
စစ်တွေ – ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရေးအတွက် အမြန်ဆုံး လုပ်ဆောင်နေသည်ဟု ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက သတင်းထောက်များကို သောကြာနေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
“ပြန်လည်နေရာချထားရေးတွေ၊ ပြန်လည်တည်ဆောက်ရေးတွေ၊ ပြန်လည်ပြုပြင်ရေးတွေ၊ Master Plan (အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်) က ပါလာတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး အစိုးရက တာဝန်ယူသွားမှာပါ” ဟု ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။
ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့၏ တွေ့ရှိချက်များ၊ အကြံပြုချက်များကို မူတည်ပြီး အစီအစဉ် ရေးဆွဲမည်ဟု ဝန်ကြီးချုပ်က ပြောသည်။
သြဂုတ် ၂၅ရက်နေ့တွင် ARSA အဖွဲ့က မောင်တောမြို့ရှိ ရဲတပ်ဖွဲ့ကင်းစခန်းအများအပြားကို တိုက်ခိုက်ပြီးနောက်တွင် တပ်မတော်က ARSA ကို လိုက်လံတိုက်ခိုက်ခြင်း၊ မောင်တောဒေသခံအများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး ခိုလှုံခြင်း၊ ကျေးရွာအများအပြား မီးလောင်ပျက်စီးခြင်း စသည့် ဖြစ်ရပ်များ အဆက်မပြတ် ပေါ်ပေါက်လာသည်။
မီးလောင်သည့်ဒေသတွင် မည်သို့ နေရာပြန်ချပေးမည်ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။
မီးလောင်ထားသည့်ကျေးရွာများမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေအရ အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ဟု သူက ဆက်ပြောသည်။
အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်အခြေစိုက် သံတမန်များ မောင်တောဒေသသို့ သွားရောက်လေ့လာပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လာနိုင်ရေး အတွက် အမြန်ဆုံးဆောင်ရွက်သွားနိုင်ရန် မြန်မာအစိုးရကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။
သြဂုတ် ၂၅ တိုက်ခိုက်မှုနောက်ပိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခိုလှုံသူ ၅ဝ၇,ဝဝဝ ရှိသွားပြီဟု ကုလသမဂ္ဂအဖွဲ့က ပြောကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသည့် အောက်တိုဘာ ၂ ရက်နေ့ထုတ် Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။