သတင်း

ကော်မရှင်ဥက္ကဋ္ဌ မဟုတ်လျှင်လည်း ပြည်သူ့အကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်မည်ဟု သူရဦးရွှေမန်းပြော

ရန်ကုန် – ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌလုပ်ခဲ့သည်မှာ နိုင်ငံနှင့်နိုင်ငံသား အကျိုးအတွက် ပိုမိုလုပ်ပေးနိုင်မည်ဟု ယူဆ၍ ဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်မယူရ လည်း ၎င်း၏ ရပ်တည်ချက် သဘောထားများ ပြောင်းလဲသွားမှာမဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။

ကော်မရှင်ကို တစ်နှစ် သက်တမ်းတိုးမတိုး ယနေ့ မနက်ပိုင်းက ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးသူ ၅၈၅ မဲတွင် ကန့်ကွက်မဲ ၅၅၅ မဲဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။

၎င်း အသက်ရှည်ကျန်းမာနေသရွေ့ ပြည်ထောထောင်စု၏ အကျိုးစီးပွားကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးမှာ သိမ်မွေ့ကျယ်ပြန့်ပြီး မူရာမာယာလည်း များသည်ဟု ပြောသည်။

“ဒါတွေကတော့ တစ်ခါတစ်ခါမှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ နိုင်ငံရေးဆိုတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ သိမ်မွေ့ပါတယ်။ တစ်ခါတစ်ခါမှာတော့ မူရာမာယာတွေများတတ်ပါတယ်။ ဒါကြောင့် မို့ ဖြစ်လေ့ဖြစ်ထ ကိစ္စရပ်တစ်ခုပဲလို့ မှတ်ယူပါတယ်” ဟု၎င်းကပြောသည်။

အထူးကော်မရှင်ဟု အများကခေါ်ဆိုကြသည့် “ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး” ကော်မရှင်ကို ၎င်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည့်  ပထမအကြိမ် လွှတ်တော်ကာလ ၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြည်သူ့လွှတ်တော်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူသည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့လွှတ်တော်တွင် ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်လုံးကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ပြည်ထောင်စုလွှတ်တော် ကော်မရှင် အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင် ဖွဲ့စည်းစဉ်ကရော၊ သက်တမ်းတိုးစဉ်များမှာပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။

သူရ ဦးရွှေမန်းက ကော်မရှင်သက်တမ်း သုံးနှစ်ကာလတွင် ပြင်ဆင်ခဲ့သည့် ဥပဒေရပ်များနှင့်ပတ်သက်ပြီး ကျေနပ်မှုရှိသော်လည်း ပြင်ဆင်သင့်သည့်ဥပဒေ တချို့လည်း ကျန်ရှိနေသေးသည်ဟု သတင်းထောက်များကို ပြောသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မှတ်ပုံတင်လိုက်ရာ ကော်မရှင်ကို ရပ်နားလိုက်သည့်အတွက် ပြည်သူလူထုနှင့် ပိုမို ထိတွေ့ နိုင်မည်ဟု ၎င်းက ဆိုသည်။

၎င်းက လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေထက် သာလွန်ကောင်းမွန်စေချင်ပြီး ၎င်းဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသည့် ပါတီတွင် ယုံကြည်ချက်၊ ခံယူချက် တူညီသူများနှင့် လက်တွဲဆောင်ရွက် သွားလိုကြောင်း  ပြည်ထောင်စု အကျိုး၊ ဒေသကောင်းကျိုးကို ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်ကြောင်း ပြောသည်။

“ဒီလိုဖြစ်လာတဲ့ အခါမှာလည်း ပါတီအတွက် ပိုပြီး အားထည့်လုပ် နိုင်မယ်။ ပါတီအတွက် ပိုပြီး အားထည့်လုပ်နိုင်သလိုပဲ ပြည်သူတွေနဲ့လည်း ပိုပြီးထိတွေ့နိုင်ပါမယ်” ဟု သတင်းထောက်များကို ပြောသည်။

Show More

Related Articles

Back to top button