သတင်း

ရန်ကုန်မှ အထည်ချုပ်လုပ်သား ၁၀ ဦးကျော် အဖမ်းခံရပြီး သတင်းပျောက်နေ

အခြေခံလုပ်ခလစာ တိုးတောင်းအပြီး စစ်တပ်က ဖမ်းဆီးသွားသည့် ရန်ကုန်မှ အလုပ်သမား ၁၀ ဦးကျော် မည်သည့်နေရာတွင် မည်သည့်အခြေအနေနှင့် ကြုံနေကြမှန်း တစ်ပတ်ခန့် ကြာသည်အထိ သတင်းအစအနမရ ဖြစ်နေသည်ဟု သိရသည်။

ရွှေပြည်သာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟိုစိမ့်မြန်မာ (Hosheng Myanmar) စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၇ ဦး အခြေခံလုပ်ခလစာ တိုးပေးရန် တောင်းဆိုအပြီး အလုပ်ထုတ်ခံရပြီးနောက် ထိုအဖမ်းအဆီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အလုပ်သမား ၇ ဦးနှင့် စက်ရုံတာဝန်ရှိသူတို့ ဇွန် ၁၄ က ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံညှိနှိုင်းပြီး ပြန်အထွက်တွင် သမဂ္ဂအဖွဲ့ဝင် အသက်၂၉ နှစ်အရွယ် မသူသူစံကို စစ်ကောင်စီလက်နက်ကိုင်တို့က မေးမြန်းရန်ရှိသည်ဆိုကာ ဖမ်းဆီးသွားသည်။

ထို့နောက် ၄ ရက်အကြာ (ဇွန် ၁၈ ရက်တွင်) အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်းနှင့် ကိုအောင်အောင်ဆိုသူတို့ ထပ်မံဖမ်းဆီးခံရသည်။ ထို့နောက် ၎င်းတို့နှင့် ဆက်စပ်သည်ဆိုကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ကိုလည်း ဆက်လက် ဖမ်းဆီးထားသည်ဟု Hosheng Myanmar စက်ရုံဝန်ထမ်း အမျိုးသားက ပြောသည်။

ထိုသူများအားလုံး အဆက်အသွယ်မရဖြစ်နေသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

“တစ်ယောက်မှ မိသားစုကို ဆက်သွယ်လာတာမျိုး မရှိသေးဘူး။ ရှေ့နေကနေတစ်ဆင့် အသနားခံစာတင်ဖို့ လုပ်နေပါတယ်” ဟု ပြောသည်။

ထိုစက်ရုံများမှ ဖမ်းဆီးခံထားရသူတို့ ဘေးအန္တရာယ်ကျရောက်မည်ကို စိုးရိမ်မိသည်၊ ချက်ချင်းပြန်လွှတ်ပေးရမည်ဟု မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးက ဇွန် ၂၀ တွင် ထုတ်ပြန်သည်။

လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် စသည့် အခွင့်အရေးများ ငြိမ်းချမ်းစွာကျင့်သုံးနေသူတို့ကို ဖမ်းဆီးနေခြင်းများ အမြန်ဆုံးရပ်တန့်ရန်၊ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံစည်းမျဉ်းနှင့် ရပိုင်ခွင့်များကို ILO ကြေညာစာတမ်းနှင့်အညီ သက်ဆိုင်သူအားလုံး ဆောင်ရွက်ရန် ၎င်းတို့က တောင်းဆိုထားသည်။

ဖမ်းဆီးခံရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၇ ဦးသည် စက်ရုံတွင် ၁ နှစ်မှ ၄ နှစ်အတွင်း လုပ်သက်ရှိ အသက် ၂၀ ကျော်အရွယ် ဝန်ထမ်းများဖြစ်ကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုစုပေါင်း၁၂ ဦး ဖမ်းဆီးထားပြီးဖြစ်သည်၊ နောက်ဆုံးအဖမ်းခံရသူမှာ သမဂ္ဂအဖွဲ့ဝင် အမျိုးသမီး ၃ ဦး ဖြစ်သည်ဟု စစ်ကောင်စီတပ်က ဖမ်းခံရသူတစ်ဦး၏ မိသားစုကို ပြောဆိုသွားကြောင်း သတင်းထွက်နေသော်လည်း ၈ ဦး အဖမ်းခံရမှုကိုသာ အတည်ပြုနိုင်သေးသည်။

ထိုသို့သော အဖမ်းအဆီးများကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အချို့လည်း ရှောင်တိမ်းနေကြရသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅) ရှိ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၆၀ ကျော်လည်း ဆက်စပ်ဖမ်းခံရမည်စိုး၍ အလုပ်မဆင်းကြကြောင်း သိရသည်ဟု ဇွန် ၁၄ နှင့် ၁၅ ရက်များတွင် အဖမ်းခံရသည့် ထိုစက်ရုံမှ အလုပ်သမားခေါင်းဆောင်များဖြစ်သော မသီတာဝင်း၊ ကိုလှိုင်ဝင်းထက်တို့နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျန်တဲ့ အလုပ်သမားခေါင်းဆောင်တွေကို CV ဖောင် (ကိုယ်ရေးရာဇဝင်) တွေ ယူသွားပြီးတော့မှ ဆက်ဖမ်းဖို့ရှိတယ်ဆိုပြီး ခြိမ်းခြောက်သံကြားရလို့ ရှောင်ကြတယ်။ အဲဒီတော့ အလုပ်ပြုတ်ကုန်တယ်” ဟု ထိုအလုပ်သမားအမျိုးသမီးက ပြောသည်။

၎င်းတို့သည်လည်း ဇွန် ၆ ရက်နေ့က အခြေခံလုပ်ခလစာ တိုးပေးရန် စက်ရုံတွင်း အခြားအလုပ်သမားများနှင့်အတူ ဦးဆောင်ဆန္ဒပြခဲ့သူများ ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် မသီတာဝင်း လုပ်ကိုင်သည့် Sun Apparel Myanmar အထည်ချုပ်စက်ရုံသည် ထိုင်းနိုင်ငံသားပိုင်ဖြစ်ပြီး ဝန်ထမ်း ၅၀၀ ခန့်ဖြင့် လည်ပတ်နေကာ ဂျာမဏီအခြေစိုက် အားကစားဝတ်စုံအမှတ်တံဆိပ် JAKO ကို အဓိကချုပ်လုပ်နေသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအလုပ်သမားကဏ္ဍတွင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် အလုပ်သမားအခွင့်အရေးတို့ လုံးဝမရှိသည့်အခြေအနေကြောင့်  ဥရောပသမဂ္ဂ (EU) က ကြေညာချက် ထုတ်ပြန် တောင်းဆိုမှုထက် ပိုမိုလက်တွေ့ကျသည့် အရေးယူမှု ချမှတ်စေလိုသည်ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ၏ ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောသည်။

“စာထုတ်တာကတော့ နစ်နာသွားတဲ့အလုပ်သမားတွေကို အကာကွယ်ပေးနိုင်မယ့် မှန်ကန်တဲ့ကူညီမှုမျိုး မဟုတ်ဘူး။ သူတို့ရဲ့လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း ထိရောက်တဲ့နည်လမ်းတွေနဲ့ စာထုတ်ရုံတင်မဟုတ်ဘဲ လက်တွေ့ကျတဲ့ အရေးယူမှုမျိုးကို ဖြစ်စေချင်တယ်” ဟု သူက ပြောသည်။

မြန်မာ့အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတို့၏ အခြေခံအခွင့်အရေး စံချိန်စံညွှန်းများ မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပုံမှန်လူ့အခွင့်အရေးဆိုင်ရာတာဝန်ရှိမှုကို လိုက်နာဆောင်ရွက်ရန်လည်း မဖြစ်နိုင်ကြောင်း ကုန်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Ethical Trading Initiative ETI) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

သို့သော် MADE in Myanmar အမည်ရ အထည်ချုပ်ကဏ္ဍအတွက် ကူညီထောက်ပံ့မည့်စီမံကိန်းကို EU ရန်ပုံငွေ ယူရို ၃ သန်း၊ အဝတ်အထည်အမှတ်တံဆိပ်ကုမ္ပဏီများ၏ ထည့်ဝင်ငွေများဖြင့် ဥရောပကုန်သည်ကြီးများအသင်း (မြန်မာ) နှင့် ဂျာမနီနိုင်ငံအခြေစိုက် Seaqua အဖွဲ့က လေးနှစ်ကြာ အကောင်အထည်ဖော်ရန် လုပ်ဆောင်ထားသည်။

ထိုစီမံကိန်းသည် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တွင် တရားဝင်မှုပေးရန် ပံ့ပိုးပေးရုံသာမက အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကိုလည်း ဖုံးကွယ်ပေးနေကြောင်း အလုပ်သမားအဖွဲ့အစည်းများက ဝေဖန်ထားသည်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်လာချိန်တွင် အဆမတန်ကြီးမြင့်လာသော ကုန်ဈေးနှုန်းများကြောင့် တစ်နေ့လုပ်ခလစာ ကျပ် ၄၈၀၀ မှ ကျပ် ၅၆၀၀ သို့ တိုးမြှင့်ပေးရန် စက်ရုံများမှ အလုပ်သမားများ ဆက်တိုက်ဆန္ဒပြတောင်းဆိုလာသည်။

အနည်းဆုံးလုပ်ခလစာကို ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ကျပ် ၄၈၀၀ သို့ တိုးမြှင့် ပြင်ဆင်ပေးပြီးနောက် ၂ နှစ်တစ်ကြိမ် အနည်းဆုံး ပြန်လည်ချိန်ညှိ ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော် ၅ နှစ်ကျော်လာသည်အထိ ထိုနှုန်းထားအတိုင်းသာ ရှိနေသေးသည်။

အာဏာတည်မြဲရေးအတွက် လိုအပ်သည့်ဥပဒေမှန်သမျှ ပြင်ဆင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် အနည်းဆုံးအခကြေးငွေဥပဒေပြင်ဆင်ရေးကို လျစ်လျူရှုထားပြီး အခွင့်အရေးတောင်းဆိုဆန္ဒပြသည့် အလုပ်သမားတိုင်းကိုပြင်းပြင်းထန်ထန် ဖိနှိပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button