
(ရန်ကုန်) — ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာ ကက်သလစ်ဘုရားကျောင်းတွင် သောင်တင်နေသော အင်ဂျန်းယန်မြို့မှ စစ်ဘေးရှောင် ၁,ဝဝဝ ကျော်အတွက် သင့်လျော်သည့် နေရာထိုင်ခင်း စီစဉ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါစစ်ရှောင်စခန်းမှ တာဝန်ခံ ဦးတန်ဂျာက မေလ ၂၅ ရက်နေ့တွင် ပြောသည်။
မိုးကာစ အသုံးပြုကာ ဆောက်လုပ်ထားသော မိုးကာတဲများအတွင်း စစ်ရှောင်လာသူတို့ကို ပြွတ်သိပ်ထည့်ထားရသည်ဟု ဆိုသည်။
“အမိုးလည်း မလုံဘူး၊ မိုးရွာရင် ပစ္စည်းတွေက မိုးရေ စိုကုန်ရော။ အသက်ကြီးတဲ့သူတွေအတွက်လည်း အဆင်မပြေဘူးဖြစ်နေတယ်” ဟု ဦးတန်ဂျာက ပြောသည်။
တန်ဖဲ RC ခရစ်ယာန်ကျောင်းတွင် အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၄ ရွာမှ ထွက်ပြေးလာသူ ဒေသခံ ၁,၃ဝဝ ခန့် ရှိနေသည်။ ၎င်းတို့သည် ဧပြီ ၂၆ ရက်နေ့မှ စတင် ရောက်လာကြသူများဖြစ်ပြီး ထပ်မံဝင်ရောက်လာသူတို့ ရှိနေကြောင်း သိရသည်။
နေရပ်စွန့်ခိုလှုံသူများထဲတွင် ကျောင်းနေအရွယ် ကလေး ၅ဝဝ ကျော် ရှိသည်။ ကချင်ပြည်နယ်ပညာရေးမှူးက ဘုရားကျောင်းအနီး ယာယီကျောင်းဆောက်လုပ်ပေးရန် စီစဉ်ပေးမည်ဟု ဆိုဖူးကြောင်း ဦးတန်ဂျာက ပြောသည်။
စားသောက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များ လှူဒါန်းနေသောကြောင့် လတ်တလော အဆင်ပြေနေသေးသည်ဟု ဆိုသည်။
ကျန်ခဲ့သည့်ရက်ပိုင်းက မြစ်ကြီးနား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တချို့ စစ်ရှောင်သူများထံ ရောက်လာကြောင်း၊ ကုလားပဲ၊ ဆား၊ မိုးကာစတချို့ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။
စစ်ရှောင်တို့ ကြုံတွေ့နေရသည့်အခက်အခဲများကို ပါတီသို့ တင်ပြထားသည်ဟု ဦးအင်ထုံးခါးနော်ဆန်က ပြောသည်။
“ နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာတော့ အသေအချာပဲ။ ကျွန်တော်တို့လည်း တွေ့ခဲ့တယ်။ ပြည်နယ်အစိုးရကလည်း ကူညီသွားပါလိမ့်မယ်၊ သူတို့မှာလည်းတာဝန်ရှိတယ်လေ” ဟု ၎င်းက ပြောသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကို မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။
ဧပြီလကုန်ပိုင်း အင်ဂျန်းယန်မြို့နယ်အတွင်းမှ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ ဒေသခံတို့ ထွက်ပြေးရပြီး အများအပြားမှာ ဤဘုရားကျောင်းတွင် ခိုလှုံနေကြခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် အိုးပစ်အိမ်ပစ်ထွက်ပြေးနေကြရသော စစ်ရှောင်သူတို့ သောင်တင်နေသည့်နေရာ အရေအတွက်မှာ မတ်လ ၃၁ ရက်နေ့ စာရင်းအရ ၁၃၁ ခု ရှိသည်ဟု ကုလသမဂ္ဂ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
နေရပ်သို့ပြန်ပြီး အေးချမ်းစွာ နေထိုင်နိုင်မည့်အချိန်ကို စောင့်မျှော်နေကြစဉ်မှာပင် တိုက်ပွဲများကြောင့် ယာယီဒုက္ခသည်စခန်းတချို့သို့ ထပ်မံ ဝင်ရောက်လာသူများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။