သတင်း

ရုပ်အလောင်းများတွေ့သည့်နေရာတွင် သတင်းသမားတို့ ခေတ္တလေ့လာခွင့်ရ

မောင်တော – ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒေသခံများ အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံခံထားရသည့် နေရာသို့ သတင်းသမားတချို့ သွားရောက် လေ့လာနိုင်ရန် တပ်မတော်က စက်တင်ဘာ ၂၇ တွင် စီစဉ်ပေးခဲ့သည်။

မောင်တောဒေသ၊ ရဲဘော်ကျကျေးရွာတွင် ဟိန္ဒူဘာသာဝင် အများအပြား ပျောက်ဆုံးနေသဖြင့် လိုက်လံ ရှာဖွေနေကြောင်း၊ တူးဖော်ရရှိသည့် ရုပ်အလောင်း အရေအတွက် ၄၅ ခု ရှိကြောင်း၊ ARSA အကြမ်းဖက် သမားများက သတ်ဖြတ် မြှုပ်နှံထားခြင်းဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

မောင်တောဒေသသို့ သတင်းသမားများကို ခေါ်ယူ ပြသခြင်းမှာ ဤဒေသ၏ လူနည်းစုတို့ ရင်ဆိုင်ခဲ့ရသည့် အခြေအနေကို သိစေလိုသောကြောင့်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး အောင်ရဲဝင်းက ပြောသည်။

“(ဒေသခံတွေ) ပြောတာ ခင်ဗျားတို့ ကြားမှာပါ၊ ဘယ်သူကတော့ သူတို့နဲ့ဘာတော်ပါတယ်၊ ဘယ်လိုတော်ပါတယ်ပေါ့။ သူတို့အမျိုး သူတို့မသတ်တာတော့ သေချာပါတယ်၊ ဒါကတော့ ရေရှည်မှာ ပြန်စစ်လိုက်ရင်လည်း ပေါ်လာမှာပါ” ဟု ဗိုလ်ချုပ်ကြီး အောင်ရဲဝင်းက ပြောသည်။

ရုပ်အလောင်းများ တွေ့ရှိပြီး ၅ ရက် အကြာတွင် ပြည်တွင်းပြည်ပ သတင်းသမား၂ဝ ကျော် ထိုဒေသသို့ နာရီအနည်းငယ် သွားရောက်လေ့လာခွင့်ကို အာဏာပိုင်တို့က စီစဉ်ပေးသော်လည်း ထပ်မံ သွားရောက် သတင်းယူခွင့်ကိုမူ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဟန့်တားထားသည်။

သတင်းသမားများကို မောင်တောရှိ ရိုဟင်ဂျာ/ဘင်္ဂါလီစခန်းတစ်ခုသို့ ခေါ်ဆောင်သွားရာ စခန်းတွင် ခိုလှုံနေသူတို့ကို နာရီဝက်ခန့် တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်။

ထို့နောက် ရုပ်အလောင်းများ တူးဖော် တွေ့ရှိသည့်နေရာသို့ သွားရောက်ရာ ထိုနေရာတွင် ၂ နာရီခန့် လေ့လာခွင့် ရခဲ့သည်။ တူးဖော်တွေ့ရှိသည့်နေရာအနီး ကလေးများ၊ အမျိုးသမီးများ အယောက် ၂ဝ ခန့် ထိုင်ပြီး ငိုကြွေးနေသည်ကို တွေ့ရသည်။ တူးဖော်ရရှိသည့်ရုပ်အလောင်းများကို မြေပြင်ပေါ်တွင် တန်းစီ ချထားသည်။ သတ်ဖြတ်ခံထားရသည်မှာ အချိန်ကြာပြီ ဖြစ်သောကြောင့် ရုပ်အလောင်းတို့ကို မည်သူမည်ဝါမှန်း ခန့်မှန်းရန် ခက်ခဲသည့်အနေအထားတွင် တွေ့ရသည်။

ထိုနေ့က ရဲဘော်ကျကျေးရွာမှ အဝေးရောက်နေသူများမှာ ကံကောင်းသူများဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ရဲဘော်ကျတွင်နေထိုင်သည့် ဒေါ်ရှိုလို့ဘာက အခင်းဖြစ်ပွားသည့်နေ့တွင် ခရီးလွန်နေသော်လည်း ရွာတွင် ကျန်ရစ်သည့် ၎င်းခင်ပွန်းမှာ သတ်ဖြတ်ခံရသည့်ထဲ ပါဝင်သွားသည်။

“တောင်ပြိုမှာ ကျွန်မ ဆိုင်ရှိလို့ ဆံပင်ညှပ်သွားတဲ့ အချိန်မို့လို့ လွတ်မြောက်ခဲ့ရတာပါ” ဟု ဆံသလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ရှိုလို့ဘာက ပြောသည်။

အသက် ၄ဝ အရွယ် ဒေါ်ရှာရွတ်မနားက မိသားစုတစ်စုလုံး ဆုံးရှုံးရသူဖြစ်သည်။

“အဖေ ပါသွားတယ်၊ အမေ ပါသွားတယ်။ သမီး ပါသွားတယ်။ အားလုံး ပါသွားတယ်။ ကျွန်မတစ်ယောက်တည်း… သေချင်တယ်” ဟု ဒေါ်ရှာရွတ်မနားက ငိုလျက် ပြောပြသည်။

လေးမြို့ကေတီ

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံရမှု ဖြစ်ပွားသည့်နေ့သည် ရခိုင်ဒေသ ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့်နေ့လည်း ဖြစ်သည်။

ကင်းစခန်းများကို တိုက်ခိုက်သည့် ARSA အဖွဲ့ကမူ ၎င်းတို့သည် အရပ်သားများကို သတ်ဖြတ်ခြင်းမရှိဟု ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာအနီးရှိ လေးမြို့ကေတီရွာကိုလည်း ထိုနေ့က အကြမ်းဖက်သမား တစ်ထောင်ခန့်က နှစ်ကြိမ် ချဉ်းကပ်ခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“သူတို့မှာ သေနတ်တော့ မပါပါဘူး။ ဝါးတွေ၊ တုတ်တွေနဲ့ သေနတ်ပုံစံပြပြီး ဟန်ပြပြီး လာဝိုင်းပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ကိုမောင်ဇွန်က ပြောသည်။

ရွာမှ မြိုတိုင်းရင်းသားတို့က တူမီးသေနတ်၊ တုတ်၊ ဓား စသည့် လက်နက်များဖြင့် ပြန်လည် ခြှောက်လှန့်သောကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ရဲဘော်ကျရွာနှင့် မိနစ် ၃ဝ ခန့် လမ်းလျှောက်လျှင် ရောက်နိုင်သည့် အကွာအဝေးတွင် တည်ရှိသည့် လေးမြို့ကေတီတွင် လူဦးရေ ၁,ဝဝဝ ခန့် နေထိုင်သည်။

ဆက်လက်ရှာဖွေ

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဥက္ကာကိုက ဒေသခံများ၊ တပ်မတော်၊ နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး ပျောက်ဆုံးနေသူများ၊ သတ်ဖြတ်ခံရသူတို့၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေလျက်ရှိသည်ဟု ပြောသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး သတင်း စတင်ရရှိသူသည် မောင်တောမြို့တွင် နေထိုင်သူ ဦးနီမော်ဖြစ်သည်။

ရဲဘော်ကျ ကျေးရွာမှ ၎င်းနှင့်ခင်မင်းရင်းနှီးသည့် ဟိန္ဒူအမျိုးသမီးများ မွတ်စလင်ဘာသာသို့ ပြောင်းရန် စီစဉ်နေသည်ကို သြဂုတ် ၂၉ ရက်နေ့က လူမှုကွန်ရက် Facebook တွင် တွေ့မြင်ခဲ့ရကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူမိတ်ဆွေများကို အကူအညီတောင်းရာမှ အဆက်အသွယ်ရခဲ့ခြင်းဖြစ်ကြောင်း ဦးနီမော်က ပြောသည်။

အခင်းဖြစ်သည့်နေ့က ရဲဘော်ကျ ဒေသခံများကို အကြမ်းဖက်သမားများက အနောက်ဘက်တောင်ကြောသို့ ခေါ်ဆောင်သွားကြောင်း၊ အမျိုးသမီးများရှေ့တွင် ၎င်းတို့၏ ခင်ပွန်းသည်များ၊ သားသမီးများကို သတ်ဖြတ်ခဲ့သည်ဟု သိရကြောင်း ပြောသည်။

Show More

Related Articles

Back to top button