ဆောင်းပါး

ဦးဆောင်သူပျောက် မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ

အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ပြည်သူအများအပြား အားကိုးသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍကို အနည်းငယ် ကိုင်တွယ်ရန်ပင် အခြေအနေမပေးခဲ့ပေ။ အာဏာသိမ်းဗိုလ်ချုပ်ကြီးများကလည်း အာဏာသိမ်းမှု အောင်မြင်ရေးကိုသာ ဦးစားပေးနေရသည်။ ဤသို့ဖြင့် ဤကဏ္ဍသည် ပဋိပက္ခများကြားထဲတွင် ဦးဆောင်သူမရှိ ဖြစ်လာနေသည်။ 

အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောနှင့် သားငှက်တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်ခဲ့ကြသော်လည်း ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ကိုင်နိုင်စွမ်းမရှိတော့ပေ။

မကြာသေးမီက စစ်ကောင်စီ အသစ်ထုတ်ပြန်လိုက်သည့် သင်းဖွဲ့စည်းမျဉ်းဥပဒေကလည်း ထိုအဖွဲ့များ၏ လုပ်ကိုင်နိုင်ခွင့်ကို ပိုမိုကန့်သတ်လိုက်သည်။

World Economic Forum (WEF) ၏ လေ့လာချက်အရ ၂၀၅၀ မတိုင်မီ ရာသီဥတုပြောင်းလဲမှုကို ခံစားရတော့မည့် အရှေ့တောင်အာရှဒေသ မြို့ကြီးများတွင် ရန်ကုန် ပါဝင်သည်၊ မိုးရွာနှုန်း နည်းပါးလာပြီး အပူချိန် ၆ ဒီဂရီ စင်တီဂရိတ် ပိုမို မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ၂၀၂၂ နှစ်က မြင်တွေ့ရသည့် ရန်ကုန်မြို့တော်ခန်းမရှေ့မြင်ကွင်း။ (ပုံ/Myanmar Now) 

နယ်မြို့များတွင် ရွာမီးရှို့မှု၊ မလုံခြုံမှုများကြောင့် ယခုနှစ်ပိုင်းအတွင်း ရွေ့ပြောင်းလာသူ၊ အခြေချသူ များပြားလာပြီး မြို့ပြလူဦးရေ ပိုမိုတိုးများလာသည်။

တိုက်ပွဲဒေသများတွင် စိုက်ပျိုးရန် မလွယ်ကူခြင်း၊ စစ်ကောင်စီနှင့် ကုမ္ပဏီပူးပေါင်းပြီး လယ်မြေ ဆက်လက်သိမ်းယူနေခြင်းတို့ကြောင့် စားနပ်ရိက္ခာခက်ခဲလာသည်။ ပြည်ပမှ သွင်းသည့် မြေဩဇာ၊ ဓာတ်ဆီတို့သည်လည်း ငွေကြေးဖောင်းပွမှုကြောင့် စျေးတက်လာခြင်းကြောင့်လည်း စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်စေသည်။

ဗိုလ်ချုပ်ကြီးတို့ ထိန်းချုပ်ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆိုရှယ်မီဒီယာတွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆင်ဖြူတော်စောင့်ရှောက်ရေးကို အဓိကလုပ်ဆောင်ချက်အဖြစ် တွေ့ရသည်။ 

အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၁၈ ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် လူဦးရေ တစ်သိန်းခွဲခန့် သေဆုံး၊ ၂၂ သိန်း နေရပ်ပြောင်းရွှေ့ခဲ့ရချိန်မှစ၍ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများ၊ ဒေသနေပြည်သူတို့အတွက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ကြံ့ကြံ့ခံနိုင်မှု (Resilience) လုပ်ငန်းစဉ်များကို နိုင်ငံတကာက ကူညီကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုးတက်ဖြစ်ပေါ်မှုများ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

သယံဇာတပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အတွက် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်မှုများလည်း နိုင်ငံအနှံ့ ရှိနေသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ပတ်ဝန်းကျင်ထိခိုက်နိုင်မည့် တူးဖော်ထုတ်လုပ်မှုများကို ပြည်သူလူထုက စောင့်ကြည့်ပြောဆိုခွင့်မှာလည်း စစ်တပ်က အာဏာထပ်သိမ်းပြီးနောက် ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ စစ်ကောင်စီလက်အောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့် မြန်မာ့သစ်လုပ်ငန်းတို့က ကျောက်စိမ်းတူးဖော်မှုများနှင့် သစ်ခုတ်မှုများကို ရပ်တန့်ထားကြောင်း ပြောဆိုထားသော်လည်း မြေပြင်တွင် လုပ်ကိုင်နေကြဆဲဖြစ်သည်။

ရှမ်းပြည်နယ်တွင် ဩစတြေးလျနိုင်ငံသားများပါဝင်သည့် ကုမ္ပဏီ (Locrian Precious Metal) ၏ ရွှေတူးဖော်မှုများကြောင့် ရေစီးကြောင်းပြောင်းလဲမှုများ၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသော်လည်း တာဝန်ယူဆောင်ရွက်ပေးမည့်သူ မရှိပေ။ 

အလားတူပင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖြစ်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ထိန်းချုပ်ရာဒေသ ပန်ဝါတွင်လည်း မြေရှားတူးဖော် ထုတ်လုပ်နေသည်။ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ဗန်းမော်နှင့် ချီဗွေ အရှေ့ဘက်ခြမ်းတို့တွင်လည်း မြေရှားတူးဖော်မှုအများအပြားကို တွေ့ရသည်။ (Map: 24.334683, 97.631143) ဟားဗတ်၏ နိုင်ငံတကာလေ့လာချက် သုတေသနစာစောင်တွင် မြေရှား (၁) တန် ထုတ်လုပ်တိုင်း အဆိပ်သင့်ဓာတု စွန့်ပစ်ပစ္စည်း တန်ပေါင်း ၂၈၄ မီလျံ၊ အဆိပ်သင့်ဓာတ်ငွေ့ ဂါလန်ပေါင်း ၄၉၅ ဘီလျံနှင့် ရေဒီယိုသတ္တုကြွစွန့်ပစ်ပစ္စည်း တန်ပေါင်း ၀.၂၄ မီလျံ ထွက်ရှိကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ခဲ့ပြီး နောက်ပိုင်းတွင် ကျေးရွာရပ်ကွက်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်တပ် အာဏာသိမ်းထားချိန်တွင် ခရိုနီများ၊ စစ်တပ်ပိုင်ကုမ္ပဏီများနှင့် တာဝန်မဲ့ကုမ္ပဏီများကို အမှုမဖွင့်နိုင်ပေ။ ဤအခြေအနေကို အခွင့်အကောင်းယူကာ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများကို ဘေးချိတ်လျက် သယံဇာတတူးဖော်မှုများကို အတိုင်းအဆမရှိ လုပ်ကိုင်နေကြပြီဖြစ်သည်။ 

ကချင်ပြည်နယ်၊ သံလွင်မြစ်ကမ်းတစ်လျှောက်တွင် များပြားလာသော တရားမဝင်ရွှေလုပ်ငန်းများကြောင့် သစ်ပင်ခုတ်ထွင်မှု၊ မြေဆီလွှာပျက်စီးမှုများ၊ ရေညစ်ညမ်းမှုများနှင့် အဆိုးဆုံးအနေဖြင့် မြစ်ကြောများတွင် မာကျူရီအဆိပ်သင့်မှု ပိုမို များပြားလာမည်ဖြစ်သည်။ 

၂၀၁၂ တွင် ထွက်ပေါ်လာသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ ယနေ့တိုင် မဖျက်သိမ်းသေးပေ။ သို့သော်လည်း ထိုဥပဒေနှင့် အရေးယူခဲ့သည့် ဖြစ်စဉ်များလည်း ယနေ့အထိ မရှိပေ။

မြစ်ဆုံစီမံကိန်းကဲ့သို့သော ပတ်ဝန်းကျင်နှင့် ဌာနေတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ထိခိုက်နိုင်မည့် စီမံကိန်းများကိုလည်း တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာ ပြန်လည်အကောင်အထည်ဖော်ရန် ကိစ္စများလည်း စစ်ကောင်စီက ပြင်ဆင်နေသည်။ နိုင်ငံတွင်း လျှပ်စစ်မီးလိုအပ်ချက်ကို အလျင်အမြန်ဖြည့်တင်းရန်အတွက်ဟု အကြောင်းပြသော်လည်း ၂၀၂၂ ခုနှစ် ဇွန်လတွင် ခွင့်ပြုလိုက်သည့် သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းမှ ၉၀ ရာခိုင်နှုန်းကို နိုင်ငံခြားသို့ တင်ပို့မည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ ပြည်တွင်းအတွက် ရရှိမည်ဖြစ်သည်။

စစ်ကောင်စီသည် ရေအားလျှပ်စစ်စီမံကိန်းများကို ရုရှားအကူအညီရယူကာ အသစ်တည်ဆောက်ရန်အတွက်လည်း လုပ်ဆောင်နေကြောင်း တွေ့ရသည်။ ရေအားလျှပ်စစ်တည်ဆောက်ရေးမှ ရေကာတာများတည်ဆောက်မှုကြောင့် မြစ်ဝှမ်းတစ်လျှောက် ရေအရင်းအမြစ်ပျက်စီးထိခိုက်မှုများနှင့် အနီးအနား စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်သည့်အခြေအနေ ရှိကြောင်းကိုလည်း အမေရိကန်အဖွဲ့အစည်း USIP ၏ သုတေသနတွင် ရေးသားထားသည်။ 

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများတည်ဆောက်သည့်အတွက် မြန်မာနှင့် ထိစပ်နေသည့် ထိုမြစ်တွင် ရေစီးကြောင်းပြောင်းလဲမှုများ၊ ရေအောက်နုန်းပြောင်းလဲမှုများ သားငါးလုပ်ငန်းများ ထိခိုက်လာနိုင်မှုနှင့် ပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်လာနိုင်သည့်အခြေအနေရှိကြောင်း ထိုသုတေသနပြုချက်တွင် ဖော်ပြထားသည်။ 

ဒေသအသီးသီးတွင် သတ္တုတူးဖော်မှုလိုင်စင် စုစုပေါင်း ၁၁၉၉ ခုရှိကြောင်း စစ်ကောင်စီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၁ အောက်တိုဘာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအထဲတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများလည်း ပါဝင်သည်။ လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီများ၏ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းအစီရင်ခံစာ (EIA report) များလည်း ၎င်းဝန်ကြီးဌာနတွင် အသစ်တူးဖော်ရန် နှင့် လုပ်ငန်းတိုးချဲ့ရန်အဖြစ် တင်ပြထားဆဲဖြစ်သည်။

NUG ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ

၂၀၂၂ နိုဝင်ဘာတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (COP27) ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ခဲ့သည်။ အဆိုပါသဝဏ်လွှာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် ငွေကြေးထောက်ပံ့မှု လိုအပ်ချက် တောင်းဆိုထားပြီး အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ် (Nationally Determined Contribution – NDC) ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရေးသားထားသည်။ NDC ကို NLD အစိုးရလက်ထက်တွင် ရေးသားပြင်ဆင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက တင်သွင်းခဲ့သည်။ 

NUG အစိုးရ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍမှာလည်း နယ်မြေစိုးမိုးမှုများနှင့် တော်လှန်ရေးအတွက် အရှိန်အဟုန်မြင့်စွာလုပ်ဆောင်နေရသည့်အတွက် ထိရောက်စွာလုပ်ကိုင်နိုင်စွမ်း မရှိသေးပေ။ International IDEA အဖွဲ့ကြီးက ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု စိန်ခေါ်ချက်များအစီရင်ခံစာတွင် NUG အတွက် လုပ်ဆောင်သင့်သည့် အကြံပြုချက်များကို ဖော်ပြထားသည်။ အဆိုပါအကြံပြုချက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ ဆွေးနွေးခြင်းများနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပြည်သူလူထုပါဝင်နိုင်မှု ရှိနိုင်ရန်အတွက် သေချာစေသည့် မူဘောင်များ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရေးသားထားသည်။ 

Aarhus Convention ကဲ့သို့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောတူညီချက် မဏ္ဍိုင် (၃) ခု ပါဝင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းအချက်အလက် ရရှိနိုင်မှု၊ ဆုံးဖြတ်ချက်များတွင် ပြည်သူလူထုပါဝင်နိုင်မှုနှင့် တရားမျှတမှုရရှိနိုင်မှု စသည့် သဘောတူညီချက်ကိုလည်း ပါဝင်အောင် ဆောင်ရွက်ထားသင့်သည်ဟု ဆိုသည်။

(Aarhus Convention သည် ဒီမိုကရေစီနည်းအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို နိုင်ငံတကာတွင် ကောင်းမွန်သည့် မူဘောင်ဟု သတ်မှတ်ထားသည့် သဘောတူညီချက်တစ်ခုဖြစ်သည်။ ၎င်းသည် လူတိုင်း ကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရှိသော အခွင့်အရေးကို ကာကွယ်ထားသည်)

ထို့အပြင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပြီး ဂေဟစနစ်ကို ဦးစားပေးကာကွယ်သည့် မူဝါဒများလည်း လိုအပ်ကြောင်း ရေးသားထားသည်။

ပတ်ဝန်းကျင်ထိခိုက်မှုအရ အကဲဆတ်သော နေရာဒေသရှိ စီမံကိန်းများ ခွင့်ပြုအကောင်အထည်ဖော်သည့်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားသည့် မူဝါဒများလည်း လိုအပ်နေသည်။

ရှမ်းပြည်နယ်အတွင်း ရွှေတူးဖော်မှု အကြီးအကျယ်လုပ်ကိုင်သည့် တာချီလိတ်မြို့နယ်တွင် ၂၀၂၂ ဇူလိုင်လက တွေ့ရသည့် ရေကြီးရေလျှံမှု

နိဂုံး

တရားဥပဒေစိုးမိုးမှု မရှိ၊ အကျင့်ပျက်ခြစားမှု များပြားလာနေချိန်တွင် စစ်ဗိုလ်ချုပ်များက အာဏာရှင်ယန္တရား သက်တမ်းရှည်နိုင်ရေးအတွက်သာ ဦးစားပေးနေသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ပြပင် မလုပ်ဆောင်နိုင်ကြပေ။

ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုများနှင့် ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးစွဲမှု များပြားလာသည်နှင့်အမျှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများ အရေးကြီးလာသည်။ ထို့အပြင် ပြန်ပြည့်မြဲစွမ်းအင်များကို အသုံးပြုနိုင်ရန်အတွက်လည်း လိုအပ်သော Critical Minerals ဟု ခေါ်သည့် ကြေးနီ၊ ခနောက်စိမ်း၊ ကိုဘော့၊ အဖြိုက်နက်၊ မြေရှားဓာတ်သတ္တု ပမာဏအများအပြားကို နိုင်ငံအနှံ့ အလွန်အကျွံတူးဖော်နေသဖြင့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ် မည်မျှဆိုးကျိုးသက်ရောက်မည်ကို မသိရသေးပေ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒကောင်းများကို တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုရှိသော အစိုးရတို့ကသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွက်ဆိုလျှင် စစ်အာဏာရှင်စနစ် ကျင့်သုံးနေသူများကို ဖယ်ရှားနိုင်မှသာ မူဝါဒချမှတ် အကောင်အထည်ဖော်ရေးကို အစပြုနိုင်မည် ဖြစ်သည်။

မကောင်းဆိုးဝါးဗိုလ်ချုပ်ကြီးများကို ဖယ်ရှားရေး လုပ်ဆောင်နေကြခြင်းမှာ မြန်မာပြည်သူများ၏ လက်ရှိနှင့် အနာဂတ်ကာလ အဆင်ပြေရေးအတွက် ဖြစ်သည်။

အနာဂတ် မြန်မာပြည်သူများအတွက် များစွာ ပျက်ယွင်းမှုမရှိသော သဘာဝပတ်ဝန်းကျင်ကို ချန်ထားနိုင်ရေးဆိုသည်မှာလည်း အခြားအရေးကြီးဆောင်ရွက်စရာများနှင့်အတူ တစ်ပြိုင်နက် လုပ်ဆောင်သင့်သည့် အကြောင်းအရာတစ်ခု ဖြစ်နေသည်။

အာဏာသိမ်းမည်ကို စိတ်ပူနေစရာ မလိုသည့် အခြေအနေပေါ်ပေါက်ရေး ကြိုးပမ်းနေသည်မှာ အနာဂတ်ပြည်သူတို့အတွက် ဖြစ်သည်။

ထိုနည်းတူ အနာဂတ်ပြည်သူတို့အတွက် များစွာ ပျက်ယွင်းမှုမရှိသော သဘာဝပတ်ဝန်းကျင်ချန်ထားရေးမှာလည်း အနာဂတ်တွင်မှ ဆောင်ရွက်ရမည့်လုပ်ငန်း မဟုတ်ပေ၊ အခြားအရေးကြီးလုပ်ငန်းများနှင့်အတူ တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည့် လုပ်ငန်းမျိုး ဖြစ်ပေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button