
(The Asia Times တွင် သတင်းစာဆရာ ဘာတေးလင့်တနာ ရေးသားသော Bangladesh holds the key to Rohingya insurgency ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဤဆောင်းပါးပါ ဖော်ပြချက်များသည် Myanmar Now သတင်းဌာန၏ အာဘော်နှင့် သဘောထား မဟုတ်ပါ။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော မြန်မာပြည်ဆိုင်ရာ ထိပ်တန်းသုံးသပ်ချက်ဆောင်းပါးတချို့ကို မြန်မာစာဖတ်ပရိသတ် ဖတ်ရှုနိုင်ရန် ဖော်ပြပေးနေခြင်းသာဖြစ်သည်။)
ရခိုင်ပြည်နယ်ပဋိပက္ခသည် မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် နှစ်ကာလကြာရှည်ဖြစ်နေသော အင်အားတောင့်တင်းသည့် ပုန်ကန်ထကြွမှုအဆင့်တစ်ခုသို့ ကူးပြောင်းသွားတော့မည်လား။
သြဂုတ်လ ၂၅ ရက်နေ့က အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် ခေါ် အာဆာ (ARSA) အဖွဲ့က လုံခြုံရေးကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီး၊ မြန်မာ့တပ်မတော်ကလည်း လူပေါင်း ၄ သိန်းကျော်မျှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေလောက်အောင်အထိ အလွန်ပြင်းထန်သည့် လက်တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက်တွင် အရှေ့တောင်အာရှ လုံခြုံရေးလေ့လာဆန်းစစ်သူတို့က အထက်ပါမေးခွန်းကို အဖြေထုတ်နေကြခြင်းဖြစ်သည်။
မေးခွန်း၏ အဖြေမှာ အချက်နှစ်ချက်ပေါ်တွင် အများကြီးမူတည်သည်။ ပထမအချက်မှာ ဘင်္ဂလားဒေ့ရှ်တွင် မည်သူအာဏာရနေသနည်းနှင့် ဒုတိယအချက်မှာ ရိုဟင်ဂျာစစ်သွေးကြွများက ၎င်းတို့၏ဗျူဟာဖြစ်သော ပစ်လိုက်ပြေးလိုက်ပြုလုပ်သော တောတွင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ် အရှိန်မြှင့်လုပ်ဆောင်ရန် နိုင်ငံတကာအဆက်အသွယ်များထံမှ မည်၍မည်မျှသော ထောက်ပံ့မှုရအောင် ကြိုးစားနိုင်မည်နည်း ဆိုသောအချက် ဖြစ်သည်။
အာဆာမှာ လက်နက်ကိုင်အဖွဲ့သစ်တစ်ဖွဲ့ဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံလူ့အဖွဲ့အစည်းရှိ အပယ်ခံရိုဟင်ဂျာတို့သည် ဘင်္ဂလားဒေ့ရှ်တွင် အခြေပြုလှုပ်ရှားနေသော နိုင်ငံရပ်ခြားအကူအညီများဖြင့် စစ်သွေးကြွလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် အစဉ်အလာရှိသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ ပိုင်နက်နယ်မြေပေါ်တွင် ဖြစ်ပွားခဲ့သော ထိုသမိုင်းကြောင်းကို ကောင်းစွာသိရှိသည်။ သြဂုတ်လ ၂၅ တိုက်ခိုက်မှုဖြစ်ပြီး လေးရက်မြောက်အကြာတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အစိုးရက အာဆာအား စစ်ရေးအရ အတူတကွ တိုက်ခိုက်ရန် မြန်မာအစိုးရကို ကမ်းလှမ်းခဲ့ပြီး၊ ဝင်ရောက်လာသော ဒုက္ခသည်အားလုံးကိုလည်း မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ရှိတ်ဟာဆီနာ၏ အဝါမီညွန့်ပေါင်းပါတီသည် ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့များအား လုံခြုံရေးအန္တရာယ်ဟု ရှုမြင်နေသည်မှာ ဘာသာရေးအစွန်းရောက်သော ဘင်္ဂလားဒေ့ရှ် ဂျမားအယ်အစ္စလာမ် (Bangladesh Jamaat-e-Islami-BJI) ပါတီနှင့် ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့အစည်းများကြားတွင် ကာလကြာမြင့်စွာတည်ရှိလာသည့် ဆက်ဆံရေးကြောင့်ဖြစ်သည်။
ထို BJI ပါတီသည် ရခိုင်ပြည်အနောက်ဘက်နှင့် ကပ်လျက်တည်ရှိသော စစ်တကောင်းဒေသတွင် အားကောင်းသော နိုင်ငံရေးအင်အားစုတစ်ခုဖြစ်ပြီး၊ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အင်အားအကြီးဆုံးအတိုက်အခံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ၏ မဟာမိတ်လည်းဖြစ်သည်။
မြန်မာနှင့်တွဲပြီး အာဆာကို စစ်ရေးအရ တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့သော ဝန်ကြီးချုပ်ဟာဆီနာ၏ အဆိုမှာ ဒုက္ခသည် အုံနှင့်ကျင်းနှင့် ပြုံဆင်းလာသည့်အတွက် အကောင်အထည်မပေါ်ခဲ့ပါ။ နေ့စဉ်နှင့်အမျှ ထောင်သောင်းချီ၍ နယ်စပ်ဖြတ်လာနေသော လူပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်များက တားဆီးပါက အသေအပျောက်များစွာ ဖြစ်ပေါ်မည်ဖြစ်သည်၊ ထို့ကြောင့် သူ၏ မူလအဆိုကို ပြန်လည် ရုပ်သိမ်းသွားခြင်းဖြစ်သည်။
ရိုဟင်ဂျာတို့ကို ထောက်ခံသည့် လူထုစုဝေးမှုများ ဘင်္ဂလားဒေ့ရှ်မြို့ကြီးများတွင် ဖြစ်ပေါ်လာသည့်အခါတွင် ဟာဆီနာ၏အသံ ပြောင်းလဲလာသည်။ စက်တင်ဘာ ၁၂ ရက်နေ့က သူကိုယ်တိုင် နယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ပင် သွားရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်များကို ယာယီနေထိုင်စရာများနှင့် ကူညီပံ့ပိုးမှုများကို ပြုလုပ်ပေးသွားဖြစ်ကြောင်း၊ မကြာခင် မြန်မာနိုင်ငံကလည်း သူ့နိုင်ငံသားများကို ပြန်လည်ခေါ်ယူသင့်ကြောင်း သူက ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲများကို လာမည့်နှစ် ၂ဝ၁၈ သို့မဟုတ် အနည်းဆုံး ၂ဝ၁၉ ဇန်နဝါရီ နောက်ဆုံးထားပြီး ကျင်းပမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် အဓိကအတိုက်အခံပါတီဖြစ်သည့် BNP သာ အနိုင်ရရှိပြီး တစ်ကျော့ပြန် အာဏာရလာပါက အခြေအနေသည် အကြီးအကျယ် ပြောင်းလဲသွားနိုင်ပြီး ရိုဟင်ဂျာတို့ကို ပိုမိုထောက်ခံသော မူဝါဒတစ်ရပ်လည်း ဖြစ်ပေါ်လာနိုင်သကဲ့သို့၊ နယ်စပ်ဒေသတွင် စစ်သွေးကြွများ ခိုအောင်းရာနေရာသစ်များ ဖန်တီးလာမှုကို ထိုတက်လာသော အစိုးရသစ်က မျက်ကွယ်ပြုနိုင်သည့် အခြေအနေရှိသည်။
BNP ပါတီမှာ အစ္စလာမ်နိုင်ငံရေးပါတီဖြစ်သည့် BJI နှင့် ညွန့်ပေါင်းဖွဲ့ကာ ၁၉၉၁ မှ ၁၉၉၆ ကာလ နှင့် ၂ဝဝ၁ မှ ၂ဝဝ၆ ကာလများတွင် အာဏာရပါတီဖြစ်ခဲ့သည်။
BJI ၏ ပါတီသင်္ကေတများသည် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသောကြောင့် လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခံရသည်။ သို့သော် ဟာဆီနာ၏ အဝါမီညွန့်ပေါင်းပါတီက ရွေးကောက်ပွဲတွင် အရေးနိမ့်ပါက BJI နှင့် ၎င်းကဲ့သို့သော ဘာသာရေးအစွန်းရောက်အုပ်စုများသည် အတိုက်အခံ BNP ပါတီ ဦးဆောင်မည့်အစိုးရကို အကြီးအကျယ် သြဇာလွှမ်းမိုးနိုင်ခြေရှိသည်။
မြန်မာ့တပ်မတော်၏ ကြီးမားသောစစ်ရေးလှုပ်ရှားမှုများကို တန်ပြန်ရန် ၁၉၈၂ ခုနှစ်တွင် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး RSO အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။
RSO ၏ ဦးဆောင်မှုဖြင့် ရိုဟင်ဂျာသူပုန်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြေကုပ်ယူလာခဲ့သည်။ RSO အဖွဲ့အစည်းမှာ မရှိတော့သလောက် ပျက်ပြယ်သွားပြီဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်ရှိ အူခီယာမြို့အနီးတွင် စခန်းကြီးတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ဒေသတွင် မွတ်စလင်များ လက်နက်ကိုင်ပုန်ကိုင်မှုမှာ ၁၉၄၇ ခုနှစ် ဗြိတိသျှလက်အောက်မှ မြန်မာနိုင်ငံမလွတ်မြောက်မီကပင် စတင်ခဲ့သည်။ ထိုအချိန်က ရိုဟင်ဂျာဆိုသော အသုံးအနှုန်းမှာ ရေပန်းမစားသေးဘဲ ထိုပုန်ကန်သူ မြန်မာမွတ်စလင်များက သူတို့ကိုယ်သူတို့ မူဂျာဟစ်များဟု သမုတ်ခဲ့သည်။
ထိုသူတို့အနက် လူသိများသည့်အဆိုတော် ဂျဖားကော်ဝဲလ် (Jafar Kawwal) ခေါ် ဂျဖားဟူစိန်ဆိုသူက ဦးဆောင်ကာ မူဂျာဟစ်တို့သည် ရခိုင်ပြည်နယ်၏ ဒေသတချို့ကို လွတ်လပ်ရေးရခါစ ပါကစ္စတန်နိုင်ငံတွင်းသို့ သွတ်သွင်းရန် ကြံရွယ်ခဲ့သည်။ ထိုစဉ်အချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံ၏ အရှေ့ပိုင်းဒေသခေါ် အရှေ့ပါကစ္စတန်အဖြစ်သာ တည်ရှိနေသည်။
သို့ရာတွင် မြန်မာမွတ်စလင်ခေါင်းဆောင်တို့က ထိုမူဂျာဟစ်များ၏ ပုန်ကန်ထကြွမှုကို လက်သင့်မခံခဲ့ပေ။ ၁၉၄၆ ခုနှစ် မေလစောပိုင်းတွင် မြန်မာနိုင်ငံမှ ခွဲထွက်လိုသူ မူဂျာဟစ်များ၏ အင်အား အရှိန်ရလာနေသည်၊ သို့ရာတွင် လက်နက်ကိုင်လှုပ်ရှားမှုအဆင့်သို့ မရောက်ရှိသေး။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံခဲ့ရသူ မြန်မာ့အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သူ မြန်မာမွတ်စလင်အမျိုးသား ဦးရာဇတ်က ပါကစ္စတန်နှင့် ပူးပေါင်းရန် ကြံစည်မှုအား လက်သင့်မခံရန် နိုင်ငံတွင်းရှိ မွတ်စလင်များကို စာထုတ်ပြန် သတိပေးခဲ့သည်။
မြန်မာမွတ်စလင်များကို ပေါက်ဖွားကြီးပြင်းရာ ဇာတိနိုင်ငံတွင် အင်အားကောင်းပြီး၊ ဂုဏ်သိက္ခာရှိသည့် အသိုက်အဝန်းတစ်ခုအနေဖြင့်သာ မြင်လိုချင်သည်မှာ ဦးရာဇတ်၏ ဆန္ဒဖြစ်သကဲ့သို့၊ ထိုအချိန်မှ ယနေ့မျက်မှောက်အချိန်ထိလည်းကောင်း၊ ယခုကြုံတွေ့နေရသော အရေးအခင်းတွင်လည်းကောင်း မြန်မာမွတ်စလင်တို့၏ ရပ်တည်ချက်မှာ ထိုအတိုင်းပင်ဖြစ်သည်။
စက်တင်ဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အာဆာအဖွဲ့ကို ရှုတ်ချကြောင်း၊ အစိုးရ၊ ဘာသာပေါင်းစုံချစ်ကြည်အဖွဲ့များ အပါအဝင် ပြည်သူလူထုနှင့် အတူတကွလက်တွဲပြီး အကြမ်းဖက်မှုများကို ကာကွယ် တားဆီးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။
၁၉၅ဝ ပြည့်နှစ်များတွင် မူဂျာဟစ်လှုပ်ရှားမှုများ မှေးမှိန်လာခဲ့သည်။ ၁၉၆၁ တွင်မူ လက်ကျန် မူဂျာဟစ်သူပုန်များက အစိုးရနှင့် သဘောတူညီမှုယူကာ လက်နက်ချခဲ့သည်။
ထိုသဘောတူညီမှု၏ အကျိုးဆက်အားဖြင့် ရခိုင်ပြည်မြောက်ပိုင်းတွင် မေယုနယ်ခြားခရိုင် အမည်ရ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ထိုအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့သည်။
မိုဟာမက်ဂျဖားဟာဘစ်ဦးဆောင်သော ကျောင်းသားခေါင်းဆောင်တစ်ဦးအပါအဝင် မွတ်စလင်အရေးတက်ကြွလှုပ်ရှားသူတချို့ ၁၉၆၃ တွင် တောခိုကာ ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့မှာ ၁၉၇၄ တွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦးဟူ၍ အသွင်ပြောင်းလာခဲ့သည်။
သို့ရာတွင် ထိုအဖွဲ့မှာ မြန်မာပြည်တွင်းတွင် လှုပ်ရှားမှုမည်မည်ရရ ဘာမျှမပြုလုပ်ခဲ့ဘဲ၊ ဦးဆောင်သူခေါင်းဆောင်များမှာ စစ်တကောင်းတွင် အခြေစိုက်ပြီး ရိုဟင်ဂျာလှုပ်ရှားမှုအကြောင်း စာစောင်များ၊ သတင်းထုတ်ပြန်ချက်များသာ ထုတ်နေခဲ့သည်။ ၎င်းတို့၏ လက်နက်ကိုင်အဖွဲ့မှာလည်း မည်ကာမတ္တမျှသာဖြစ်ပြီး၊ ထိုလက်နက်ကိုင်အဖွဲ့ကို မြန်မာနိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက်စွန်းရှိ တက်နက်(ဖ်)မြို့တဝိုက်တွင် အခြေပြုထားခဲ့သည်။
ရိုဟင်ဂျာအရေးကို နိုင်ငံတကာက သိသိသာသာ စိတ်ဝင်စားလာခဲ့သည်မှာ “တရားမဝင်ခိုးဝင်လာသူများ” ဟု ယူဆခံရသူများအား သုတ်သင်ရန် မြန်မာအစိုးရက ၁၉၇၈ ခုနှစ် ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် နဂါးမင်းစစ်ဆင်ရေးနောက်ပိုင်းမှ ဖြစ်သည်။ ဒုက္ခသည် ၂ သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာချိန်တွင် နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှုများ ဖြစ်ပေါ်လာသည်။ ထိုအရေးအခင်းကြောင့် ရက်ဘိတက်၊ အယ် အလမ်မယ်အစ္စလာမီအမည်ရ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ငွေအင်အား အလွန်တောင့်တင်းသည့် ပရဟိတအဖွဲ့တစ်ခု မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ဒေသများသို့ စတင်ဝင်ရောက်လာခဲ့သည်။
ထိုပရဟိတအဖွဲ့က ဒုက္ခသည်များကို အကူအညီပေးရုံမက ဆေးရုံတစ်ရုံ၊ ဝတ်ပြုဗလီတစ်လုံး၊ ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းတို့ကို အူခီရာမြို့တွင် ဆောက်ပေးခဲ့သည်။
ထိုဘာသာရေးအဆောက်အအုံမှာ အရောင်အသွေးအမျိုးမျိုးရှိ မွတ်စလင်စစ်သွေးကြွများ ဆုံစည်းရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် ပိုအစွန်းရောက်သောပုဂ္ဂိုလ်များက ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingya Patriotic Front) မှ ခွဲထွက်ပြီး ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးတပ် (RSO) ကို ဖွဲ့စည်းခဲ့သည်။
ရခိုင်ပြည်ဇာတိ ဆရာဝန်တစ်ဦးဖြစ်သူ မိုဟာမက်ယူနွတ် ဦးဆောင်သည့် RSO အဖွဲ့သည် ပေါ်ထွက်ခဲ့သမျှသော ရိုဟင်ဂျာအုပ်စုများအနက် အင်အားအကောင်းဆုံးနှင့် စစ်သွေးအကြွဆုံးအဖွဲ့ ဖြစ်လာသည်။ များမကြာမီ ထိုအဖွဲ့သည် သဘောထားချင်းတိုက်ဆိုင်သော မွတ်စလင်ကမ္ဘာမှ အဖွဲ့များနှင့် ချိတ်ဆက်မိပြီး ထောက်ပံ့မှုများ ရရှိလာခဲ့သည်။
RSO သည် ကတ်ရှမီးယားရှိ ဟစ်ဘီအူမူဂျာဟေဒင်အဖွဲ့နှင့် အာဖဂန်နစ္စတန်ရှိ ဂါဘဒ္ဒင်အဖွဲ့များ၏ ပံ့ပိုးကူညီမှုများကိုလည်း ရရှိခဲ့သည်။ RSO တို့၏ အူခီယာအခြေစိုက်စခန်းသို့ အာဖဂန်စစ်သင်တန်းနည်းပြများ ရောက်ရှိလာပြီး၊ RSO ၁ဝဝ ခန့်မှာ အာဖဂန်နိုင်ငံ ခို့စ် (Khost) ပြည်နယ်သို့ ဟစ်ဘီအစ္စလာမီအဖွဲ့နှင့်အတူ စစ်ရေးလေ့ကျင့်ရန် သွားရောက်ခဲ့သည်။
RSO အဖွဲ့သည် နောက်ပိုင်းတွင် ဒေသတွင်း မှောင်ခိုဈေးကွက်များမှ ရော့ကတ်အမြောက်များ၊ စက်သေနတ်များ ဝယ်ယူနိုင်ခဲ့သည်။
၁၉၉ဝ ပြည့်နှစ်အစောပိုင်းတွင် နယ်စပ်ရှိ ရိုဟင်ဂျာသူပုန်တို့၏ လူသူလက်နက် ဖြည့်တင်းနေမှုကို ဘင်္ဂလားဒေ့ရှ်သတင်းစာများက အထူးအသားပေး ရေးသားဖော်ပြကြသည်။
သို့ရာတွင် RSO စစ်စခန်းများတွင် စစ်ရေးလေ့ကျင့်နေသူတို့မှာ ရိုဟင်ဂျာများသာမက၊ စစ်တကောင်းတက္ကသိုလ်မှ အစ္စလာမီချားဟတ်တရားရှီဘားအဖွဲ့ဝင်များပါ ပါဝင်နေသည့်အချက် ပေါ်ထွက်လာသည်။ ထိုအဖွဲ့မှာ ၎င်းတို့၏ စစ်သွေးကြွလှုပ်ရှားမှုများအတွက် ရိုဟင်ဂျာစခန်းများကို ယောင်ပြ ပြုလုပ်နေခြင်းဖြစ်သည်။
အမှန်စင်စစ် RSO မှာ မြန်မာနိုင်ငံထဲတွင် မည်သည့်တိုက်ခိုက်မှုကိုမျှ လုပ်ဆောင်မှုမရှိသလောက်ဟု ဆိုရမည်ဖြစ်သည်။ ၂ဝဝ၁ ခုနှစ် အမေရိကန်ရုပ်သံဌာန CNN သတင်းဌာနက အာဖဂန်နိုင်ငံ ကဘူးလ်ဒေသရှိ အယ်ခိုင်ဒါတို့ထံမှ RSO စစ်စခန်းများအကြောင်း ရုပ်သံမှတ်တမ်းခွေများ ရရှိခဲ့သည်။ ထိုမှတ်တမ်းခွေများတွင် အာရဗီဘာသာဖြင့် ဗမာဟု စာတမ်းရေးထိုးထားသည်။ ထိုမှတ်တမ်းများကို CNN သတင်းဌာနက ၂ဝဝ၂ သြဂုတ်လတွင် ကမ္ဘာအနှံ့ ထုတ်လွှင့်ပြသခဲ့ပြီး၊ မှတ်တမ်းတွင် ပါရှိသော အခင်းအကျင်းအရ နယ်စပ်အူခီရာတဝိုက်တွင် မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းတွင် ရိုက်ကူးခဲ့သည်ဟု ယူဆရသည်။
RSO အဖွဲ့မှာ ယခုအချိန်တွင် မရှိတော့ဟု ဆိုနိုင်သည်။ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တစ်လျှောက်တွင်လည်း သူပုန်စခန်းများ ဖွင့်လှစ်ထားခြင်းလည်း မရှိတော့ပေ။ သို့ရာတွင် ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့များ အစွန်းရောက်လှုပ်ရှားလာခြင်းမှာ ရိုဟင်ဂျာမျိုးချစ်တပ်ဦး ခေတ်ဆန်းပိုင်းမှ ရိုဟင်ဂျာသွေးစည်းညီညွတ်တပ် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ထောက်ရှု၍လည်းကောင်း၊ ထို့ပြင် ယခုဖြစ်ပေါ်လာသော အာဆာအဖွဲ့၏ ခေတ်မီသော လူထုဆက်ဆံရေးယန္တရားနှင့် RSO အဖွဲ့၏ မူလအဆက်အသွယ်များထက် ပိုမိုခြေလှမ်းကျဲသော နိုင်ငံတကာအချိတ်အဆက်များကို ထောက်ရှု၍လည်း သိနိုင်ပါသည်။
အာဆာမပေါ်လာမီက ရှိခဲ့သောအဖွဲ့များမှာ အူခီရာစခန်းများတွင် စစ်ရေးလေ့ကျင့်မှု မည်ကာမတ္တမျှသာ ဆောင်ရွက်နေခဲ့ပြီး၊ စစ်တကောင်းရှိ အခြားသော အစ္စလာမ်အဖွဲ့များနှင့် ပူးပေါင်းကာ နိုင်ငံရေးလှုပ်ရှားမှုများတွင်သာ ပါဝင်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတိုက်ခိုက်မှုများမှာ ၁၉၅ဝ ပြည့်နှစ်မှစ၍ မြန်မာပြည်တွင်း မွတ်စလင်စစ်သွေးကြွတို့၏ ပထမဦးဆုံးသော တိုက်ခိုက်မှုများဟု ဆိုနိုင်သည်။
အာဆာကို စစ်မြေပြင်တွင် အမှန်တကယ်အကဲစမ်းသည့်ပွဲမှာ ၎င်းက တစ်ဖက်သတ်ကြေညာထားသည့် တစ်လကြာ အပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးသည့်အခါတွင် တွေ့မြင်ရမည်ဖြစ်သည်။ ထိုအပစ်ရပ်ကာလမှာ အောက်တိုဘာ ၁ဝ တွင် ကုန်ဆုံးမည်ဖြစ်သည်။ အာဆာက လက်နက်အလုံအလောက် စုဆောင်းပြီး မြန်မာပြည်တွင်းတွင် လက်နက်ကိုင်လှုပ်ရှားမှု ဆက်လုပ်နိုင်မည်၊ မလုပ်နိုင်မည်အပေါ်တွင် မူတည်နေသည်။
တစ်ပြိုင်နက်တည်းတွင် အာဆာတို့၏ ကံကြမ္မာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရပေါ် မူတည်နေပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရွေးကောက်ပွဲက အာဆာတို့၏ နယ်စပ်လှုပ်ရှားမှုများအတွက် ပိုမိုအခြေအနေကောင်းသော အခင်းအကျင်းများ ဖြစ်ပေါ်နေမည်လားဆိုသည်ကို တွေ့မြင်ရမည်ဖြစ်သည်။