အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောမီးလောင်ရွာများကို စနစ်တကျ စီမံနိုင်မည်ဟု လေ့လာသူတို့ မျှော်လင့်

ရန်ကုန် – ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ မီးလောင်ပြင် ဖြစ်သွားသည့် ကျေးရွာအများအပြားကို အစိုးရက စီမံခန့်ခွဲသည့်အခါ မြေရှင်၊ အိမ်ရှင်များ နစ်နာမှု မရှိစေရန် ဆောင်ရွက်သင့်ကြောင်း လေ့လာသူတချို့က ပြောသည်။

မောင်တောဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အကောင်အထည်ဖော်မည်ဟု  လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောဆိုချက်နှင့် ပတ်သက်၍ လေ့လာသူများက ထိုသို့ မှတ်ချက်ပေးကြခြင်း ဖြစ်သည်။  

ကျေးရွာ၊ ရပ်ကွက် တစ်ခုလုံး လောင်ကျွမ်းသွားပါက ထိုမြေသည် အစိုးရစီမံမှုအောက်သို့ အလိုအလျောက် ရောက်သွားမည်ဟု ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက  ပြောသည်။

“စီမံခန့်ခွဲမှုမှာ နှစ်ပိုင်းဖြစ်တယ်။ နိုင်ငံတော်အတွက် အသုံးပြုဖို့လိုတဲ့ စီမံကိန်းတွေမှတစ်ပါး သာမန်အားဖြင့် မူလလူတွေကို ပြန်လည်နေရာချထားပေးတယ်” ဟု ဦးမောင်မောင်စိုးက  ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မောင်တောလိုနေရာက ဒီလောက် ဒုက္ခရောက်နေတာ စီမံကိန်းလုပ်ဖို့တော့ မဖြစ်နိုင်ဘူး” ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

ရန်ကုန်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဒီမိုကရေစီအစိုးရလက်ထက်တွင် အစိုးရက အမှန်တကယ် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး စိစစ်သင့်သည်ဟု ဆိုသည်။

“ဥပဒေအရ ဘယ်လောက်ပဲ ရှိရှိ လူသားချင်းစာနာထောက်ထားမှုနဲ့လူ့အခွင့်အရေး လေးစားတဲ့အနေနဲ့ တကယ်ပိုင်တဲ့သူကို စိစစ်ပြီးတော့ ပြန်ပေးသင့်ပါတယ်” ဟု သူက ဆိုသည်။

ပျက်စီးသွားသည့်နေရာ ပြန်လည် ထူထောင်သည့်အခါ  စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာ ပံ့ပိုးသင့်ကြောင်း ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ပြောသည်။
 
“နေရာပြန်ချတဲ့အခါမှာ ခါတိုင်းလိုမဟုတ်ဘဲ စနစ်တကျ လမ်းတွေဖောက်၊ မီးတိုင်တွေ စိုက်။ ကျောင်း ၊ ဈေး ရပ်ကွက်တစ်ခုရဲ့ ရှိအပ်တဲ့အရာတွေကို လုပ်ပေးသင့်ပါတယ်။ ဒီလူတွေကို မြေပြန်ပေးသင့် မပေးသင့်ကတော့ သမိုင်းကြောင်းရာဇဝင်လည်း မသိတော့ ကိုယ်ပြောရင် မှားသွားမှာစိုးပါတယ်” ဟု ဒေါ်ဒေဝီသန့်စင်က ပြောသည်။

 အစိုးရက ထိုနေရာဝန်းကျင်တွင် စီးပွားရေးဇုန်တည်ထောင်ဖို့ စီစဉ်ဖွယ်ရှိသည်ဟု ရန်ကုန်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ယူဆသည်။

“အစိုးရက မြေနေရာကို ယူမယ်ဆိုရင်လည်း  ထိုက်တန်တဲ့ လျော်ကြေးပေးပြီး သိမ်းရင်တော့ ပိုကောင်းတာပေါ့။ အဲ့ဒီလိုမဟုတ်ရင် အငြင်းပွားမှုတွေ ထပ်ပေါ်ပြီး ပြဿနာတွေ ထပ်ပေါ်လာမှာစိုးတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ပဋိပက္ခမြေနေရာကို အစိုးရ တာဝန်ယူ ထိန်းသိမ်းထားခြင်းမှာ မှန်ကန်သည်ဟု  သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်က  ပြောသည်။
ပိုင်ဆိုင်မှု အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်သူကို မြေနေရာ ပြန်ပေးသင့်သည်ဟု သူက ဆိုသည်။

“တကယ်လို့များ မြေနေရာကို စီမံကိန်း လုပ်မယ်ဆိုရင်လည်း  ဒေသခံတွေရဲ့ နေရေး ထိုင်ရေး စားရေးသောက်ရေးကိုလည်း အပြည့်အစုံစီစဉ်ပေးသင့်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရွာလုံးကျွတ် မီးလောင်သွားသည့် နေရာများကို အစိုးရလုပ်ပိုင်ခွင့်အရ ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

“ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်တယ်။ အဲ့ဒီမှာ သူတို့ရဲ့ အကြံပေးချက် ထွက်ပေါ်လာတယ်။ လက်ရှိမှာတော့ မြေပြင်အခြေအနေနဲ့ ကိုက်ညီတာကတော့ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ၂ဝ၁၃ ဆိုတာရှိတယ်။ နည်းဥပဒေ၂ဝ၁၅ ဆိုတာရှိတယ်။ အဲ့ဒီမှာ ဘေးအန္တရာယ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာလည်း အကျုံးဝင်တယ်။ ဒါကြောင့် အဲ့ဒီဥပဒေတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ဝန်ကြီးက ပြောဆိုကြောင်း အစိုးရ သတင်းစာများတွင် ရေးသားခဲ့သည်။

မောင်တောဒေသတွင် ARSA  လက်နက်ကိုင်အဖွဲ့က သြဂုတ်လကုန်ပိုင်းတွင် လုံခြုံရေးကင်းစခန်း အများအပြားကို တပြိုက်နက် ဝင်ရောက်တိုက်ခိုက်ခြင်း၊ တပ်မတော်က ARSA ကို လိုက်လံတိုက်ခိုက်ခြင်း၊ မောင်တောဒေသခံအများအပြား နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ သွားရောက် ခိုလှုံခြင်း၊ ကျေးရွာအများအပြား မီးလောင်ပျက်စီးခြင်း စသည့် ဖြစ်ရပ်များ အဆက်မပြတ် ပေါ်ပေါက်လာသည်။

သြဂုတ် ၂၅ တိုက်ခိုက်မှုနောက်ပိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခိုလှုံသူ ၅ဝ၇,ဝဝဝ ရှိသွားပြီဟု ကုလသမဂ္ဂအဖွဲ့က ပြောကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသည့် အောက်တိုဘာ ၂ ရက်နေ့ထုတ် Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button