သတင်း

မဲဆောက်မြို့ မြန်မာရပ်ကွက်တစ်ခုကို ထိုင်းအာဏာပိုင်များ ရုတ်တရက် ဝင်စစ်

မြန်မာ-ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့၊ မယ်ပရပ်ကွက်အတွင်း မြန်မာအများစု နေထိုင်သည့် လေးထပ်တိုက်တန်းလျားတစ်ခုကို ထိုင်းအာဏာပိုင်တို့က ယမန်နေ့ (မတ်လ ၂၂ ရက်နေ့) နေ့လယ်ပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

နေထိုင်ခွင့်အထောက်အထားလက်မှတ် မပြနိုင်သူ အများအပြားနေထိုင်သည့် မဲဆောက်မြို့ရှိ ထိုနေရာကို ဝင်ရောက် စီးနင်းရသည့် အကြောင်းရင်းနှင့် တရားမဝင်ပစ္စည်းတစ်ခုခု သိမ်းဆည်းရမိခြင်း ရှိမရှိကို ထိုင်းအာဏာပိုင်တို့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အင်အား ၄၀ ဝန်းကျင် ပါဝင်သည့် အဖွဲ့က အထက်ပါ အဆောက်အအုံတွင် နေထိုင်သူများအပါအဝင် အနီးဝန်းကျင်ရှိ မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို ထိုနေရာတွင်ပင် စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသူများနှင့် သိကျွမ်းသူတစ်ဦးက ဆိုသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန အရာရှိများ၊ စစ်သားများ ပါဝင်သည့် ထိုအဖွဲ့က အသက် ၁၄ နှစ်နှင့် ၂၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ထိုနေရာမှ ခေါ်ဆောင်သွားကြောင်း ၎င်းတို့၏ မိတ်ဆွေဖြစ်သူက ပြောသည်။

“မနေ့ည ၇ နာရီမှာ ထိုင်းစစ်တပ်က သူတို့နှစ်ဦးကို နှစ်ထပ်အချုပ်ဆောင်ကို ခေါ်လာပြီး အပ်တယ်။ အခု အချုပ်ခန်းထဲမှာပဲ” ဟု သူက ယနေ့ နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ခုကလည်း ထိုလူငယ်နှစ်ဦးမှာ တိုက်တန်းလျားတွင် နေထိုင်ခြင်းမဟုတ်ဘဲ ထိုနေရာတွင် ရောက်နေခြင်းကြောင့် စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရကြောင်း၊ တရားမဝင်နေထိုင်မှုနှင့် ဖမ်းဆီးခံရသူ အများစုကဲ့သို့ပင် မကြာမီ ပြန်လွတ်လာဖွယ်ရှိကြောင်း ပြောသည်။

အွန်လိုင်းသတင်းစာမျက်နှာတချို့တွင် ဖော်ပြထားသလို ထိုနေရာတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ရာဂဏန်းကို ဖမ်းခေါ်သွားခြင်း မဟုတ်ကြောင်း ထိုင်းစစ်တပ်၏ စစ်ဆေးမှုနှင့် ကြုံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့က Myanmar Now ကို ပြောသည်။

“ဒီလေးထပ်တိုက် အခန်းတွေမှာ နေတဲ့သူတွေ အကုန်ကိုတော့ အောက်ကို ခေါ်ပြီး စစ်ဆေးတယ်။ ရဲစခန်းခေါ်သွားပြီး ဖမ်းဆီးတာ မဟုတ်ပါဘူး။ လူငယ်နှစ်ဦးကိုပဲ ဖမ်းဆီးသွားတာ” ဟု ထိုလေးထပ်တိုက်တန်းလျားတွင် နေထိုင်သူ ရွှေ့ပြောင်း မြန်မာအမျိုးသားတစ်ဦးက ပြောသည်။

နယ်စပ်မြို့ မဲဆောက်ရှိ စက်ရုံအလုပ်ရုံများတွင် မြန်မာအလုပ်သမားအများအပြား အလုပ်လုပ်ကိုင်လျက်ရှိပြီး ထိုမြို့သည် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသများသို့ သွားရောက်လိုသည့် မြန်မာပြည်သားများ ခရီးတစ်ထောက်နားသည့် နေရာလည်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တပ်စခန်းများမှာလည်း မဲဆောက်ဒေသဝန်းကျင်နှင့် နီးကပ်စွာ တည်ရှိသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ရန်ကြောင့် တိမ်းရှောင်ရသူအများအပြားလည်း မဲဆောက်ဒေသတွင် ခိုလှုံနေကြသည်။

ထိုဒေသတွင် ရဲများက လမ်းသွားလမ်းလာများကို စစ်ဆေးလေ့ရှိပြီး တရားဝင်နေထိုင်ကြောင်း အထောက်အထားလက်မှတ်မပြနိုင်ပါက ဖမ်းဆီး အရေးယူတတ်သဖြင့် အချုပ်ခန်းတွင် လူပြည့်နေလေ့ရှိသည်ဟု မဲဆောက်မြို့​နေ မြန်မာတို့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button