သတင်း

အင်းစိန်ထောင်အနီး တရားသူကြီးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခံရ

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်အနီးတွင် ယနေ့ (ဩဂုတ်၃၀) မွန်းတည့် ၁၂ နာရီခွဲခန့်က တရားသူကြီးနှင့် ဥပဒေအရာရှိအချို့ စီးလာသည့် မော်တော်ယာဉ် သေနတ်ဖြင့် ပစ်ခံရသည်။

လှည်းကူးမြို့နယ် တရားသူကြီးနှင့်အဖွဲ့ အင်းစိန်ထောင် အထူးတရားရုံးမှ ထွက်လာချိန်တွင် အင်းစိန်ဈေး ဘေးလမ်းကြားတွင် စောင့်နေသည့် ယာဉ်တစ်စီးက လှိုင်မြစ်လမ်းပေါ်တွင် လိုက်လံပစ်ခတ်ခဲ့ရာ လှည်းကူးမြို့နယ် ဒုတိယဥပဒေအရာရှိ ဒဏ်ရာရသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်က ပြောသည်။

တရားသူကြီးနှင့်အဖွဲ့ စီးနင်းလာသည့်ယာဉ်၏ နောက်မှန်သို့ ကျည်နှစ်ချက်ထိကြောင်း၊ ဥပဒေအရာရှိမှာ လည်ပင်းနှင့် လက်တွင် မှန်စစိုက်ဝင် ဒဏ်ရာရခဲ့ကြောင်း ထိုသတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုအတွင်း လမ်းပေါ်ရှိ အခြားယာဉ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး ဒဏ်ရာရသွားသဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ထိုသူက ဆက်ပြောသည်။

ထိုဖြစ်စဉ်တွင် လူသေဆုံးမှုမရှိဟု ကြားသိရကြောင်း အင်းစိန်ဈေးအနီး နေထိုင်သည့် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ကားဘီးပေါက်သလို ဘာလိုလိုနဲ့ ကြားလိုက်တယ်” ဟု ၎င်းက ဆိုသည်။

အင်းစိန်ထောင်သို့ ထောင်ဝင်စာပို့ပြီး ပြန်လာသည့် အခြားအမျိုးသမီးတစ်ဦး၏ အဆိုအရ ပစ်ခတ်မှုဖြစ်ပြီးချိန်တွင် ထိုနေရာသို့ ရဲနှင့် စစ်ကားများ ရောက်လာကာ စစ်ဆေးနေကြောင်း သိရသည်။

“တကယ့်တကယ်ပစ်လိုက်တာကတော့ အဲဒီကားမှာ(တရားသူကြီးနဲ့အဖွဲ့) ပါလာမှန်းသိလို့ ပစ်တာ။ ဒါပေမဲ့ အဲဒီအချိန်မှာက အဲဒီနားမှာက ကုန်ပစ္စည်းပို့တဲ့ကားတွေရောရှိနေတော့ ပစ်လိုက်တဲ့ အချိန်မှာ အဲဒီကားက (ကြားက) ခံနေတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို ခုခံနေသည့် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက တရားသူကြီး စီးနင်းလာသည့် ယာဉ်မှာ ကျည် ၇ ချက်ထက်မနည်း ထိမှန်ကြောင်း၊ ပစ်ခတ်သူများ လွတ်မြောက်သွားကြောင်း အတည်ပြုသည်။

ထင်ရှားသည့် နိုင်ငံရေးသမားများဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ဦးကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားအရပ်သားနှစ်ဦးကို ဇူလိုင်လအတွင်း ကွပ်မျက်ပြီးနောက်တွင် အင်းစိန်ထောင်မှာ တော်လှန်ရေးအဖွဲ့တို့၏ ပစ်မှတ်ဖြစ်လာသည်။

ဩဂုတ် ၂၂ နံနက်ပိုင်းကပင် အင်းစိန်ထောင်သို့ တော်လှန်ရေးအဖွဲ့တစ်ခုက စိန်ပြောင်းဖြင့် ပစ်ခတ်သည်။ ထိုဖြစ်စဉ်အတွင်း အကျဉ်းထောင်အရာရှိ နေအိမ်ပျက်ဆီးကာ လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရသည်ဟု သိရသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။

အကျဉ်းထောင်သို့ ၆၀ မမ စိန်ပြောင်းဖြင့် ပစ်သူများကို ဖမ်းမိပြီဟု စစ်ကောင်စီက ယမန်နေ့ (ဩဂုတ် ၂၉) ညတွင် ကြေညာထားသည်။ ထိုသတင်းမှန်မမှန် ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကြားအဖွဲ့တို့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

Show More

Related Articles

Back to top button