အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ပြည်နယ် မြို့နယ် ၄ ခုတွင် တိုက်ပွဲဖြစ်နေ၊ စစ်စခန်းအချို့ KIA သိမ်း

တိုက်ပွဲများအတွင်း စစ်တပ်က ဖားကန့်မြို့ပေါ်ရှိ စာသင်ကျောင်းပေါ် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရသွားသည်။

ကချင်ပြည်နယ် ဖားကန့်၊ ဝိုင်းမော်၊ မိုးညှင်းနှင့် ဗန်းမော်မြို့နယ်များတွင်  ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေပြီး မိုးညှင်းနှင့် ဝိုင်းမော်မြို့နယ်များရှိ စစ်တပ်၏ ကာကင်းစခန်းအချို့ကို   ယနေ့ (ဖေဖော်ဝါရီ ၂) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်(KIA) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဝိုင်းမော်မြို့နယ် အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာရှိ လမြန်ရွာအနီးတွင်  ဒီဇင်ဘာလမှ စတင်ကာ   အပြန်အလှန် ထိုးစစ်ဆင်နေကြခြင်း ဖြစ်သည်။

KIA နှင့် မဟာမိတ်တပ်များ ယနေ့သိမ်းခဲ့သည့်စခန်းများထဲတွင်  လမြန်ရွာ၊ နန့်ရင်းချောင်းအနီး တပ်ထိုင်ထားသည့် စစ်တပ်၏ကာကင်းစခန်း ပါဝင်သည်ဟု   KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေတာရှိတယ်။ ဒီနေ့ မနက်မိုးလင်းတာနဲ့ KIA ဘက်က ပြန်ထိုးပြီးမှ တချို့နေရာတွေမှာ ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေ ရှိပါတယ်။ ရှေ့တန်းကာကင်းစခန်း တစ်ခုနှစ်ခုပြန်ရပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဝိုင်းမော်မြို့ အရှေ့ဘက် လမြန်ရွာနှင့် ဝူယာန်ရွာတို့တွင်  စစ်ဆိုင်ထားကြခြင်း ဖြစ်ပြီး  ဒေသခံများ စစ်ရှောင်နေကြရသည်ဟု သိရသည်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင်လည်း စစ်တပ်အထိုင်ချထားသည့် ကျေးရွာ အချို့ကို KIA ထိုးစစ်ဆင်ခဲ့ပြီး ယနေ့နံနက်အစောပိုင်းတွင် အင်းတော်ကြီးကန် အရှေ့ဘက်ရှိ ဟဲပါးရွာအနီးမှ စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်(SNA) တို့ တပ်စွဲထားသည့် စခန်းငယ်အချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် အင်းတော်ကြီးကန် အနောက်ဘက်ရှိ လုံးတုံရွာရှိ စစ်ကော်မရှင်တပ်၏ စခန်းငယ်ကိုလည်း KIA နှင့်  ကချင်ဒေသပြည်သူကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“ဒီတစ်ပတ်မှာတော့ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပါတယ်။ ရှေ့တန်းစခန်းအချို့ရတယ်။ အခိုင်အမာစခန်းတွေတော့ မဟုတ်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့အထိ အင်းတော်ကြီးကန် အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလည်းလေကြောင်းမှ အပြင်းအထန် ဗုံးကြဲကာ ခုခံနေသည်ဟု သိရသည်။

ဖားကန့်မြို့အနောက်ဘက်ရှိ KIA ထိန်းချုပ်ထားသည့် ဆိုင်းတောင်ရွာကြီးဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများဖြစ်နေသည်ဟု ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်ကလည်း စစ်ကြောင်းထိုးသလို တော်လှန်ရေးအင်အားစုကလည်း ပိတ်ဆို့၊ ဖြတ်တောက်ပေါ့။ မိုင်းဆွဲတာရှိသလိုရင်ဆိုင်တိုက်ပွဲလည်းရှိတယ်။ ဒရုန်း၊ လက်နက်ကြီးလည်း အပြန်အလှန် ပစ်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ယနေ့နံနက်တွင်လည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်။ ဖားကန့်မြို့ပေါ်ရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

စာသင်ကျောင်းပေါက်ကွဲမှုသည် အာဏာသိမ်းတပ်၏ ဒရုန်းကြောင့်ဖြစ်သည်ဟု  ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မနေ့က တစ်နေ့လုံးတိုက်ပွဲဖြစ်ပါတယ်။ ဒီနေ့ ခဏနားပြီးမှ မိုးလင်းတာနဲ့ တိုက်ပွဲ ပြန်ဖြစ်တယ်။ စစ်ကောင်စီရဲ့ ဒရုန်းတစ်လုံးက စာသင်ကျောင်းမှာ ကျပြီး ပေါက်ကွဲပြီးမှ ကျောင်းသားနှစ်ယောက် (ကျောင်းသူနှင့် ကျောင်းသား) ထိခိုက်တဲ့ အနေအထားရှိပါတယ်။ အခုညနေကတော့ ခဏနားတဲ့ အနေအထားရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့ နံနက်တွင်လည်း ဖားကန့်အနောက်ဘက်သို့ စစ်တပ်က လက်နက်ကြီးများပစ်ခတ်ပြီး စစ်ကြောင်းဆက်လက်ထိုးနေရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း အထက်ဖော်ပြပါ မြို့နယ်သုံးခုအပြင် တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း ဆက်လက်ဖြစ်နေသည်။

ထို့အပြင် ယခင်က တိုက်ပွဲများ မရှိသလောက်နည်းပါးခဲ့သည့်  ပြည်နယ် မြောက်ဖျားပိုင်း ခေါင်လန်ဖူး၊ ပူတာအို၊ မချမ်းဘောမြို့နယ်များတွင်လည်း စစ်ရေးတင်းမာနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“စစ်ရေးက ပိုပြီးမှ တိုးလာနိုင်ပါတယ်။ စစ်ရေးပိုပြီး တင်းမာလာတယ်လို့ ပြောနိုင်ပါတယ်။ တစ်ပြည်နယ်လုံး အနေအထားနဲ့ဖြစ်နေတာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်သည့် ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button