သတင်း

လွိုင်ကော်တွင် ကားမိုင်းထိပြီး ခရီးသည် ၄ ဦးသေ၊ ဒဏ်ရာရသူ ၂ ဦး စိုးရိမ်ရ 

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ဇရပ်ဖြူရွာအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၆) မွန်းလွဲပိုင်းက ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ခရီးသည် ၄ ဦး သေဆုံးကာ ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအသင်းက ပြောသည်။

မွန်းလွဲ ၂ နာရီခန့်တွင် မြို့အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ ဇရပ်ဖြူရွာနှင့် ဒီးမော့ဆိုမြို့နယ် နန်းဟူးထွေရွာတို့ကို ဆက်သွယ်ထားသည့် ကျောက်ကြမ်းလမ်းပေါ်တွင် အဖြူရောင်ကားတစ်စီး မိုင်းထိခြင်း ဖြစ်သည်ဟု ရွှေလွိုင်ကော်ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံး ဒဏ်ရာရသူတို့မှာ အမျိုးသားများ ဖြစ်သည်၊ ဒဏ်ရာရသူများကို လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

“အရပ်သားတွေပဲခင်ဗျ အမျိုးသားတွေချည်းပဲ လွိုင်ကော်ကနေ ဇရပ်ဖြူဘက်ကို သွားတာလို့ ပြောတယ်။ လွိုင်ကော်ဒေသခံတော့ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

“(အမည်၊ အသက်) ခန့်မှန်းရဖို့က ခက်တယ်။ ခြေတွေလက်တွေ အကုန်ပြတ်ထွက်ပြီး မျက်နှာတွေကလည်း မရှိတော့ဘူး။ တော်တော် ဝေးဝေးကြီးကို လွင့်ကုန်တာ ကားတွေရော လူတွေရော။ ကားက တစ်စစီဖြစ်ကုန်တာဆိုတော့ ကားနာမည်ရှာဖို့က ခက်တယ်”

ရုပ်အလောင်းများမှာ ခြေလက်များပြတ်ထွက်နေပြီး ဦးခေါင်းပြတ်ထွက်သူတစ်ဦးနှင့် မျက်နှာကြေမွကာ ဦးခေါင်းအခွံသာ ကျန်ရှိတော့သူတစ်ဦးကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

မိုင်းကွဲသည့်နေရာတွင် ကျင်းဖြစ်ပေါ်ခဲ့ကြောင်း၊ ကျင်းနှင့် ပေ ၂၀ ခန့်အကွာတွင် ရုပ်အလောင်းတစ်ခုနှင့် ကျင်းနှင့် ၁၀ ပေခန့်အကွာ ကားအောက်တွင် ရုပ်အလောင်းတစ်ခုကို ရှာတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။

အနီးအနားတွင် တွေ့ရသည့် မှတ်ပုံတင်အပါအဝင် အထောက်အထားကတ်တချို့တွင် ဖော်ပြထားသော အမည်များမှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ၄၁ နှစ်အရွယ် ကိုစိန်မင်းတို့ ဖြစ်သည်၊ သေဆုံးသူတို့၏ အထောက်အထားလက်မှတ်များ ဖြစ်နိုင်သည်ဟု ဆိုသည်။

မိုင်းပေါက်ကွဲမှုဖြစ်သည့် နေရာသည် စစ်ကောင်စီထိန်းချုပ်ထားသည့် နေရာဖြစ်ပြီး အနီးတွင် အမှတ် ၃၆၀ အမြောက်တပ် တည်ရှိကြောင်း၊ မည်သည့်အဖွဲ့လက်ချက်မှန်း မသိရသေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီ စစ်ကြောင်းထိုးထားတဲ့ နေရာဖြစ်တယ်၊ စစ်ကောင်စီတွေ ရှိတဲ့နေရာဖြစ်တယ်၊ လွိုင်ကော် လေးမိုင်ကနေ ဇရပ်ဖြူ ပြီးတော့ နန်းဟူးထွေအထိ စစ်ကောင်စီ စစ်ကြောင်းထိုးထားတယ်။ မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အသေးစိတ်မသိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ဒီးမော့ဆိုမြို့နယ်ရှိ အမှတ် ၃၆၀ အမြောက်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ထိုအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အဖြစ် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဇန်နဝါရီလလယ်ပိုင်းက လွိုင်ကော်မြို့နယ် တောင်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်တပ်သည် ပေါက်ကွဲမှုဖြစ်သည့်နေရာနှင့် ၂ မိုင်ခန့်အကွာရှိ ဒီးမော့ဆိုမြို့နယ် နန်းဟူးထွေရွာအထိ ရောက်ရှိလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သေးသည်။

ဇန်နဝါရီ ၂၃ တွင် နန်းဟူးထွေရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့သည်၊ ထိုအချိန်တွင် ရွာခံများ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

ဇန်နဝါရီတွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲ (၃၆) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၂ ဦး၊ KNDF ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် စစ်တပ်၏ လက်နက်ကြီးကြောင့် ၁ လအတွင်း အရပ်သား ၁၅ ဦး ဒဏ်ရာရကာ ၁ ဦး သေဆုံးကြောင်း KNDF က ဆိုသည်။

ထို့အပြင် ကရင်နီပြည်နယ်၌ ဇန်နဝါရီလတိုက်ပွဲများအတွင်း PDF Loikaw ရဲဘော်တစ်ဦး၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) မှ ရဲဘော်တစ်ဦး သေဆုံးခဲ့သည်။

ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲမြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာထားသည့် စစ်ကောင်စီက တိုက်ပွဲအခြေအနေ၊ နှစ်ဖက်သေဆုံးမှုတို့နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button