သတင်း

စစ်တပ် ဝင်သော ခင်ဦးမြို့နယ်တွင် အရပ်သား ၈ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာကို စစ်ကောင်စီတပ်က  ပစ်ခတ်စီးနင်းပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ ထိုအထဲမှ ၈ ဦးကို သတ်ဖြတ်လိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာ ၂၈ နံနက် ၅ နာရီခန့်တွင် ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးတပ်မှ စစ်သား  ၅၀ ခန့် ကားနှစ်စီးဖြင့် ရောက်လာစဉ် ရုတ်တရက် ထွက်မပြေးနိုင်သည့် ရွာသူရွာသားများ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“(စစ်တပ်) စဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့က အိပ်ပျော်နေတုန်းရှိသေးတာ၊ အဲဒီအချိန် ပစ်ခံရလို့ ပြေးကြရတာ။ တော်တော်ဝေးဝေးအထိကို လိုက်ပစ်တာ။ ကျွန်တော်တို့ ရဲဘော်တွေကတော့ အကုန်လွတ်ခဲ့တယ်” ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ခုမှ တော်လှန်ရေးရဲဘော် ကိုဘာဟုက ပြောသည်။

စစ်တပ်ဝင်ချိန် ထိုရွာတွင် ရှိနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် အရေအတွက်ကို ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း လက်နက်ခဲယမ်းအချို့ ဆုံးရှုံးသွားသည်ဟု သူက ပြောသည်။

ဖမ်းဆီးမှု နောက်ဆက်တွဲသတင်းအမျိုးမျိုး ထွက်နေသော်လည်း ၈ ဦး၏ အခြေအနေကိုသာ ကာကွယ်ရေးအဖွဲ့က အတည်ပြုနိုင်သည်ဟု ဆိုသည်။

“အစကတော့ ၁၆ ဦးလို့ ကြားပေမဲ့ ကျွန်တော်တို့က အတည်ပြုလို့မရဘူး။ အခုတော့ ၈ ဦးကတော့ သေချာသွားပြီ၊ ခေါင်းတွေကို ဖြတ်ပြီးတော့ အလယ်လျှိုတောကျောင်းနားလေးမှာ ကိုယ်တွေပေါ် ခေါင်းတွေ တင်ပြီး ကြံ့ခိုင်ရေးအလံတွေ စိုက်ထားတယ်လို့ နောက်ဆုံးသိရတယ်” ဟု ကိုဘာဟုက ပြောသည်။

ကြံ့ခိုင်ရေးဆိုသည်မှာ စစ်တပ် တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရည်ညွှန်းခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ထိုအလံ အသုံးပြုသည်ကို မသိရသေးပေ။

ဒီဇင်ဘာ ၂၉ ညနေတွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ကျေးရွာအတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပစ်သတ်ခံထားရသူ ဒေသခံတချို့၏ ရုပ်အလောင်းများကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

ခင်ဦးအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်များ။ (ဓာတ်ပုံ-Myanmar Now)

စစ်ကောင်စီ၏ အွန်လိုင်းမီဒီယာဖြစ်သည်ဟု ယူဆရသည့် Fifty Two News တယ်လီဂရမ်ချန်နယ်တွင် တိုက်ပွဲအပြီး အလောင်း ၈ လောင်း တွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၃၁ တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်တွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ပြီး အင်အား ၉၀ ခန့်အထိ ရှိနေသည်၊ အလယ်လျှိုကျေးရွာ၏ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများအတွင်း နေရာယူ တပ်စွဲခဲ့သည်ဟု ဆိုသည်။

ထိုရွာကို ပျူစောထီးစခန်းအဖြစ် ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း၊ ဒီဇင်ဘာ ၃၁ နှင့် ဇန်နဝါရီ ၁ တို့တွင် ရွှေဘိုခရိုင် PDF တပ်ရင်း ၃ အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ ဒေသခံကာကွယ်ရေးအဖွဲ့ (LDF) များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ (ဇန်နဝါရီ ၁) တိုက်ပွဲသည် ၅ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များက ရွာကို နှစ်ဖက်ညှပ်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ခင်ဦးမြို့နယ် ပကဖထံမှ သိရသည်။

ထို့နောက် ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် ပြည်သူ ၁၉ ဦးနှင့် သံဃာ ၅ ပါးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ရွှေဘို၊ ရေဦး၊ တန့်ဆည်မြို့များအနီး တည်ရှိသော ခင်ဦးမြို့။ 

အလယ်လျှိုကျေးရွာသည် ခင်ဦးလမ်းဆုံ၏ မြောက်ဘက်၊ ရွှေဘို-မြစ်ကြီးနားလမ်းဘေး ကပ်လျက် တည်ရှိပြီး၊ ဇီးကုန်း စကစတပ်နှင့် အမှတ် (၈) ရွှေဘို လေ့ကျင့်ရေးတပ်အကြားရှိသော အိမ်ခြေ ၁၀၀၀ ခန့်ရှိ ကျေးရွာ ဖြစ်သည်။

စစ်တပ် တပ်စွဲထားစဉ် ကျေးရွာအတွင်းရှိ တော်လှန်ရေးအားပေးသူများကို အကုန်သတ်မည်၊ အိမ်များကို  မီးရှို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောခဲ့သည်ဟု ဒီဇင်ဘာ ၃၁ က ထွက်ပြေးလွတ်မြောက်လာသည့် ရွာခံများကို ကိုးကား၍ မြို့နယ်ပကဖအဖွဲ့က ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁) မှ စတင်၍ စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ခဲ့သလို ယနေ့ နံနက် ၈ နာရီကလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်တပ်နှင့် ပျူစောထီးရုပ်အလောင်းများကို မီးရှို့နေကြောင်း ၎င်းပကဖထံမှ သိရသည်။

အမှတ် (၈) ရွှေဘို လေ့ကျင့်ရေးတပ်၏ ၁၂ ဘီးကားတစ်စီးကို ယနေ့ နံနက်တွင် ကာကွယ်ရေးအဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့သည်ဟု မြို့နယ်ပကဖအဖွဲ့ဝင် ကိုမှန်ကြီးက ဆိုသည်။ 

“ဒီနေ့မနက်လည်း ရွှေဘိုလေ့ကျင့်ရေး (၈) ကနေ အင်အား ၃၀ လောက် ထပ်လာဖြည့်လို့ မိုင်းဆွဲထားတယ်” ဟု ယနေ့ မွန်းလွဲ တစ်နာရီကျော်တွင် ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ကလည်း အလယ်လျှိုကျေးရွာတွင် အထိုင်စခန်းချရန် အောက်တိုဘာကတည်းက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအင်အားစုများကလည်း အပြင်းအထန် ကာကွယ်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ကလည်း ရွှေဘိုမြို့နယ်ဘက်မှ ဗျူဟာလမ်းအတိုင်းမောင်းနှင်လာသည့် ရိက္ခာတင် စစ်ထရပ်ကားနှစ်စီး ခင်ဦးလမ်းဆုံအကျော်၊ အလယ်လျှိုကျေးရွာတောင်ဘက်၊ မောဟချောင်းတံတားအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button