ဖြန့်ဝေခဲ့မိသည်ဟု အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောသည်။

ဖြန့်ဝေခဲ့သည့်စာရွက်တွင် အကြမ်းဖက် တိုက်ခိုက်မည့်သူတို့က အသေခံအဖွဲ့များ ဖွဲ့ထားကြောင်း၊ မီးရှို့ဖျက်ဆီးရန် လောင်စာပစ္စည်း စုဆောင်းထားသဖြင့် သတိထား စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ စနစ်တကျ ပြန်လည် တုံ့ပြန်ရေးအတွက် ကိုယ်ခံပညာ သင်ကြားရန် လိုအပ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။

အဆိုပါစာမှာ အများပြည်သူကြားဖြန့်ရန် မရည်ရွယ်ဘဲ လူမှုကွန်ရက်စာမျက်နှာတစ်မျိုးဖြစ်သည့် Viber တွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြန်လည်မျှဝေခြင်းသာ ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောသည်။

“ကျွန်တော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရယ်၊ ရဲတပ်ဖွဲ့ဝင်တွေရယ်မှာ Viber Group လေးတွေ ဖွဲ့ထားတယ်။ ကိစ္စတစ်ခုခုရှိရင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရအောင် လုပ်ထားတယ်။ ဒီလို သတင်းလေးတွေရှိနေတယ် ဆိုတဲ့အကြောင်းကို သိအောင်လို့ ဖြန့်တယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း နားလည်မှုလွဲပြီးတော့ ပြန်ဖြန့်လိုက်တဲ့သဘောမျိုးပါ။ ဖြန့်ခိုင်းတယ် ဆိုတာကတော့ မဟုတ်ပါဘူး” ဟု ဦးအေးမင်းက ပြောသည်။

ရပ်ကွက်အတွင်း စာဖြန့်ဝေခြင်းအကြောင်းကို အထက်အဆင့်ဆင့်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အရေးယူ မယူကို ပြန်လည် ညွှန်ကြားလာမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဝေဖြိုးဟန်က ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၏ ကိုင်တွယ်မှုကို စောင့်ကြည့်နေသည်ဟု စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြောသည်။

“ဒီကနေ့မနက်အထိမှာတော့ အရေးယူဆောင်ရွက်မှု အားနည်းနေသေးတယ်။ အုပ်ချုပ်ရေးပိုင်းကနေ ဘာအရေးယူဆောင်ရွက်မှုမှ မရှိသေးဘူး” ဟု အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်အမတ်က ပြောသည်။

စာစီပြီး ဖြန့်ဝေခြင်း

လှုံ့ဆော်စာကို ရာအိမ်မှူးများက ဝေငှနေသည်ဟု အင်းစိန်မြို့နယ်၊ ကမ်းနား အလယ် ရပ်ကွက်နေ ပြည်သူများက စတင် သတင်းပို့ခဲ့ကြောင်း၊ စာဝေသူတစ်ဦးဖြစ်သူ ကမ်းနားအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်ဆန်းကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

“မေးတဲ့အခါမှာ အုပ်ချုပ်ရေးမှူးက သူလုပ်ပါတယ်၊ ရာအိမ်မှူးတစ်ယောက်ကို သူ့ဖုန်း ပေးလိုက်ပြီးတော့ ဒါကို စာစီစာရိုက် လုပ်ခိုင်းလိုက်တယ်ပေါ့။ ဖုန်းကိုပေးလိုက်တယ်ဆိုတော့ ဒီဟာကိုဘယ်ကတွေ့တာလဲလို့ မေးတော့ နယ်ထိန်းခေါင်းဆောင် ကိုဝင်းလှိုင်ဆီက ပို့ပေးထားတယ်လို့ ဖြေပါတယ်။ ကျွန်တော်က မြို့နယ် ရဲတပ်ဖွဲ့မှူးကို ဒါက ဘယ်လိုဖြစ်တာလဲဆိုပြီးတော့ မေးတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးရော၊ မြို့နယ် အုပ်ချုပ်ရေးမှူးကရော ဒါဟာ လုံခြုံရေးသတိရှိဖို့ ပို့တာ ဆိုပြီး ဖြေတယ်” ဟု ဦးဝေဖြိုးဟန်က ရှင်းပြသည်။

တွေ့ဆုံမေးမြန်းခဲ့သည့် ရာအိမ်မှူး ၅ ဦးကလည်း စာဖြန့်ဝေခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သူက ဆက်ပြောသည်။

စာဖြန့်ပြီး နောက်တစ်နေ့တွင် ရပ်ကွက် အတွင်း ယခင်နေ့များထက် သိသိသာသာ တိတ်ဆိတ်နေခဲ့ကြောင်း၊ မိဘ အများအပြားကလည်း ၎င်းတို့၏ ကလေးများကို ကျောင်းသို့ စေလွှတ်ခြင်း မပြုကြကြောင်း အလယ်ကမ်းနားရပ်ကွက် အောင်ဇေယျ အိမ်ရာမှ ဦးလှမိုးက ပြောပြသည်။

“စာရွက်တွေဖြန့်နေတယ် ဘာညာဆိုတော့ ကိုယ်လည်း စိုးရိမ်တာပေါ့၊ တပည့်တွေဆိုရင် အပေါ်ထပ်နဲ့ အောက်ထပ်တောင် မဆင်းခိုင်းဘူး။ အဲဒီမနက်ကဆိုရင် ကျွန်တော်ဆို အလုပ်တောင် နားလိုက်ရတယ်” ဟု သံပန်းလုပ်ငန်းလုပ်ကိုင်သူ ဦးလှမိုးက ပြောသည်။

ထိုသို့ လှုံ့ဆော်မှုကို ထိထိရောက်ရောက် အရေးယူစေလိုသည်ဟု အင်းစိန် အလယ်ကမ်းနားရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဦးမြအေးက ဆိုသည်။

“အဲဒီပြဿနာက တော်တော်ကြီးသွားတာ။ ကျောင်းသားတွေတောင် ကျောင်းမတက်ကြဘူး” ဟု ဦးမြအေးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကမ်းနားအလယ်ရပ်ကွက် ဥက္ကဋ္ဌ ဦးဇင်မင်းဦးက ရပ်ကွက်အတွင်း ထူးခြားဖြစ်ရပ်အကြောင်းကို ၎င်း၏ ပါတီသို့ သတင်းပို့ထားသည်ဟု ဆိုသည်။ သို့သော်လည်း လှုံ့ဆော်စာ ဖြန့်ဝေမှုဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိပေ။

ထိုဖြစ်ရပ်ဖြစ်ပွားချိန်မှာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တို့တွင် ဆူပူစေရန် လှုံ့ဆော်နေကြချိန်နှင့် တိုက်ဆိုင်နေသည်။

စာဖြန့်ခဲ့သည်ဟုဆိုသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်ဆန်းကို Myanmar Now က စက်တင်ဘာ ၁၃ တွင် သွားရောက် တွေ့ဆုံရာ သူက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

Show More

Related Articles

Back to top button