
စစ်တွေ – ကြောက်မက်ဖွယ် အကြမ်းဖက်မှုဖြစ်ရပ် အများအပြားပေါ်ပေါက်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသခံများအကြား လူသားဆန်မှုအနေအထားတချို့ကိုလည်း တွေ့မြင်နိုင်သည်။
ထိုအကြောင်း ပြန်ပြောပြနိုင်သူများထဲတွင် မိသားစုဝင် ၆ ဦး သတ်ဖြတ်ခံရပြီးနောက် ပြည်နယ်မြို့တော် စစ်တွေသို့ ကျည်ထိဒဏ်ရာဖြင့် ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။
အသက် ၂၇ နှစ် အရွယ်ရှိ မဟောင်မာလာသည် မောင်တောမြို့ ရပ်ကွက်(၄)တွင် နေထိုင်ခဲ့သူဖြစ်သည်။
မြို့၏ မြောက်ဘက် ကျေးလက်ဒေသတစ်ခုတွင် အိမ်ငှားနေထိုင်ပြီး မိသားစုလိုက် ပန်းထိမ်လုပ်ငန်း လုပ်ကိုင်စဉ် ကမ္ဘာ့သတင်းများတွင် နေ့စဉ်ရက်ဆက် နေရာယူလာသည့် အကြမ်းဖက် တိုက်ခိုက်မှု၏သားကောင် ဖြစ်လာသည်။
စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ခိုလှုံလျက်ရှိသည့် မဟောင်မာလာက ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများအကြောင်းကို Myanmar Now နှင့် စက်တင်ဘာ ၂၇၊ ၂၈ ရက်နေ့တို့တွင် တွေ့ဆုံစဉ် ပြောပြခဲ့သည်။
ပထမအကြိမ် ရန်မူခံရခြင်း
မဟောင်မာလာတို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြို့လွတ်ကျေးရွာသည် မွတ်စလင်အများစု နေထိုင်ပြီး သြဂုတ် ၂၅ ညပိုင်းအထိ တည်ငြိမ်နေသည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်နေ့ နံနက် အာရုံမတက်မီတွင် ဒေသခံ အများအပြားက လူမျိုး၊ ဘာသာ မတူသူတို့ကို ရွာမှ ထွက်သွားကြရန်၊ သုံးနာရီအတွင်း ထွက်သွားခြင်း မပြုပါက အသက်အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက် အော်ဟစ်ကြသည်ဟု မဟောင်မာလာက ပြောပြသည်။
ထိုအချိန်တွင် မောင်တောဒေသ နေရာ အနှံ့အပြား တိုက်ခိုက်မှုများ ပေါ်ပေါက်နေပြီ ဖြစ်သည်။
များမကြာမီ ကျေးရွာအတွင်း ပဋိပက္ခ စတင် ပေါ်ပေါက်လာပြီး လူ ၃ ဦး ရောက်လာကာ မဟောင်မာလာတို့ မိသားစုပိုင်ဆိုင်သည့် ရွှေထည်ပစ္စည်း၊ ငွေကြေး၊ လက်ကိုင်ဖုန်းများကို လုယက်သွားသည်။ ၎င်းတို့ မိသားစု ရန်မူခံရသော်လည်း အိမ်ရှင်ဖြစ်သူ ကြားဝင်တောင်းပန်ပေးမှုကြောင့် အသက်ချမ်းသာရခဲ့သည်ဟု ဆိုသည်။
ထို့နောက် မွတ်စလင်ဖြစ်သူ အိမ်ရှင် စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် မောင်တောမြို့ဘက်သို့ ထွက်ပြေးခဲ့သည်ဟု မဟောင်မာလာက ပြောပြသည်။
ယာဉ်မောင်းသူက ၎င်းတို့ကို မောင်တောမြို့သို့အနီးရှိ ရခိုင်ရွာတစ်ခုအထိ ပို့ပေးခဲ့ကြောင်း၊ ထိုရွာမှ ရခိုင်တိုင်းရင်းသား ၃ဝ နှင့် အတူ ထွက်ခွာလာရာ သုံးမိုင်စခန်းသို့ ရောက်သွားကြောင်း သိရသည်။
ဒုအကြိမ် ရန်မူခံရခြင်း
သုံးမိုင်စခန်းမှ မောင်တောမြို့သို့ သွားသည့်လမ်းတွင် ဆောက်လက်စ အဆောက်အအုံတစ်ခုအတွင်း ဝင်ရောက်ပုန်းအောင်းရစဉ် ၎င်းတို့မိသားစု ကြမ္မာဆိုးဝင်ခဲ့ရသည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်အလံများကိုင်ဆောင်လာသည့် လက်နက်ကိုင်အုပ်စုတစ်စု ရောက်လာပြီး ပစ်ခတ်သွားသည်ဟု ဆိုသည်။
“ကျွန်မတို့က ဟိန္ဒူတွေလို့ ပြောပါတယ်။ ဒါပေမယ့် ရခိုင်သားတွေနဲ့ ပေါင်းပြီးတော့ နင်တို့ ဗုဒ္ဓဘာသာတွေ တူတူပဲဆိုပြီး သေနတ်နဲ့ပစ်ပါတယ်” ဟု မဟောင်မာလာက ပြောသည်။
ပစ်ခတ်မှုကြောင့် မိသားစုဝင်များထဲမှ ၆ဦးမှာ နေရာတွင်ပင် သေဆုံးသွားသည်။ သေဆုံးသူများထဲတွင် ခင်ပွန်းသည်နှင့် သမီးတစ်ဦး ပါဝင်သည်။ ကျန် ၄ ဦးမှာ ယောက်မဖြစ်သူ ရှိုမီတာ၊ ၎င်း၏ အိမ်ထောင်ဖက် ဆံသဆရာ ရှစ်ဂျော့၊ ၎င်းတို့၏ ကလေးများ ဖြစ်ကြသည်။
သေနတ်သမားတို့၏နောက်တွင် ရာထောင်ချီသည့် လူအုပ်ကြီး လိုက်ပါလာသည်ဟု ဆိုသည်။
“ဒီမြေမှာ သူတို့ကလွဲလို့ ဘယ်သူမှ မနေရဘူး” ဟု အော်ဟစ်လာကြကြောင်း သူက ပြန်ပြောပြသည်။
ဝမ်းဗိုက် ကျည်ထိ
ပစ်ခတ်မှုကြောင့် မဟောင်မာလာ၏ ဝမ်းဗိုက် အထက်နားတွင် ဒဏ်ရာ ရသွားသည်။
မဟောင်မာလာကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အနီးရှိ မွတ်စလင် တချို့က သေနတ်သမားတို့ကို တောင်းပန်ကြသည်ဟု ဆိုသည်။ ဒဏ်ရာ ပြင်းထန်စွာရနေပြီဖြစ်ကြောင်း၊ ခင်ပွန်းသည်လည်း သေဆုံးသွားကြောင်း ဝိုင်းဝန်း ပြောဆိုသည့်အတွက် သေနတ်သမားများ ထိုနေရာမှ ထွက်သွားကြသည်ဟု သိရသည်။
အတူလိုက်ပါလာသည့် အသက် ၃ဝ အရွယ် မမူနော်ဗာလာက ပစ်ခတ်မှု ဖြစ်ပွားစဉ် ကလေး၄ဦးကို ဆွဲပြီး မြေပြင်ပေါ် လှဲချလိုက်သည်ဟု ပြောပြသည်။
ထိုလူအုပ်စု ပြန်ထွက်သွားသည့်အချိန်တွင် ဒေသခံ လူအုပ်စုတစ်ခု ဝင်ရောက်လာသောကြောင့် ပုန်းရှောင်ကြရကြောင်း၊ ဝင်ရောက်လာသူများက လဲကျနေသူ ၆ ဦးကို လှုပ်ကြည့်ပြီးနောက် ပြန်လည်ထွက်သွားခဲ့ကြောင်း မမူနော်ဗာလာက ပြောသည်။
မဟောင်မာလာ၏ ဒဏ်ရာကို ဆာရီဖြင့် ပတ်ထားပေးရသည်ဟု ထိုအမျိုးသမီးက ဆိုသည်။
“အဲဒီအချိန်မှာ ဟောင်မလာက သတိမေ့နေပြီး ကျွန်မကို ရေပေးလို့ပဲ တောင်းနေတယ်” ဟု မမူနော်ဗာလာက ပြောသည်။
လမ်းတွင် တပ်မတော်နှင့်တွေ့ပြီး ကနဦး ကုသမှုခံယူခဲ့ကြောင်း၊ ဘူးသီးတောင်ဆေးရုံတွင် ကျည်ဆန်ထုတ် ခွဲစိတ်ကုသမှု ခံယူကာ စစ်တွေဆေးရုံသို့လည်း ရောက်ခဲ့ကြောင်း သူက ရှင်းပြသည်။
ယခုအခါ လွတ်မြောက်လာသူများသည် စစ်တွေမြို့တွင် ခိုလှုံလျက်ရှိသည်။ သမီးအကြီးဆုံး၊ ခင်ပွန်းသည်တို့ကို ဆုံးရှုံးခဲ့ရသည့် မဟောင်မာလာသည်လည်း မင်းဘာကြီးလမ်းရှိ ဟိန္ဒူဘုရားကျောင်းတွင် ရှိနေသည်။ ဘာသာရေးပွဲတော်ကာလ ဖြစ်သောကြောင့် ကြိုတင်စီစဉ်ထားသည့် အခမ်းအနားကျင်းပနေသည့် ထိုဘုရားကျောင်းတွင် ခိုလှုံနေသူများအကြား မဟောင်မာလာကို သမီးတစ်ယောက်၊ သားတစ်ယောက်နှင့်အတူ တွေ့နိုင်သည်။ မုဆိုးမဖြစ်သွားသောကြောင့် မဟောင်မာလာ၏ နဖူးတွင် တွေ့ရသည့်အစက်မှာ အနက်ရောင် ဖြစ်နေသည်။
မောင်တောဒေသ အရပ်သားများကို သတ်ဖြတ်မှုမှာ ARSA အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု မြန်မာအစိုးရက ကြေညာထားသည်။
သို့သော်လည်း ထိုအဖွဲ့က စက်တင်ဘာ ၂၇ တွင် ကြေညာချက်ထုတ်ပြီး စွပ်စွဲချက်ကို ငြင်းဆိုထားသည်။