သတင်း

နမ္မတူတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံနှစ်ဦး လက်နက်ကြီး ထိမှန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများတွင်အသုံးပြုသော လက်နက်ကြီးကျည်ဆန်များ ကျေးရွာတချို့ ကျရောက်သဖြင့် ကျည်ဆန်စ ထိမှန်သူများရှိပြီး နမ္မတူနှင့် လားရှိုးမြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ထားရကြောင်း ဒေသခံတို့က ပြောသည်။

မည်သည့်ဘက်ကပစ်သည့် ကျည်ဆန်ကြောင့်ဆိုသည်ကိုမူ မသိရသေးပေ။

နမ္မတူမြို့နယ်အတွင်း မေ ၄ ရက်နေ့မှစ၍ TNLA (တအာင်းလွတ်မြောက်ရေးတပ်မတော်) နှင့် SSPP/SSA ( ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းမြို့နယ် မန်ဆာအွမ် ကျေးရွာနေ အသက် ၆၁ နှစ်အရွယ် လုံးစိုင်းဆိုသူနှင့် မန်ဆာလုံကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီး ကျည်စများ ထိမှန်သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မိုင်းရင်ကျေးရွာ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“လုံးစိုင်းကတော့ ကျည်စမှန်တာ အူတွေပါထွက်လာလို့ လားရှိုးဆေးရုံကို ပို့လိုက်ရတယ်။ ခုတော့ ခွဲစိတ်ပြီးပြီလို့ ပြောတယ်။ နောက်အမျိုးသမီးကတော့ အရမ်း မစိုးရိမ်ရဘူး၊ လက်မောင်းကိုမှန်တာ၊ သူ့ကိုတော့ နမ္မတူဆေးရုံကို တင်ထားတယ်” ဟု မိုင်းရင်ကျေးရွာနေ ကိုအောင်သန်းဇော်က မေလ ၁ဝ ရက် (ယနေ့)တွင် ပြောသည်။

တိုက်ပွဲများက နမ္မတူမြစ်၏ မြောက်ဘက်ပိုင်းတွင် ဖြစ်ပွားနေသည့်အတွက် ဒေသခံများက မြစ်တောင်ဘက်ပိုင်း မိုင်းရင်ရွာ၊ ပန်ခန်းရွာ၊ ဝိန်းနမ့်ရွာတို့မှ ဘုန်းကြီးကျောင်းများသို့ သွားရောက်ခိုလှုံကြပြီး မေလ ၉ ရက် (ယမန်နေ့) ထိ စာရင်းများအရ စစ်ဘေးရှောင် ၇ဝ၁ ဦးရှိကြောင်းနှင့် မေ ၁ဝ ရက် (ယနေ့) ၌ မိုင်းရင်ရွာအနီး နားဟိုင်းရွာရှိ ဘုန်းကြီးကျောင်းသို့ ခိုလှုံသူများလည်း ရှိလာကြောင်း သိရသည်။

“တိုက်ပွဲကအစက TNLA နှင့် SSPP/SSA နဲ့ ဖြစ်တယ်။ မနေ့ညနေ (မေလ ၉ ရက်) မှစ၍ အစိုးရတပ်နဲ့ TNLA နဲ့ ဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်” ဟု ဆီလိန်ခမ်း လူမှုကူညီရေးအသင်း၊ မန်စံဒေသ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးတာဝန်ခံ စိုင်းရန်ပြေက Myanmar Now ကို ပြောသည်။

ယင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး TNLA ၏တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့ဖြစ်ပွားနေသည့် တိုက်ပွဲသတင်းများကို ဖော်ပြထားသည်။ တိုက်ပွဲဖြစ်ပွားမှု ရှိမရှိ အတည်ပြုရန် တပ်မတော်ဘက်သို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

Show More

Related Articles

Back to top button