မကွေးတိုင်းက ၄၃ နှစ်အရွယ် ဦးအောင်ဇေယျသည် အင်အား ၂၆၀ ကျော်ရှိသည့် ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ အုပ်ချုပ်ရေးတာဝန်ခံဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပခုက္ကူခရိုင်တပ်ရင်း (၆) တွင် မလုပ်မဖြစ်သော ကိစ္စရပ်များအတွက် ငွေလိုအပ်မှုအတွက် အတိုးဖြင့် ချေးယူသည့် နည်းလမ်းကိုလည်း အသုံးပြုနေရသည်ဟု ဦးအောင်ဇေယျက ပြောသည်။
“ယမ်းပိုင်းဆိုင်ရာကိစ္စတွေ၊ မဝယ်မဖြစ်တဲ့ကိစ္စတွေ၊ ဝယ်ကိုဝယ်မှ ဖြစ်မယ့်ကိစ္စတွေဆို အတိုးနဲ့ ဝယ်သင့်ရင် ဝယ်ရတာပဲ။ အဓိကက တော်လှန်ရေးအောင်မြင်ချင်တဲ့အတွက် ရတဲ့နည်းနဲ့ လှုပ်ရှားနေရတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ ထောက်ပံ့ကြေး ကျပ်သိန်း ၈၀ လစဉ် ရခဲ့ပြီး လတ်တလောတွင် ၂၀ ရာခိုင်နှုန်း လျော့ကျသွားသည်၊ ဒေသတွင်းလူထု၏ လှူဒါန်းမှုလည်း ရှိနေသည်၊ ဤအခြေအနေတွင်ပင် တပ်ရင်း (၆) မှာ အကြွေးနှင့် မကင်းသေးကြောင်း ၎င်းက ဆိုသည်။
ဤသို့ဖြင့် ၂၀၂၁ တွင် အာဏာသိမ်းလိုက်သည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရန် ပေါ်ပေါက်လာသော ဒေသအသီးသီးမှ တပ်ဖွဲ့များထဲတွင် တိုက်ပွဲဖော်ဆောင်ပြီးမှ တိုက်ပွဲရလဒ် ပြသကာ အကြွေးဆပ်ရန် ငွေရှာသည့်အဖွဲ့များ ရှိလာသည်။
တိုက်ပွဲအောင်နိုင်လျှင် လူထုယုံကြည်ကိုးစားမှု ပိုရကာ ပြည်သူအများ၏ ဂုဏ်ပြုရန်ပုံငွေလည်း ပိုတိုးနိုင်သဖြင့် ချေးယူထားသည့် အကြွေး ပြန်ဆပ်နိုင်ကြသည်ဟု ဆိုသည်။
တော်လှန်ရေးအစ တူမီးက
ရွှေဘိုခရိုင်တပ်ရင်း (၂၃) တပ်ရင်းမှူး ဗိုလ်ရန်ကြီးကလည်း အကြွေးနှင့် ကင်းဝေးနိုင်ခြင်းမရှိဟု ပြောသည်။
“တိုက်ပွဲဖော်နိုင်တဲ့ အဖွဲ့အစည်းဆိုရင် ပိုပြီးတော့ အလှူငွေ စီးဆင်းတာပေါ့။ လုပ်ငန်းများများလုပ်တဲ့ အဖွဲ့အစည်းဆိုရင်တော့ ပြည်သူရဲ့ ယုံကြည်မှု ပိုရနိုင်တာပေါ့” ဟု ဗိုလ်ရန်ကြီးက ပြောသည်။
“လက်နက်ကိုင်တော်လှန်ရေး စလိုက်ပါပြီဆိုကတည်းက တော်လှန်ရေးသမားနဲ့ အကြွေးနဲ့က မကင်းဘဲ သွားနေတာပဲ။ ဒီလကို ပိုလာလိုက်၊ အကြွေးလေး ကျေသွားလိုက်၊ ပိုလာလိုက်။ ဒီလိုပဲ သွားနေတာ”
နွေဦးတော်လှန်ရေးဟု ခေါ်ကြသော အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ကာလကြာရှည်လာသည်နှင့်အမျှ ကုန်ကျစရိတ် ပိုမို များပြားလာသည်။
လက်နက်ကိုင် ခုခံသူတို့က တိုက်ပွဲကို လက်လုပ်သေနတ်၊ တူမီးတို့ဖြင့် စတင်ခဲ့ကြသည်။ ကနဦး လူအင်အား လက်နက်အင်အား နည်းပါးချိန်က ကုန်ကျစရိတ်မှာ ပြဿနာမရှိခဲ့ပေ။
တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းအရေအတွက် ၂၅၇၊ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀၊ မြို့ပြပြောက်ကျားနှင့် ဒေသအခြေပြုကာကွယ်ရေးအဖွဲ့ ၄၀၀ ကျော်နှင့် ချိတ်ဆက်ပြီးဖြစ်ကြောင်း NUG အစိုးရက ၂၀၂၂ မေတွင် ထုတ်ပြန်သည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန် မေလအထိ ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၄၄ သန်း သုံးစွဲခဲ့ကာ ၆၃ ရာခိုင်နှုန်းခန့်မှာ လက်နက်၊ ခဲယမ်းနှင့် စစ်ဆင်ရေးအသုံးစရိတ်ဖြစ်သည်ဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ၂၀၂၂ ဇူလိုင်လဆန်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ရန် စစ်အသုံးစရိတ်သည် နှစ်စဉ် ဒေါ်လာသန်း ၃၀၀ ကျော် လိုအပ်သည်ဟု MOD ဝန်ကြီး ဦးရည်မွန်က ဆိုသည်။
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် အဖွဲ့ခေါင်းဆောင်မတည်သော တူမီး ၁၀ လက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ကလည်း လက်နက်ဝယ်ရေး ငွေချေးရန်အတွက် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများကိုပင် အပူကပ်နေရသည်ဟု ထိုအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုမိုက်ကယ်က ပြောသည်။
“အကြွေးယူတဲ့စနစ်မှာလည်း အဓိကက ပြည်သူတွေပေါ့။ အရင်က စစ်ရှောင်မဟုတ်ဘူး။ လောလောဆယ် စစ်ရှောင်နေကြရတဲ့သူတွေဆီက အကြွေးယူတဲ့စနစ်နဲ့ သွားနေတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
တူမီးနှင့် လက်လုပ်သေနတ်ကို ဆက်လက် အားထားနေရသည့် ဘာမထီအဖွဲ့က တိုက်ပွဲဝင် မောင်းပြန်ရိုင်ဖယ်များ ဝယ်ယူရန် ဆန္ဒရှိသော်လည်း ယမ်းကိုသာ ဝယ်ယူစုဆောင်းပြီး တိုက်ပွဲဖော်ရသည်၊ တိုက်ပွဲများအပြီး အလှူငွေရလာမှ အရစ်ကျ ပြန်လည်ပေးဆပ်သည်ဟု သိရသည်။
ကိုယ်ပိုင်တီထွင်မှုများ
တပ်ဖွဲ့ဝင်အင်အား ရာဂဏန်းကျော်ရှိသည့် ဘာမထီတပ်သည် နိုင်ငံအလယ်ပိုင်းမှ အခြားတော်လှန်ရေးအဖွဲ့ အများစုနှင့် တူသည့် အချက်တစ်ခုမှာ လက်နက်အင်အား ပြည့်စုံသော၊ လေတပ်ကူညီမှုရှိသော အာဏာသိမ်းတပ်ကို ထိပ်တိုက်ရင်မဆိုင်ဘဲ မိုင်းခွဲတိုက်ခိုက်မှု အပါအဝင် ပြောက်ကျားတိုက်ခိုက်မှုဗျူဟာကို ပိုမို အားပြုနေခြင်းပင်။
အချို့ဒေသတွင် လက်နက်ကို အကြွေးဝယ်ယူနိုင်သော်လည်း မြင့်မားလာသော လက်နက်ဈေးကြောင့် တူမီးကို အဆင့်မြှင့်ထားသည့် လက်လုပ်သေနတ်၊ လက်လုပ် ၆၀ မမ စိန်ပြောင်းနှင့် ရှော့တိုက်ဒုံးများကို တီထွင်အသုံးပြုနေကြသည်။
လက်နက်ကိုင်တော်လှန်ရေးအစတွင် မိုင်းအတွက် အသုံးပြုသည့် ယမ်းတစ်အိတ်ကို ၂၀၀,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သော်လည်း ယခုအခါ ၁၃ သိန်းအထိ ဈေးမြင့်တက်လာသလို လက်နက်ဈေးလည်း တက်လာသည်။
လက်နက်မှာပေးသူများသည် အကျိုးအမြတ်ကို ပဓာနမထားသည့် အမာခံထောက်ပို့များဖြစ်သော်လည်း ငွေအလုံးအရင်း မစိုက်ထုတ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ပစ္စည်းရောက် ငွေချေရတာပဲ ရှိခဲ့ဖူးတယ်။ နောက်ပိုင်းတော့ ငွေကြိုမပေးရင် ပစ္စည်းမရနိုင်တော့မယ့် အနေအထားပါ။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သရွေ့ ခြိုးခြံချွေတာပြီး လက်နက်ဖိုးကို စုဆောင်းရပါတယ်။ ရတော့မှ တစ်လက်ဆို တစ်လက်၊ ကျည် ၁၀၀ ဆို ၁၀၀ ဖြည့်တင်းတာပါ” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ တပ်တည်ထောင်စဉ်က သေနတ်ဈေးက အလွန်ဆုံး သိန်း ၆၀ လောက် ပေးရင် AK 47 တစ်လက် ကောင်းကောင်းရနိုင်ပါတယ်၊ အခုကတော့ သိန်း ၁၄၀ လောက်မှ အကုန်မခံရင် မရနိုင်တော့တဲ့ အနေအထားဖြစ်ပါတယ်” ဟု People’s Revolution Alliance (PRA-Magway) စစ်ရေးဆိုင်ရာတာဝန်ခံ ကိုဟာကျူလီက ပြောသည်။
အထွေထွေဈေးနှုန်းကြီးမြင့်ခြင်းကြောင့် လက်နက်အဆင့်မြှင့်တင်မှုအပိုင်းမှာ နှေးကွေးဆဲဖြစ်သော်လည်း ကိုက်နှစ်ရာအကွာအတွင်း ထိရောက်စွာ ပစ်ခတ်နိုင်သည့် လက်လုပ်သေနတ်မျိုးကို မဟာမိတ်အဖွဲ့များ၏ အကူအညီဖြင့် ထုတ်လုပ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်၊
စစ်ကောင်စီက အကြမ်းဖက်အားပေးပုဒ်မဖြင့် အရေးယူနိုင်ကြောင်း ခြိမ်းခြောက်နေသည့်တိုင် တစ်နိုင်တစ်ပိုင်ကူညီသူ အရေအတွက်မှာ မယုံနိုင်စရာကောင်းလောက်အောင် များပြား အားကောင်းဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ချင်း၊ ကယားဒေသ တော်လှန်ရေးသမားများ
ချင်းနှင့် ကယားပြည်နယ်တို့တွင် လက်နက်ပွဲစားတချို့က အကြွေးရောင်းပေးသည်ဟု သိရသည်။
ကယားပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လက်နက်ပွဲစားကို ကျပ်သိန်း ၃၀၀ ခန့်နှင့် ညီမျှသည့် ထိုင်းငွေ ပေးရဦးမည်ဟု ဆိုသည်။
“ထိုင်းဘတ်ငွေ ၅ သိန်း အကြွေးကျန်သေးတယ်ပေါ့။ ရလာတဲ့ ရန်ပုံငွေနဲ့ ပြည်သူတွေထောက်ပေးတာကလည်း ကုန်ကြမ်းနဲ့ ခဲယမ်းတွေ ဝယ်ရတဲ့ဘက်ကိုပါ လှည့်ရတော့ သေနတ်ကြွေးကို ခုထိ မဆပ်နိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။
ဝင်ငွေနည်းသူများ၊ ဝင်ငွေအသင့်အတင့်ရှိသူများက အဓိကထောက်ပံ့သူများ ဖြစ်လာသည်၊ လိုအပ်သည့်အဖွဲ့ များပြားနေချိန်ဖြစ်သောကြောင့် လိုအပ်သည့် ပမာဏ၏ ထက်ဝက်ခန့်သာ ရနိုင်တော့ကြောင်း ၎င်းက ဆိုသည်။
အကြွေးဖြင့် စစ်တိုက်ရသော်လည်း စစ်ကောင်စီတပ်ကို အကြီးအကျယ်ခြိမ်းခြောက်ထားနိုင်ကြောင်း၊ အကြွေးဖြင့် ဝယ်ယူထားသော စနိုက်ပါက ဒေသတွင်း တိုက်ပွဲတစ်ခုအတွင်း အသုံးတည့်ခဲ့ကြောင်း ၎င်းက ဆိုသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းထဲတွင် လှုပ်ရှားနေသည့် ဇီရိုးပြောက်ကျားတပ်ဖွဲ့ ခေါ် မြင်းခြံခရိုင် PDF တပ်ရင်း (၇) ၏ တပ်ရင်းမှူး ကိုသက်ကြီးကမူ ရန်ပုံငွေအလုံအလောက်ရှာပြီးမှ တိုက်ခိုက်ကြောင်း ပြောသည်။
“ကျွန်တော် တစ်လအတွင်း တိုက်ပွဲ ၄ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ ၄ ကြိမ်မှာ ကုန်ကျမှုက (ပျှမ်းမျှ) တွက်လိုက်ရင် သိန်း၄၀၀ လောက် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိန်း ၄၀၀ မဝင်ဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့က ကြိုတင်စုဆောင်းထားလို့သာ အဆင်ပြေတာပေါ့” ဟု ၎င်းက ဆိုသည်။
စခန်းသိမ်းတိုက်ပွဲများတွင် ကျည်ပိုသုံးရသဖြင့် ပုံမှန်တိုက်ပွဲများထက် ကုန်ကျစရိတ်ကြီးမားကြောင်း၊ လစဉ် တိုက်ပွဲများ မပြတ်ဖော်ဆောင်လိုသော်လည်း ငွေကြေးအခက်အခဲရှိနေကြောင်း ၎င်းက ဆိုသည်။
ရန်ပုံငွေ ကြိုတင်ရှာဖွေခြင်းနှင့် တိုက်ပွဲဖော်ဆောင်ပြီး ရှာဖွေခြင်း နည်းလမ်းနှစ်ခုစလုံးတွင် အားသာချက်၊ အားနည်းချက် အသီးသီးရှိနေပြီး ဒုတိယနည်းလမ်းသည် ဆုံးရှုံးမှုအန္တရာယ်များကြောင်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒါလုပ်ပြလို့ အောင်မြင်လာရင် လှူတဲ့သူ ရှိလာမှာပဲ၊ လုပ်ဆောင်ချက်ကို ကြည့်ပြီး လှူတဲ့သူ ရှိလာမှာပဲ ဆိုပြီးတော့မှ ရင်းပြီးတော့ လုပ်တဲ့လုပ်ငန်းပေါ့။ မအောင်မြင်လာရင် သူခံရမှာ။ အဖွဲ့အစည်းတစ်ခုလုံး ခံရမှာပေါ့” ဟု ၎င်းက ဆိုသည်။
နောက်ဆက်တွဲအနေဖြင့် ရန်ပုံငွေရှုပ်ထွေးမှုများ ဖြစ်ပေါ်လာပြီး ခေါင်းဆောင်များ၏ ဦးဆောင်မှုကိုပါ ထိခိုက်လာနိုင်ကြောင်း၊ ကနဦး ငွေကြေးရှာဖွေပြီးမှ တိုက်ခိုက်ခြင်းသည် လုပ်ငန်းနှေးကွေးသော်လည်း နောက်ဆက်တွဲပြဿနာ နည်းပါးကြောင်း ၎င်းက ဆိုသည်။
သို့သော် ရန်ပုံငွေရရှိမှု အကန့်အသတ်ကြောင့် နှစ်လမ်းနှစ်ခုလုံးကို အသုံးပြုနေသည်၊ မြေပြင်တွင် သူ့နည်းသူ့ဟန်ဖြင့် အလုပ်ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
ဆယ်စုနှစ်ပေါင်းများစွာ ဖွဲ့စည်းတည်ဆောက်ထားပြီး တိုင်းပြည်ဘဏ္ဍာကို ဗုံးပေါလအော အသုံးပြုခွင့်ရနေသည့် အာဏာသိမ်းစစ်တပ်တွင် လက်နက်ထုတ်လုပ်သည့် စက်ရုံအများအပြား မြန်မာပြည်အလယ်ပိုင်းတွင် ရှိနေသည်။
ဤအခြေအနေတွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စစ်တပ်ကို ခြိမ်းခြောက်တိုက်ခိုက်လာနိုင်သလို မြေပြင်စိုးမိုးမှုများလည်း ရနေသည်။
တိုက်ရဲခိုက်ရဲပြီး အသက်ပေးဝံ့သည့် လူအင်အား ဒုနဲ့ဒေးရှိကာ လက်နက်နှင့် ကျည် အဓိက လိုသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ပခုက္ကူခရိုင်တပ်ရင်း (၆) အုပ်ချုပ်ရေးတာဝန်ခံ ဦးအောင်ဇေယျက စစ်စရိတ်အတွက် ငွေရှာရာတွင် တပ်ဖွဲ့ဝင်များ၊ တော်လှန်ရေးထောက်ခံသူများ ပိုင်ဆိုင်သည့် မြေယာကို ပေါင်နှံသည့် နည်းလမ်းကိုလည်း အသုံးပြုနေကြသည်ဟု ဆိုသည်။
လက်နက်နှင့် ခဲယမ်းအကူအညီသာ တိုးမြင့်ရရှိမည်ဆိုပါက တော်လှန်ရေးအင်အားစုများရည်မှန်းသလို ယခုနှစ် ၂၀၂၃ သည် အဆုံးအဖြတ်နှစ် ဖြစ်လာနိုင်သည်ဟု ဦးအောင်ဇေယျက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)