သတင်း

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၄) နံနက်ပိုင်း ပြောက်ကျားတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတို့ ထိခိုက် သေဆုံးမှု များပြားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

နံနက် ၄ နာရီခန့်က ရွှေဘိုတန်းမြင့်လေ့ကျင့်ရေးတပ်မှ ကားတစ်စီး ရွှေဘို-မြစ်ကြီးလမ်းအတိုင်း ကန့်ဘလူမြို့ဘက်သို့ ဦးတည်နေစဉ် ခင်ဦး၊ ကြို့ကန်ကျေးရွာအနီး မိုင်းခွဲပြီး တိုက်ခိုက်လိုက်သည်ဟု နဂါးနီနောင်ပြောက်ကျားတပ်ဖွဲ့ ပြောဆိုခွင့်ရှိသူက ဆိုသည်။

“ဘယ်ကိုသွားမလဲဆိုတာ အတိအကျမသိရပေမယ့်၊ ကျွန်တော်တို့ကင်းက စစ်ကောင်စီရဲ့ ကားမှန်း သေချာသွားလို့ မိုင်းကွင်းကို ရောက်တဲ့အချိန် မိုင်းဆွဲလိုက်တာ။ ကားက လုံးဝပျက်စီးသွားပြီ။ ထောက်ပို့ကားဖြစ်တဲ့အတွက် လက်နက်တော်တော်ပါပုံ ပေါ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် စုံနေအောင်ကို ပြန်ပစ်တယ်” ဟု သူက ပြောသည်။

ကားပေါ်ပါလာသူတို့က  ၄၀ မမ၊ ၆၀ မမ ဗုံးသီးများအပြင် ပခုံးထမ်းလောင်ချာ (RPG) များဖြင့်ပါ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပကဖ၏ တပ်စိတ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

၄၅ မိနစ်ခန့်အကြာတွင် ရွှေဘိုလေ့ကျင့်ရေးတပ်မှ တွဲကားနှစ်စီး၊ အင်အား ၁၀၀ ကျော် စစ်ကူများ လာရောက်ခဲ့သလို၊ တော်လှန်ရေးတပ်များဘက်ကလည်း ခင်ဦး အမှတ် ၁ တိုက်နယ်တပ်ဖွဲ့များ၊ PDF တပ်မတော် တပ်ရင်း ၃ မှ တပ်ဖွဲ့များက စစ်ကူလာရောက်ပြီး နံနက် ၈ နာရီကျော်အချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

“နောက်ဆုံးအချိန် သတင်းရတာကတော့ မိုင်းဆွဲခံရချိန်ရော၊ တိုက်ပွဲတွင်းရောမှာ နေရာတင်သေတာ ၆ ယောက်၊ ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ သိရတယ်။ ထောက်ပို့ကားက သတ်ကွင်းတွင်းဖြစ်တဲ့အတွက် တော်တော်ထိသွားတာ” ဟု နဂါးညီနောင်အဖွဲ့ပြောဆိုခွင့်ရှိသူက နံနက် ၉ နာရီခန့်တွင် ပြောသည်။

ထိုရွာအနီးမှာပင် နှစ်ဖက် ဆိုင်ထားဆဲဖြစ်သည်၊ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်၏ ထောက်ပို့အစီအစဉ် ပျက်သွားသည်ဟု ဆိုသည်။

စစ်တပ်က ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကို စစ်ကိုင်းတိုင်းအထက်ပိုင်း ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်။ သို့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ လက်လုပ်မိုင်းအသုံးပြုနိုင်မှု အားကောင်းလာချိန် ၂၀၂၁ နှစ်မကုန်ခင်ကပင် အသုံးပြုမှု နည်းသွားသည်၊ မဖြစ်မနေအချိန်များတွင်သာ သုံးခြင်းဖြစ်နိုင်သည်ဟု တော်လှန်ရေးအဖွဲ့တို့က ယူဆသည်။

၂၀၂၂ နှစ်ကုန်ပိုင်းတွင် ပြန်လည်အသုံးပြုလာကာ အဆိုပါလမ်းမကြီးကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာသည်ဟု ဆိုသည်။

ယခုနှစ်ဆန်းပိုင်းကလည်း ကန့်ဘလူနယ်နှင့် ထိစပ်နေသော ခင်ဦးနယ် အလယ်လျှိုကျေးရွာတွင် စခန်းထိုင်နိုင်ရေး ကြိုးစားခဲ့သေးသည်၊ တော်လှန်ရေးတပ်များ၏ တိုက်ထုတ်မှုကြောင့်  ရွာသားများကို သတ်ဖြတ်၊ ရွာကိုမီးရှို့ကာ ဆုတ်ခွာသွားသည်။

ခင်ဦးမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အုပ်ချုပ်ရေး ထပ်မံကြေညာသည့် စစ်ကိုင်းတိုင်းအတွင်းမှ ၁၁ မြို့နယ်ထဲတွင် ပါဝင်သည်။ ကျေးလက်ဒေသတွင် အခြေချကြသည့် တော်လှန်ရေးအဖွဲ့များမှာ မြို့ပေါ်တွင်လည်း ရံဖန်ရံခါ သွားလာ လှုပ်ရှားနေသည်။

စစ်အုပ်ချုပ်ရေးကြေညာပြီး ၁၄ နာရီ အကြာ   ခင်ဦးမြို့ပေါ် ပစ်ခတ်မှုတွင် ရဲတစ်ဦး သေဆုံးသွားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button