သတင်း

သဘာဝရင်းမြစ်အခြေပြုစီမံကိန်းများ ရပ်ထားရန် အဖွဲ့တချို့ တောင်းဆို

ရန်ကုန် – တိုင်းရင်းသားဒေသ သဘာဝရင်းမြစ် အခြေပြု စီမံကိန်းများ ယာယီ ရပ်ဆိုင်းထားမည်ဆိုပါက ပဋိပက္ခများ အဆုံးသတ်ရန် အထောက်အကူဖြစ်နိုင်သည်ဟု မြန်မာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလုပ်အဖွဲ့(BWEG) က အောက်တိုဘာ ၂၄ တွင် ပြောလိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး အခြေခံဥပဒေသစ် ရေးဆွဲကျင့်သုံးနိုင်မှ စီမံကိန်းများ လည်ပတ်သင့်သည်ဟု ဒေသအသီးသီးမှ တိုင်းရင်းသားအဖွဲ့ ၁ဝ ခုဖြင့် တည်ထောင်ထားသည့် BWEG ကွန်ရက်အဖွဲ့က အစိုးရကို တိုက်တွန်းလိုက်သည်။

“ပြီးပြည့်စုံပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမပြီးသေးခင် ကမူးရှူးထိုး၊ အလျင်စလိုနဲ့ တိုင်းရင်းသား ဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေခြင်းက ဖောက်ထွင်း လုယက်နေသလို ဖြစ်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကိုလည်း ခြိမ်းခြောက်နေပါတယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ဦးက ပြောသည်။

တိုင်းရင်းသားဒေသ စီမံကိန်းများကြောင့် မြေယာသိမ်းဆည်းခံရခြင်း ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့ ပေါ်ပေါက်ကြောင်း ခွန်ဦးက ပြောသည်။

၎င်းတို့၏ BWEG ကွန်ရက်က “သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချသော သဘာဝရင်းမြစ် အမွေအနှစ် ခွဲဝေ စီမံအုပ်ချုပ်မှု လမ်းပြမြေပုံ” အမည်ရှိ အစီရင်ခံစာကို ၂ နှစ် အချိန်ယူ ရေးသားပြုစုပြီး အောက်တိုဘာ ၂၄ တွင် ထုတ်ပြန်လိုက်သည်။

ကျောက်မီးသွေးသည် ကျန်းမာရေးနှင့် ရာသီဥတုထိခိုက်နိုင်ကြောင်း၊ သို့သော်လည်း အစိုးရက ကျောက်မီးသွေးအသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၁၅ နှစ်အတွင်း ၂၈ ရာခိုင်နှုန်း တိုးတက်စေရန် ရည်မှန်းထားကြောင်း၊ ယင်းကျောက်စီးသွေးနှင့်ပတ်သက်၍လည်း ဗဟိုအစိုးရသည်သာ ထောက်ခံခြင်း ကန့်ကွက်ခြင်း ပြုလုပ်နိုင်ကြောင်း အစီရင်ခံစာက ထောက်ပြသည်။

ဗဟိုအစိုးရက မီဂ္ဂါဝပ် ၃,ဝဝဝ မှ ၄၅,ဝဝဝ အထိ ထုတ်လုပ်နိုင်သည့် ရေကာတာ ၅ဝ ဆောက်လုပ်ရန် စီမံနေကြောင်း၊ ထို့ရေကာတာများကြောင့် တိုင်းရင်းသားဒေသတွင် လယ်ယာမြေ ရေလွှမ်းမိုးခြင်း၊ အိုးအိမ်ဆုံးရှုံးခြင်းများ ပေါ်ပေါက်နေကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

သယံဇာတပေါကြွယ်ဝသည့် တိုင်းရင်းသားဒေသများတွင် သဘာဝအရင်းအမြစ်များ စည်းမဲ့ကမ်းမဲ့ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကို အကာအကွယ်ပေးနိုင်သည့် အခြေအနေများ လိုအပ်နေသည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့မှ စာဂျီက ပြောသည်။

“မြေယာနဲ့ သဘာဝအရင်းအမြစ်ဆိုင်ရာပိုင်ဆိုင်မှု ၊ ထိန်းချုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာ အခွင့်အာဏာတွေကို ထိခိုက် ခံစားရတဲ့ ရပ်ရွာဒေသခံ ပြည်သူတွေအတွက် တာဝန်ခံပေးနိုင်တဲ့ ပြည်နယ်နဲ့ ဒေသခံအစိုးရတွေရဲ့ လက်ထဲမှာအပ်နှင်း ထားတဲ့ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။

အစိုးရကမူ သဘာဝအရင်းအမြစ်များနှင့် ပတ်သက်ပြီး ပြည်နယ်တိုင်းဒေသတို့အကြား မျှတစွာ ခွဲဝေ အသုံးချမည်ဟု ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြောကြားထားသည်။

နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အမျိုးသားပြန်လည်သင့်မြတ် ရေးကို အထောက်အကူရရှိအောင် ဦးတည်ပြီး သဘာဝသယံဇာတ အရင်းအမြစ်များ ရေရှည်ထိန်းသိမ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချ နိုင်မည့် စီးပွားရေးမူဘောင် ချမှတ်ဆောင်ရွက်သွားရန် ရှိပါကြောင်း” ဒုတိယသမ္မတက ပြောကြားသည်ဟု အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

Show More

Related Articles

Back to top button