သတင်း

တရားရုံးက လက်ခံရန် ခက်ခဲမည်ဖြစ်သော်လည်း လယ်သမားများက ဦးပိုင်ကို တရားစွဲမည်

ရန်ကုန် – စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို တရားစွဲလျှင် တရားရုံးများက အမှုလက်ခံရန် တွန့်ဆုတ်နေမည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ အမှုကို ခိုင်မာအောင် တည်ဆောက်ကာ တရားစွဲသွားမည်ဟု မကြာမီက ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် သီလဝါလယ်သိမ်းခံ လယ်သမားဘက်က လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက သိမ်းဆည်းထားသည်ဆိုသော လယ်ယာမြေများပေါ်၌ မူလပိုင်ရှင် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုတွင် ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လယ်သမားနှစ်ဦး ဒဏ်ရာရကာ ဆေးရုံတက်နေရသည့်ကိစ္စနှင့် ပတ်သက်၍ လယ်သမားများက ဦးပိုင်ကို တရားစွဲရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်ကြားစာများလည်း ပေးပို့သွားမည်ဖြစ်သည်။

ကနဦးအဆင့်အနေဖြင့် နစ်နာကြေးရလိုမှုဖြင့် တရားရုံးကို ဦးတိုက်လျှောက်ထားသွားမှာဖြစ်ပြီး တိုင်ကြားစာ ပို့ထားသော ဌာနအသီးသီး၏ အစီရင်ခံစာရရှိလာမည့်အပေါ် ထပ်မံစွဲဆိုသွားမှာ ဖြစ်ကြောင်း ဦးမြင့်သွင်က ပြောသည်။

“ခြံစည်းရိုးခတ်ပြီး ပိတ်လိုက်တဲ့ပြဿနာ၊ ဝင်ပြီးဆွဲရိုက်တဲ့ကိစ္စမျိုး အဓိကရုဏ်းနှိမ်နင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အကြမ်းဖက်တဲ့ ဝင်ရောက်ရိုက်ခွင့်ပေးတဲ့ကိစ္စမျိုး ဒါတွေပေါ်မူတည်ပြီး ရာဇသတ်ကြီးနဲ့ စွဲလို့ရသလို တရားမနစ်နာမှုတွေနဲ့လည်း စွဲလို့ရပါတယ်။ ဦးပိုင်ကျူးလွန်လည်း ဦးပိုင်၊ ရဲတပ်ဖွဲ့ကျူးလွန်လည်း ရဲတပ်ဖွဲ့။ လောလောဆယ် ကနဦးစွဲဆိုမှာ ဦးပိုင်ပဲ” ဟု ၂၀၀၇ ခုနှစ်မှစ၍ သိမ်းဆည်းခံလယ်ယာမြေအရေးနှင့် လယ်သမားများအား လိုက်လံကူညီဆောင်ရွက်နေသည့် ၎င်းက ပြောသည်။

တရားစွဲဆိုရာတွင် လယ်ယာမြေဥပဒေနဲ့အညီ လယ်သမားများ၏လယ်ယာမြေတန်ဖိုးတွက်ချက်မှုပေါ် မူတည်ကာ ဦးတိုက်လျှောက်မည့် တရားရုံးကို ဆုံးဖြတ်မည်ဖြစ်သည်။ တရားမမှု သဘောသဘာဝအရ ကျပ်သိန်း ၁၀၀ အထိ တောင်းဆိုသည့် အမှုကို မြို့နယ်တရားသူကြီး၊ သိန်း ၁၀၀ နှင့် သိန်း ၁၀,၀၀၀ ကြားကိုမူ ခရိုင်တရားသူကြီး၊ သိန်း ၁၀,၀၀၀ ထက်ကျော်လွန် ပါက တိုင်းဒေသကြီးတရားလွှတ်တော်က စစ်ဆေးရမည်ဖြစ်သည်။

လူ့အခွင့်အရေးကော်မရှင်နှင့် သက်ဆိုင်ရာဌာအသီးသီး၏ အစီရင်ခံစာများရရှိပါမှ နိုင်ငံသားများအနေနှင့် နစ်နာဆုံးရှုံးခဲ့ရသည့် အထောက်အထား ခိုင်လုံမည်ဖြစ်ပြီး အမှုကို ဥပဒေအရ ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

“ဥပဒသမားမို့ ဥပဒေဘောင်ထဲက မရရအောင်တက်ရမှာပဲ စစ်တပ်တွေကို၊ ကုမ္ပဏီတွေကို စွဲတယ်ဆိုရင် တရားရုံးတွေက အများအားဖြင့် သူတို့က ထောက်ပြပြီး ပြန်ပေးတယ်။ (တရား)စွဲဖို့တွန့်တယ်၊ ကြောက်တတ်တယ်။ တိုင်းအဆင့်တောင် ကြောက်တတ်တယ်။ အမှုကြန့်ကြာတာတွေလည်း ရှိတတ်တယ်။ အခုလည်းပဲ ဦးပိုင်ကိုစွဲရင် ရုံးတွေက (လက်တွန့်) နေဦးမှာ” ဟု ဦးမြင့်သွင်က ဆိုသည်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် မြေယာအငြင်းပွားမှုဖြစ်နေသည့် ကျောက်တန်းမြို့နယ် သီလဝါကျေးရွာဟောင်းအနီး ဆိပ်ကမ်းအကွက်အမှတ် ၁၂၊ ၁၃၊ ကွင်းအမှတ် ၆၅၅ ရှိ လယ်ယာမြေများပေါ်တွင် ဦးပိုင်ကုမ္ပဏီက လာရောက်ကာ လုပ်ငန်းလုပ်ကိုင်သည့်အတွက် ရဲတပ်ဖွဲ့နှင့်အတူ လိုက်ပါလာသည့် အရပ်သားများနှင့် လယ်သမားများအကြား တင်းမာခဲ့ကြသည့် နောက်ပိုင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်ခံရသဖြင့် လယ်သမားနှစ်ဦး ယခုလ ၁၂ ရက်နေ့က ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေ့က ရဲတပ်ဖွဲ့နှင့်အတူပါလာသော အရပ်သားများမှာ ဦးပိုင်ကုမ္ပဏီဘက်က အနီးအနားဒေသခံများအား တစ်ယောက်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ငှားရမ်းခေါ်ယူလာခဲ့ပြီး ၎င်းတို့ထံတွင် ဓားများလည်း ကိုင်ဆောင်လာသည်ဟု မေလ ၁၆ ရက်နေ့က ရန်ကုန်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပွဲပြုလုပ်သူများက ပြောသည်။

“အရှေ့ဆုံးက ခေါ်လာတဲ့မိန်းမတွေကို ထားတယ်။ အလယ်မှာ ယောက်ျားတွေ နောက်ဆုံးက ရဲတွေက သူတို့ရဲ့ ဒိုင်းတွေနဲ့ ကာထားတယ်။ ကျွန်မတို့ကို ဝိုင်းထားပြီး ရဲတွေက အနောက်ကနေတွန်းတော့ အဲ့ဒီမိန်းမတွေနဲ့ ကျွန်မတို့တွေ ချကုန်တယ်။ အဲ့ဒီမှာ သူတို့ငှားလာတဲ့လူထဲက ယောက်ျားတစ်ယောက်က ခါးထဲက ဓားမြှောင်ကို ထုတ်ပြီး အခု ဆေးရုံတက်နေရတဲ့ အစ်မကို လှမ်းထိုးတယ်။ မမိလိုက်ဘဲ ဝတ်ထားတဲ့အင်္ကျီ တောက်လျှောက်ကွဲသွားတယ်” ဟု ထိုနေ့က ပြဿနာတွင် ပါဝင်ခဲ့သည့် လယ်သမားတစ်ဦးဖြစ်သူ မသီတာအေးက ပြောသည်။

ဦးပိုင်က ငွေပေးခေါ်လာခဲ့သည်ဆိုသည့် အရပ်ဝတ်လူများကို လူအုပ်ထဲ မှားမပစ်မိစေရန် လည်ဆွဲအနီရောင် ကြိုးများ ဝတ်ဆင်ထားကြောင်း၊ ထိုအရပ်ဝတ်များမှာ သန်လျင် GTC ဂိတ်ဟောင်းအနီးတစ်ဝိုက်ရှိ ရွာများမှ ဖြစ်ကြောင်း လယ်သမားရေးကူညီဆောင်ရွက်ပေးနေသည့် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုမင်းသွေးသစ်က ပြောသည်။

“(အခင်းဖြစ်တဲ့နေ့တုန်းက) ရပ်ကွက်ထဲက ခြေစလက်စရှိတဲ့သူတွေကို လိုက်စုနေပြီဆိုပြီး ကျွန်တော့်အဖွဲ့ထဲက ကျောင်းသားလေးတွေက ပြောတယ်။ တစ်ယောက် ကျပ် ၅၀၀၀ နဲ့ လူအင်အားလိုလို့ဆိုပြီး ခေါ်တယ်။ ဦးပိုင်ဘက်ကခေါ်တာလို့ သိရတယ်ဗျ။ အဲ့ဒီလူတွေထဲမှာ ဓားပါလာတဲ့တစ်ယောက်ကို ရွာသူတစ်ယောက်က မြင်တော့ ‘ဓားပါလာတယ် ဖြေရှင်းပေးပါ’ ပြောတော့ ရဲက ဘာမှပြန်မပြောဘူး” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ရဲတပ်ဖွဲ့မှ သေနတ်တစ်ချက်ကို မိုးပေါ်သို့ထောင်ပစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် လူအုပ်ထဲသို့ ဒူးထောက် ချိန်ရွယ်ကာ သုံးချက်ပစ်ဖောက်ခဲ့သည်ဟု မသီတာအေးက ပြောသည်။

သီလဝါကျေးရွာဟောင်းအနီး ကွင်းအမှတ် ၆၉၉ ရှိ လယ်သမား ၁၄ ဦးပိုင် လယ်မြေများကို ၁၉၉၆ ခုနှစ်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တစ်ဧကလျှင် ကျပ် ၂၀,၀၀၀ နှုန်းဖြင့် သိမ်းယူခဲ့ကြောင်း၊ မည်သည့်အတွက် သိမ်းသည်ကို မသိရကြောင်း၊ သိမ်းပြီးနောက် မည်သည့်စီမံကိန်းမှမလုပ်ဘဲ ကုမ္ပဏီအဆင့်ဆင့် လက်လွှဲပေးခဲ့ပြီး ယခု စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ရယူထားကြောင်း လယ်သိမ်းခံလယ်သမားတစ်ဦးဖြစ်သူ ဦးသန်းဝင်းက ပြောသည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေအရ သိမ်းဆည်းပြီးမြေတွင် လေးနှစ်အကြာထိ မည်သည့် စီမံကိန်းမျှ စတင်ခြင်းမရှိပါက မူလပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံရမည်ဟု ဥပဒေပါ ပြဋ္ဌာန်းထားသည်။

အဆိုပါမြေယာအငြင်းပွားမှုကို ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးအဖွဲ့က စစ်ဆေးနေပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် “အင်မတန်စိတ်ပျက်မိ” ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက Myanmar Now ကို ပြောသည်။

“လူတွေကို ၅၀၀၀၊ ၈၀၀၀ နဲ့ ငှားနေပြီဆိုကတည်းက အချေအတင်ဖြစ်တော့မယ်ဆိုတာ သိတယ်။ အဲ့လိုတွေဖြစ်ကတည်းက ကျွန်မ မြို့နယ်မှူးကို တွေ့တယ်။ သူတို့တွေ ဒီလိုတွေ ငှားရမ်းလာကြပြီ။ သူတို့ဆီမှာ ဓားတွေလည်းပါတယ် ပြောတယ်။ ဒါပေမယ့် မြို့နယ်မှူးက လုပ်ငန်းသုံးပစ္စည်းပါဆိုပြီး ပြောတယ်။ ဖြစ်သွားတာတော့ ညနေပိုင်းပေါ့ ကြိုးစားခဲ့ပေမယ့် ကျွန်မလည်း မတတ်နိုင်လိုက်ဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည့် ထိုဖြစ်စဉ်နှင့်တစ်နေ့တည်းဖြစ်ပွားခဲ့သည့် တာမွေလမ်းဆုံ ငြိမ်းချမ်းရေးဆန္ဒပြပွဲတွင် လည်း အရပ်ဝတ်များကိုသုံးကာ ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းကြောင့် ဝေဖန်ခံနေရသည်။

Related Articles

Back to top button