
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် ယနေ့ (ဩဂုတ်၁၂) နံနက်က အရန်မီးသတ်တပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဘက်ရင်ဘတ်တွင် သေနတ်ကျည်ဖောက်ဝင်ကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ယနေ့ နံနက် ၈ နာရီခန့်က ဒညင်းကုန်းရပ်ကွက်၊ မြတ်ဧရာ (၂) လမ်းသွယ်တွင် နေအိမ်ရှေ့၌ ကားတာယာလဲနေသည့် အသက် ၃၇ နှစ်အရွယ် အရန်မီးသတ်တပ်ခွဲမှူး လှိုင်မင်းထွန်းကို လူ ၃ ဦးက ဆိုင်ကယ်တစ်စီးဖြင့် လာရောက် ပစ်ခတ် သွားခြင်းဖြစ်သည်။
၎င်းနှင့်အတူရှိနေသည့် ခင်မောင်ငြိမ်းဆိုသူ အမျိုးသားတစ်ဦးပါ ယာဘက်ပေါင်ကျည်ထိမှန်ခဲ့သည်ဟု သိရပြီး ၂ ဦးလုံးကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု Myanmar Now ၏သတင်းရင်းမြစ်နှင့် အင်းစိန်မြို့နယ်မှ လူမှုကူညီ ရေးအသင်းတစ်ခုထံမှ သိရသည်။
“တစ်ယောက်ဆုံးတယ်၊ တစ်ယောက်က ပေါင်ထိတယ်။ ဆေးရုံမရောက်ခင်ကတည်းက ဆုံးသွားတယ်လို့ သိရပါ တယ်“ ဟု အင်းစိန်မြို့နယ်မှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအရန်မီးသတ်တပ်ဖွဲ့ခွဲမှူးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကူညီနေသူဖြစ်ပြီး ၎င်းတို့က ဆိုင်ကယ်များ လိုက်လံ ဖမ်းဆီးရာတွင် ပါဝင်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းတို့ကို တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်ဟု ရွှေပြည်သာမြို့နယ်သတင်းများ ဖော်ပြပေးနေသော Shwe Pyi Thar Information ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အင်းစိန်မြို့နယ်၊ ဒညင်းကုန်း၊ ၁၄ လမ်းဆုံရှိ စီမံခန့်ခွဲရေးရုံးသို့ အရပ်ဝတ်စစ်ကောင်စီတပ်များ ရောက်လာကာ အခင်းဖြစ်ရာနေရာတစ်ဝိုက် စစ်ဆေးမှုများပြုလုပ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူက လူမုန်းများနေတာ ကြာပြီ။ အရှည်ကြီးဆိုတဲ့ မော်တော်ပီကယ် (အင်းစိန်မှာ) အသတ်ခံရကတည်းက လှိုင်မင်းထွန်းကို သူတို့အရာရှိတွေက သတိပေးထားတယ် ပြောတယ်။ အဲဒီအချိန်တုန်းကတော့ ရှောင်နေတာ။ အခုမှ ပေါ်လာပြီး အသတ်ခံရတာ” ဟု အထက်ပါအမျိုးသားက ဆိုသည်။
“ပထမတစ်ခါတည်းက ရှင်းဖို့ အခွင့်မရလိုက်တာ။ အခုမှ ရှင်းခံရတာတဲ့။ ဧည့်စာရင်းက ညတိုင်းနီးပါးစစ်တယ်။ အဲဒီကောင်ပါတယ်တဲ့” ဟု ထိုသူက ဆက်ပြောသည်။
၎င်း၏ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်နေသည်ဟု သိရသည်။
၎င်းကို မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းသွားကြောင်း မသိရသေးသလို ထိုမီးသတ်ဝန်ထမ်းနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က မီးသတ်ဝန်ထမ်း ရှင်းလင်းခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းဆဲသာ ဖြစ်ကြောင်း၊ သေချာစုံစမ်းပြီးမှသာ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကြောင်း Myanmar Now ကို ပြောသည်။
“အခု ဖြစ်ပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းဆဲအဆင့်မှာပဲ ရှိသေးတဲ့အတွက်ကြောင့်မို့လို့ တိတိကျကျတော့ မသိရသေးပါဘူးခင်ဗျ” ဟု ပြောသည်။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေး၊ ပြည်သူ့စစ် ခေါင်းစဉ်များဖြင့် အရပ်သားများကို စစ်ရေးကိစ္စရပ်များတွင် အသုံးပြုနေသည့်အပေါ် ဦးနိုင်ထူးအောင်ကလည်း မှတ်ချက်ပြုသည်။
“စစ်ရေးဘက်မဟုတ်တဲ့ဝန်ထမ်းတွေကိုလည်း စစ်ရေးကိစ္စတွေမှာ အသုံးပြုနေတာ ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေမှာ ပါဝင်ဆောင်ရွက်မယ်ဆိုရင်တော့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းနှင့်အညီပဲ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တဲ့အမျိုးအစားမှာပဲ အကျုံးဝင်သွားမယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို အလွယ်တကူ ဆုံးဖြတ်တာမျိုး မဟုတ်ပေမဲ့ အသေအချာ သတင်းတွေ စုံစမ်းပြီးတော့မှ ခိုင်မာပြီဆိုတော့မှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ဖို့ဆိုတာလည်း ကျွန်တော်တို့ ညွှန်ကြားထားပြီး ရှိပါမယ်” ဟု သူက ဆိုသည်။
အလားတူ ယမန်နေ့ (ဩဂုတ် ၁၁) ညတွင် ရွှေပြည်သာမြို့နယ်အတွင်း ၂ နေရာပေါက်ကွဲမှုဖြစ်ပြီး ည ၇ နာရီခန့်က ၇ ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ည ၇ နာရီခွဲ၌ ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ ဖောက်ခွဲတိုက်ခိုက်ခံရသည်။
အဆိုပါ ၂ရုံး ဗုံးခွဲခံရမှုတွင် အုပ်ချုပ်ရေးမှူး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Myanmar Now ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
ရွှေပြည်သာရှိ အုပ်ချုပ်ရေးရုံးနေရာ ၂ နေရာအား နန်းထိုက်အောင်စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA) က ယနေ့ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးအဖွဲ့ ဝင်များ နုတ်ထွက်ကြရန် ထိုအဖွဲ့က သတိပေးထားသည်။
စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်မှုများ ပြုလုပ်သော်လည်း ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ ထောက်တိုင်များကို မြို့ပြပြောက်ကျားအဖွဲ့များက လိုက်လံပစ်ခတ် ရှင်းလင်းမှုများ လုပ်ဆောင်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)