အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တစ်ရက်လုပ်ခ ၆၆ဝဝ သတ်မှတ်ရန် အလုပ်သမားသမဂ္ဂ အဆိုပြု

ရန်ကုန်- အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ကြိုးစားသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က အောက်တိုဘာ ၁၇ တွင် ပြောသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေဆိုင်ရာ သဘောထားထုတ်ပြန်ချက် သတင်းစာရှင်းလင်းပွဲတွင်  အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းဇော်က  ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဆိုပြုနူန်းထားတစ်ရပ်ကို ဒီဇင်ဘာမှာ ကျွန်တော်တို့ထုတ်ပြန်သွားပါမယ် ” ဟု ဦးဝင်းဇော်က ပြောသည်။

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များ ပါဝင်သည့်   ဒီဇင်ဘာလ ဆွေးနွေးပွဲတွင် အဆိုပြုသွားမည်ဟု သူက ဆိုသည်။

အဆိုပြုနူန်းထားကို ထုတ်ပြန်ပြီးသည့်နေ့မှစ၍ အလုပ်ရှင်၊ အလုပ်သမားများမှ ကန့်ကွက်နိုင်ကြောင်း၊ ကန့်ကွက်မှုကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများနှင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီက ရက်ပေါင်း ၆ဝ အတွင်း ညှိနိူင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှုန်းထား

အလုပ်ချိန် တစ်နာရီလျှင် ၄၅ဝ နှုန်းဖြင့် ရှစ်နာရီ တစ်ရက်တာအတွက် အနည်းဆုံးပေးရမည့် လုပ်ခမှာ ကျပ် ၃,၆၀၀ ဖြစ်ကြောင်း ၂ဝ၁၅ နှစ်ကုန်ပိုင်းတွင် အစိုးရက သတ်မှတ်ပေးခဲ့သည်။

ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦးနှင့်အောက် ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း အစိုးရသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယခုအခါ ပြောင်းလဲလာသည့် နေထိုင်၊ စားသောက်မှု ကုန်ကျစရိတ်များကြောင့်  ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြခြင်းဖြစ်သည်ဟု သိရသည်။

၂ဝ၁၇  ဇွန်လမှ သြဂုတ်လအတွင်း CTUM က တိုင်းနှင့်ပြည်နယ် ၆ ခုမှ စက်ရုံပေါင်း ၁၃ဝ ကို စစ်တမ်းကောက်ရာမှ  ရရှိလာသည့်အချက်အလက်များအရလည်း    ပြောင်းလဲသတ်မှတ်နိုင်ရန် လိုအပ်လာသည်ဟု ဆိုသည်။

လာမည့်နှစ်အစီအစဉ်

အစိုးရ ဖွဲ့စည်းပေးသည့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီက လာမည့်နှစ် ဧပြီလတွင် အနည်းဆုံးအခကြေးငွေ အတည်ပြု နှုန်းထားတစ်ရပ်ကို ထုတ်ပြန်ကြေညာသွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ကော်မတီတွင်လည်း ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ယူထားသည့် ဦးဝင်းဇော်က ပြောသည်။

သတ်မှတ်ပြီးပါက စစ်ဆေးရေးကော်မတီ၊ သုသေသနကော်မတီများဖွဲ့စည်းပြီး အလုပ်ရှင်တို့ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ဦးဝင်းဇော်က ပြောသည်။

၎င်းကဲ့သို့ပင် အဖွဲ့ချုပ်နှင့် ကော်မတီတွင် တာဝန်ယူထားသူ မခိုင်ဇာအောင်က အလုပ်သမားသမဂ္ဂများအတွက် ပညာပေးမှု အစီအစဉ် ဆက်လက်ပြုလုပ်သွားမည်ဟု ပြောသည်။

“လုပ်ငန်းခွင် ဆက်ဆံရေးကောင်းဖို့၊ ကုန်ထုတ်စွမ်းအားတွေတက်ဖို့၊ နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့ အနည်းဆုံး အခကြေးငွေက အရေးကြီးတာကို အားလုံးက ယုံကြည်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်သွားဖို့ လိုပါတယ် ” မခိုင်ဇာအောင်ကပြောသည်။

အလုပ်ရှင်တစ်ဦး၏ အသံ

အနည်းဆုံး လုပ်အားခကြေးငွေ  တိုးမြှင့် သတ်မှတ်သည့်အခါတွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်မျှအောင် စီစဉ်ဆောင်ရွက်နိုင်ပြီး အများသဘောတူပါက အသစ်သတ်မှတ်မည့် နူန်းထားကို ပေးရန် အသင့်ရှိသည်ဟု ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်ရှိ ရွှေအိုး အရက်ချက်စက်ရုံပိုင်ရှင် ဦးတင်ရွှေက ပြောသည်။

“တချို့ပေးနိုင်တဲ့ လုပ်ငန်းတွေလည်း ရှိတယ်၊ မပေးနိုင်တဲ့လုပ်ငန်းတွေလည်း ရှိတယ်လေ။ အများရဲ့ သဘောဆန္ဒကို ကြည့်ပြီးတော့မှ သင့်တင့်မျှတအောင် လုပ်နိုင်မယ်ဆိုရင်တော့ ကောင်းမယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button