သတင်း

မိုင်းထောင်တိုက်ခိုက်ခြင်း ၎င်းတို့လက်ချက်ဟု AA ပြော

ရဲတပ်ဖွဲ့ယာဉ်တန်းတိုက်ခိုက်မှုတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံထားပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ရခိုင်တိုင်းရင်းသားများကို ဖမ်းဆီးခြင်းနှင့် ရိုက်နှက်ခြင်းများပြုလုပ်ကာ ဖိနှိပ်နေသည့်အတွက် ယခုလိုတိုက်ခိုက်ရခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက Myanmar Now ကိုပြောသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း  ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ယာဉ်တန်းကို  ရက္ခိုင့်တပ်မတော် AA က ဖေဖော်ဝါရီ ၂၇ ရက်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ပြီး လိုအပ်လျှင် အဆိုပါတိုက်ခိုက်မှုမျိုးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့(မတ်လ ၁ ရက်) တွင်ပြောသည်။

“ အစိုးရရဲ့ ဖိနှိပ်ရေးယန္တရားထဲမှာပါဝင်လုပ်ဆောင်နေတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို ကျွန်တော်တို့ ရခိုင့်တပ်မတော်အနေနဲ့ကတော့ ပြတ်ပြတ်သားသားကိုင်တွယ်သွားမှာဖြစ်တယ်ခဗျ ” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ရဲတပ်ဖွဲ့ယာဉ်တန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က မိုင်းခွဲကာ လက်နက်ငယ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ကြပ် တစ်ဦးနှင့် ရဲတပ်သား တစ် ဦးကျဆုံးပြီး ရဲတပ်ကြပ် တစ်ဦးဒဏ်ရာရရှိသွားသည်။ ဒဏ်ရာရရှိသွားသည့် ရဲတပ်ကြပ်ကို ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးနေသိဟုသိရသည်။

ရဲတပ်ဖွဲ့ပိုင် Double Cab ယာဉ်သုံးစီး နှင့် သိမ်းဆည်းရမိသည့် လိုင်စင်မဲ့ ယာဉ်တစ်စီးကို ပြည်နယ်ရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးအပ်ရန်ထွက်လာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာနှင့် ကြံခင်းကျေးရွာအကြား ရန်ကုန်စစ်တွေကားလမ်းမကြီးအပေါ်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ဖြစ်စဉ်အတွင်း မိုင်းခြောက်လုံးအနက် လေးလုံးပေါက်ကွဲခဲ့ပြီး ယာဉ်သုံးစီး ထိခိုက်ပျက်စီးသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကပြောသည်။

ယခုနှစ်ဆန်း ဇန်နဝါရီ ၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့လိုက်ပါလာသည့် ယာဉ်တန်းသည် မြောက်ဦးမြို့နယ်အတွင်း မိုက်ခွဲတိုက်ခိုက်ခံခဲ့ရဖူးသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသည့် မော်တော်ယာဉ် (ဓာတ်ပုံ-ရဲဇာနည်)

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါတိုက်ခိုက်မှုအတွက် ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားပြီး လိုအပ်သည့် စစ်ဆေးမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောသည်။

“ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေပဲလုပ်တာပါ။ ဒုစရိုက်သမားကို နှိမ်နင်းတဲ့လုပ်ငန်းက ရဲလုပ်ငန်းဖြစ်နေတာကိုး” ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့် ညက မိုင်းပေါက်ကွဲသံနှင့် သေနတ်သံများကြားရပြီးနောက် အဆိုပါနေရာနှင့် အနီးဆုံးနေရာတွင်ရှိနေသည့် ပန်းနီလာရွာသားတချို့မှာ စစ်ဆေးမေးမြန်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ကာ ညတွင်းချင်းပင် တိမ်းရှောင်သွားကြပြီး ယနေ့အချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးမေးမြန်းခြင်းများမရှိသည့်အတွက် ရွာသို့ပြန်ရောက်လာကြကြောင်း ပန်းနီလာရွာသား ဦးရွှေသန်းကပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့) တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပီ၊ ကျောင်းတောင် စသည့် နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့သည်။

Show More

Related Articles

Back to top button