သတင်း

နေပြည်တော်တွင် လက်နက်နှင့် ကျည်ဆန်များ ဖမ်းမိ၊ စစ်ကောင်စီ သတင်းမထုတ်ပြန်

ဖမ်းမိသည့် အမျိုးသားနှင့်အတူ ပစ္စတိုသေနတ်နှင့် ကျည်အတောင့် ၂၀၀ ကျော်ကိုလည်း သိမ်းဆည်းမိသည်ဟု သိရသည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်နေထိုင်ရာ နေပြည်တော်တွင် ယခုလ ၁၃ ရက်က အမျိုးသမီးတစ်ဦးကို ပစ္စတိုတစ်လက်နှင့်အတူ ဖမ်းမိပြီးနောက် အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းအများအပြားဖြင့် ထပ်မံဖမ်းမိသည်ဟု သိရသည်။ 

ဗုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ယာယီဘုန်းကြီးဝတ်နေသည့် အမျိုးသားတစ်ဦးကို ယခုလ ၂၇ ရက်နေ့က ဝင်ရောက်ဖမ်းဆီးစဉ် ပစ္စတိုသေနတ်နှင့်အတူ ကျည်အတောင့် ၂၀၀ ကျော်ပါ သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုအမျိုးသားသည် လဆန်းပိုင်းက ဇဗ္ဗူသီရိမြို့နယ်၊ အောင်ဇဗ္ဗူရပ်ကွက်ရှိ ရွှေစံအိမ်တည်းခိုခန်းတွင် ဖမ်းမိသည့် အမျိုးသမီးနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

“ဟိုကနေ ပြေးလာပြီးတော (ရွှေစံအိမ်တည်းခိုခန်း) အပြင်ကနေ ဘုန်းကြီးဝတ်ပြီး အဲ့ကျောင်းမှာ ခေတ္တတည်းခိုတာ၊ ကျောင်းကို ဘုန်းကြီးကားနဲ့ လာတာ” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

အသက် ၃၀ အရွယ် မအိအိဖြူဆိုသူကို ဖမ်းဆီးစဉ်က ပစ္စတိုတစ်လက်နှင့် ကျည်ငါးတောင့် သိမ်းဆည်းရမိကြောင်း၊ အထက်ပါ အမျိုးသားမှာ အမျိုးသမီးကို ဝင်ဖမ်းစဉ် လွတ်မြောက်ခဲ့သူဖြစ်ကြောင်း သိရသည်။

လက်နက်နှင့်အတူ ဖမ်းမိသူနှစ်ဦးလုံးမှာ သုခတော်ဝင်အိမ်ရာ တိုက် ၄၊ အခန်း ၁၂ တွင် နေထိုင်သူများဖြစ်သည်ဟု ဆိုသော်လည်း အသေးစိတ် မသိရပေ။

ထို့အတူ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိပေ။

နေပြည်တော်အခြေစိုက် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များကို ဆက်သွယ်မေးမြန်းရာ၌ စစ်ကောင်စီက ဖမ်းဆီးရမိခဲ့သူနှစ်ဦးလုံးမှာ ၎င်းတို့နှင့် ပတ်သက်မှုမရှိဟု ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ၎င်းတို့အခြေစိုက်ရာ နေပြည်တော်၌ လုံခြုံရေးအထူးတင်းကျပ်ထားလေ့ရှိသည်။ ချောင်ကျသည့် နေရာများပါမကျန် CCTV ကင်မရာများ တပ်ဆင်ထားသည်မှာ အာဏာသိမ်းပြီးကတည်းက ဖြစ်သည်။

နေပြည်တော်ဧရိယာအတွင်း နယ်မြေရဲစခန်းများမှ နယ်ထိန်းရဲများက မသင်္ကာဖွယ်ရာ တွေ့ရှိပါက အကြောင်းကြားရန် စားသောက်ဆိုင်နှင့် ဟိုတယ်များကိုပါမကျန် မှာကြားထားသည်ဟု အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောသည်။

“ဒီမှာက ဘာမှကို သူတို့အဖြစ်မခံနိုင်ဘူး။ အနံ့ရပြီဆိုတာနဲ့ မရရအောင် လိုက်တာပဲ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button