ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၃ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့နယ် ဆန်ခါအကျဉ်းထောင်တွင်း တပ်စွဲထားသူများက လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်၊ အနီးရှိ မဇွပ်ယန်ရွာအတွင်း လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲရာ ၂၄ နှစ်အရွယ်ရှိ မဂျာအိန်ဆိုသူ လက်မောင်း၊ ပေါင်နှင့် ခါးစပ်တို့တွင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုအမျိုးသမီးမှာ ကလေးများကို လိုက်လံရှာဖွေစဉ် ပစ်ခတ်ခံရသည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူတို့အိမ်ရှေ့နားမှာ တစ်လုံးကျတယ်၊ သူက ကလေးတွေ အပြင်ထွက်နေလို့ ခေါ်ရင်းနဲ့ ထိတာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ဒဏ်ရာရပြီး မကြာမီပင် သူ့ကို ဖားကန့်ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သူက ဆက်ပြောသည်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် မဇွပ်ယန်ရွာအတွင်းရှိ နေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။
ပစ်ခတ်ရသည့် အကြောင်းရင်းကို စစ်ကောင်စီတပ်က အများအားဖြင့် သတင်းထုတ်ပြန်လေ့မရှိပေ။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဆိုင်းတောင်ရွာတွင် ဆေးဆိုင်သို့ သွားသည့် အသက် ၃၀ ကျော်အရွယ် ကိုဆန်းလင်းအောင် ပစ်ခတ်ခံရသည်ဟု သိရသည်။
ကိုဆန်းလင်းအောင်သည် လူမှုကူညီရေးအသင်းတစ်ခုတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သာမန်အရပ်သားတစ်ဦးသာ ဖြစ်သည်ဟု အာဏာသိမ်းမှုဆန့်ကျင်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်းတောင် စစ်တပ်ကုန်းရှေ့ကို ဆေးလာဝယ်တာ ၁၀ နာရီခွဲကျော်ပေါ့၊ စစ်တပ်ကို မြင်တော့ လှည့်ပြေးတာ ပစ်လိုက်တော့ ပေါင်မှန်သွားတယ်လေ” ဟု ဖားကန့်သပိတ်ကော်မတီဝင် အထက်ပါ အမျိုးသားက ပြောသည်။
ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်သည်ဟု အထက်ပါအမျိုးသားက ဆိုသည်။
နောက်တစ်နေ့ ဖေဖော်ဝါရီ ၂၃ တွင်လည်း ကျောက်အရောင်းအဝယ်လုပ်ပြီး ကားဖြင့် ပြန်လာသည့် အမျိုးသားတစ်ဦးကို မရှီကထောင်လမ်းဆုံအနီးရှိ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
“ပစ်လိုက်တာ ကားကို ဖောက်ထွက်သွားပြီး မှန်သွားတယ်၊ သွေးကွက်တွေ တွေ့ရတယ်တဲ့ ပစ်တဲ့နေရာနားမှာ၊ တစ်ယောက်ကတော့ အပစ်ခံရပြီး ဖမ်းမိသွားတယ်တဲ့၊ ကျန်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်။ ကားကိုတော့ သူတို့ (စစ်တပ်) ကရိန်းကားနဲ့ လာမသွားတယ်” ဟု ဖားကန့်ဒေသခံ သပိတ်ကော်မတီဝင်အမျိုးသားက ပြောသည်။
ကျောက်စိမ်းထွက်ရှိမှုကြောင့် ကမ္ဘာကျော်သည့် ဖားကန့်ဒေသတွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားတတ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်လာသည့် တိုင်းရင်းသားဒေသများထဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အခြေစိုက် လှုပ်ရှားရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့လည်း ပါဝင်နေသည်။
ပြီးခဲ့သည့် ၅ ရက်ခန့်က စတင်ပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA တပ်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်များပါ ပူးပေါင်းတိုက်ခိုက်နေသည်။
စစ်ကိုင်း-ကချင်နယ်စပ်တစ်လျှောက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)