(မှတ်ချက်။ အောက်ပါ ဘာသာပြန်ဖော်ပြချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အရေးကြီးပြောကြားချက်များဖြစ်သည်။ ထိုပြောဆိုချက်များကို မြန်မာနိုင်ငံသူနိုင်ငံသားများ အတိအကျသိရှိစေရန် ဖော်ပြပေးခြင်းသာဖြစ်ပြီး မြန်မာနောင်းသတင်းဌာန၏ အာဘော်နှင့် သဘောထားမဟုတ်ပါ။)
အရှေ့တောင်အာရှဒေသကြီးတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်နေပြီဖြစ်တဲ့ အပြစ်မဲ့အရပ်သားတွေအပေါ် စိတ်နှလုံးကြေကွဲစရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျွန်တော်တို့ ယနေ့အချိန်အခါမှာ မြင်တွေ့နေရပါတယ်။
မကြာသေးမီရက်သတ္တပတ်များအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတစ်လွှားမှာရှိသူတွေအားလုံး မြန်မာပြည်က ရိုဟင်ဂျာတွေရဲ့ ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးကြီးကို တွေ့မြင်ခဲ့ရပါတယ်။
စစ်သွေးကြွတွေက အစိုးရကင်းစခန်းတွေကို တိုက်ခိုက်တာကို တုံ့ပြန်ရာမှာ လုံခြုံရေးအဖွဲ့တွေဟာ အလွန်ဆိုးဆိုးရွားရွား အကျည်းတန်စွာ လက်တုံ့ပြန်တာကို တွေ့ရပါတယ်။ ရွာတွေကို မီးရှို့ခဲ့တယ်၊ ရိုဟင်ဂျာတွေကို သူတို့အိမ်တွေကနေ မောင်းထုတ်ခဲ့တယ်။ ဒီအကြမ်းဖက်မှုတွေ၊ ခံစားရသူတွေရဲ့ ပုံရိပ်တွေဟာ အမေရိကန်ပြည်သူတွေရော၊ ကမ္ဘာတစ်လွှားက စိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူသားတိုင်းကိုပါ ချောက်ချားတုန်လှုပ်စေခဲ့ပါတယ်။
ခုအခြေအနေမှာဆိုရင် သမိုင်းတွင်တဲ့ လူသားတွေ အလုံး အရင်း တိမ်းရှောင် ထွက်ပြေးမှှုကြီးကို ကျွန်တော်တို့အားလုံး ရှှုမြင်နေကြရပါပြီ။ လေးသိန်းကျော်သော ရိုဟင်ဂျာတွေ၊ ဒီထဲမှာ သောင်းနဲ့ချီတဲ့ ကလေးငယ်တွေအပါအဝင် သူတို့တွေဟာ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ရပါပြီ။ နေ့စဉ် ဒီလိုထွက်ပြေးနေရမှုတွေ ဆက်လက်ဖြစ်ပျက်နေပါတယ်။
မနေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာစန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီအရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးရာမှာ တေလာစန်က မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်က လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုစွပ်စွဲချက်တွေကို ဖြေရှင်းဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ရောက်ရှိအောင် အဆင်ပြေချော့မွေ့စေဖို့ တိုက်တွန်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ရောက်သွားတဲ့ ဒုက္ခသည်တွေ မြန်မာပြည်ပြန်လာရင် ဘာမှစိုးရိမ်စရာမလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေကို မြန်မာစစ်တပ်က ရပ်တန့်ဖို့နဲ့ ရေရှည်အဖြေရှာဖို့ သံတမန်ဆိုင်ရာကြိုးပမ်းမှုတွေကို ထောက်ခံဖို့ အမေရိကန်အစိုးရက ထပ်လောင်း ပြောကြားလိုပါတယ်။
ဒီအရေးအခင်းကို ချုပ်ငြိမ်းသွားစေရေးအတွက် လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား အရေးယူဖို့၊ ရိုဟင်ဂျာတွေ ခုလိုအခက်အခဲဖြစ်နေချိန်မှာ သူတို့ကို မျှော်လင့်ချက်တွေနဲ့ အကူအညီပေးဖို့ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကျွန်တော်က တိုက်တွန်းပြောကြားလိုပါတယ်။
ဒီအကြမ်းဖက်မှုကို မရပ်တန့်ဘူးဆိုရင် ပြဿနာတွေက ပိုမိုဆိုးရွားလာမှာပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် လာမယ့် နှစ်တွေမှာ အရှေ့တောင်အာရှဒေသကြီးတစ်ခုလုံးကို ဝါးမြို ဒုက္ခပေးမယ့် ဒေါသ မကျေနပ်မှုတွေ၊ ကသောင်းကနင်းဖြစ်ရပ်တွေ ပေါ်ပေါက်လာဖို့ မျိုးစေ့တွေ ချပေးသလို ဖြစ်နေမှာပါ။ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ လုံခြုံရေးကို ထိခိုက်စေမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းတယ်ဆိုတာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအလုပ်တွေ လုပ်တယ်ဆိုတာထက် ပိုပါတယ်။ ငြိမ်းချမ်းရေးထိန်းသိမ်းတယ်ဆိုတာ ယုံကြည်ချက်၊ သတ္တိနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေပါဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂက ဒါတွေပိုလုပ်နိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။
အမှန်တရားကိုမြတ်နိုးသူ အများစုက လူယုတ်မာအနည်းစုကို ရင်မဆိုင်ရင်၊ မိစ္ဆာတွေက အောင်ပွဲခံကြပါလိမ့်မယ်လို့ မနေ့က သမ္မတရမ့် ပြောခဲ့ပါတယ်။ မှန်ကန်ဖြောင့်မတ်တဲ့ ပြည်သူတွေနဲ့ နိုင်ငံတွေက သမိုင်းကို လက်ပိုက်ပြီးကြည့်တဲ့ ပရိသတ်အဖြစ်နေမယ်ဆိုရင် အဖျက်စွမ်းအားစုတွေက ပိုမိုအားကောင်းပြီး ခွန်အားတွေ တိုးသထက်တိုးဖို့ရာသာ ကျန်ပါတော့တယ်။
ဒါ့ကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးကိုတည်ထောင်ခဲ့တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့အားလုံး ထပ်မံ အားထုတ်ကြိုးစားဖို့ လိုအပ်ပါတယ်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာပါတဲ့ ပထမဆုံးစကားရပ်ဖြစ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ ကျွန်တော်တို့အားလုံးရဲ့ လမ်းပြကြယ်၊ ကျွန်တော်တို့အားလုံးရဲ့ မျှော်လင့်ချက်၊ ကျွန်တော့်အားလုံးရဲ့ စံတန်ဖိုးဖြစ်ပါတယ်။