အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမေရိကန်နှင့်ထိုင်းဦးဆောင်မည့် စစ်ဘက်အစည်းအဝေး စစ်ကောင်စီတက်ခွင့်ရထား

ယခုလအတွင်း ဘန်ကောက်မြို့တွင် အမေရိကန်နှင့် ထိုင်းတို့ ဦးဆောင်ကျင်းပမည့် ငါးရက်ကြာ စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲနှင့် ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားသည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ၏ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ ဆွေးနွေးပွဲတွင် မိတ်ဖက်နိုင်ငံများဖြစ်သော သြစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့လည်း ပါဝင်ကြမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး Martin Meiners ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီအနေဖြင့် ဖိတ်ကြားခံထားရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။

အစည်းအဝေးကို ဦးဆောင်မည့် ထိုင်းနှင့် အမေရိကန်ကိုယ်စား အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စစ်ကောင်စီကို ဖိတ်စာပို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အာဆီယံ ဖိုရမ်တွေကို ဘယ်သူ တက်ရောက်မလဲဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကဘဲ ဆုံးဖြတ်ပါတယ်” ဟု ဒုဗိုလ်မှူးကြီး Martin Meiners က ပြောသည်။

ထိုအစည်းအဝေးနှင့် ပတ်သက်ပြီး ပေါက်ကြားလာသော စာရွက်စာတမ်းအရ ဆွေးနွေးပွဲအပြင် ယခုနှစ်ကုန်ပိုင်း ပြုလုပ်ရန်ရှိသည့် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ လက်တွေ့လေ့ကျင့်ခန်းသို့ မြန်မာရေတပ်ကို ဖိတ်ကြားရန် ရှိမရှိကိုမူ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက ပြောဆိုခြင်း မရှိပေ။

ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူစအချိန်တွင် အဆိုပါ အစည်းအဝေး ပေါ်ပေါက်လာခြင်းဖြစ်ကာ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုကာကွယ်ရေးဝန်ကြီး Probowo Subianto က ဦးဆောင်မည်ဖြစ်သည်။​

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတဂျိုကို ဝီဒိုက စစ်ကောင်စီကို အာဆီယံနှင့်ဆိုင်သော အစည်းအဝေးအားလုံးမှ ဖယ်ထုတ်ရန် အဆိုပြုခဲ့သည်။ အာဏာသိမ်းပြီးစ ၂၀၂၁ ဧပြီလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သော အာဆီယံအထူးအစည်းအဝေးရလဒ်ဖြစ်သည့် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့်အတွက် အင်ဒိုနီးရှားသမ္မတက ထိုသို့ အပြစ်ပေးလိုခြင်းဖြစ်သည်။

ထို့နောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခွင့် ပိတ်ပင်ခံရသည်။

တစ်ချိန်တည်းမှာပင် အိမ်နီးချင်းထိုင်းနိုင်ငံက အာဏာသိမ်း မြန်မာစစ်တပ်နှင့် အဆက်အဆံမပျက် ရှိနေသောကြောင့် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ပို၍နက်ရှိုင်းလာခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အာဏာသိမ်းခေါင်းဆောင်သည် ထိုင်းစစ်ဦးစီးချုပ်နှင့် ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေ၌ တွေ့ဆုံခဲ့သည်။

ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဘန်ကောက်မြို့သို့ ဖိတ်ခေါ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ စစ်ကောင်စီဘက်မှ ဝန်ကြီးသုံးဦး၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာလာပြသော်လည်း ကျန်အာဆီယံဦးဆောင်နိုင်ငံများ တက်ရောက်ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့်နှစ် ဇူလိုင်နှင့် ဒီဇင်ဘာလအတွင်း ရုရှားနှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းကျင်းပသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ADMM-Plus အစည်းအဝေးကို အမေရိကန် နုတ်ထွက်ပြီးနောက် အာဆီယံ၏ ရေကြောင်းလုံခြုံရေးအစည်းအဝေးသို့ စစ်ကောင်စီကို ဖိတ်ကြားလာခြင်းပင်။​

မြန်မာစစ်တပ်သည် ၎င်းတို့ ကျူးလွန်နေသော ရက်စက်သည့် ပြစ်မှုများကို ဖုံးကွယ်ရန်နှင့် ဝါဒဖြန့်ချိရေး အသုံးချရန်သက်သက်သာဖြစ်သောကြောင့် ထိုအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု အမေရိကန်က ထိုကာလအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် ပြီးခဲ့သည့် သြဂုတ်လအတွင်း အမေရိကန်စစ်တပ်က ဦးဆောင်ကျင်းပခဲ့သော ရေကြောင်းလုံခြုံရေးဆိုင်ရာ ADMM-Plus အစည်းအဝေးတွင် မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် အွန်လိုင်းမှ တက်ရောက်ခွင့်ရခဲ့သည်ဟု ဒုဗိုလ်မှူးကြီး Martin Meiners က ဆိုသည်။​

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုနိုင်ငံခြားရေးဝန်ကြီး မိုးဇော်ဦးကမူ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်းသည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသည့် အာဏာသိမ်းစစ်တပ်ကို ထိုအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းမှာ အလွန်ကမောက်ကမနိုင်သည်ဟု မှတ်ချက် ပြုသည်။

ဩစတြေးလျမှ လူ့အခွင့်အရေးကျွမ်းကျင်သူ Chris Sidoti ကလည်း ဘန်ကောက်တွင် ကျင်းပမည့် စစ်ဘက်အစည်းအဝေးသို့ စစ်ကောင်စီကို ပါဝင်ခွင့်ပြုခြင်းအပေါ် ဝေဖန်လိုက်ပြီး ပြည်သူများကို ပို၍ ဖိနှိပ်နိုင်ရန် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ဆိုသည်။​

“ဒီလိုလေ့ကျင့်ခန်းတွေက လူသတ်သမားတွေကို လေ့ကျင့်ပေးနေတာပဲ။ ဒါဟာ သူတို့ကို ရုရှားနဲ့ တရုတ်က လက်နက်တပ်ဆင်ပေးနေတာနဲ့ အတူတူပဲ။ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေမှာ ရုရှားနဲ့ တရုတ်လိုမျိုး အမေရိကန်လည်း ကြံရာပါဖြစ်သွားပြီ”

အာဆီယံ၏ အကူအညီနှင့် ထောက်ပံ့မှုများသည် စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေကြောင်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက Justice For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button