
ရန်ကုန် — ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဒေသမှ လယ်သိမ်းခံ တောင်သူတချို့က တပ်မတော်၏ လုပ်ငန်းကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို တရားစွဲရန် အသင့်ဖြစ်ပြီဟု ၎င်းတို့၏ ရှေ့နေက မေ ၂၈ တွင် ပြောသည်။
အငြင်းပွား မြေကွက်များပေါ်တွင် နေထိုင်သည့် အိမ်ထောင် စု ၃၉ စု အနက် လက်ငုတ်မပြတ် လုပ်ကိုင်နေသည့်၊ လယ်သမားကိုးဦးအတွက် မြေယာလျော်ကြေး ရရှိရန် လာမည့်ရက်ပိုင်းအတွင်း တရားမမှု စွဲဆိုမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“အဓမ္မ သိမ်းဆည်းခံထားရတဲ့ လယ်သမားကိုးဦးရဲ့ လယ်ယာမြေတွေက တစ်ဧက ၆၅ဝ နဲ့ ရန်ကုန်တိုင်းတရားရုံးကို စွဲတင်မှာပါ” ဟု မြေသိမ်းခံ တောင်သူလယ်သမားအရေး ဆယ်နှစ်ကျော်ကြာ ကူညီဆောင်ရွက်နေသူ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
သိန်း ၁ဝ,ဝဝဝ အထက် ကျော်လွန်သောအမှု ဖြစ်သောကြောင့် တရားမမှု သဘောသဘာဝအရ တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ သိန်း ၁ဝဝ အထိ တောင်းဆိုသည့် အမှုကို မြို့နယ်တရားသူကြီး၊ သိန်း ၁ဝဝ နှင့် သိန်း ၁ဝ,ဝဝဝ ကြားကို ခရိုင်တရားသူကြီးတို့က စစ်ဆေးနိုင်မည်ဖြစ်သည်။
မြေယာအငြင်းပွားမှုဖြစ်နေသည့် နေရာမှာ ကျောက်တန်းမြို့နယ် သီလဝါကျေးရွာဟောင်းအနီး ဆိပ်ကမ်းအကွက် အမှတ် ၁၂၊ ၁၃ ကွင်းအမှတ် ၆၅၅ တွင် တည်ရှိကြောင်း၊ ဧက ၁ဝဝ နီးပါး ရှိကြောင်း တောင်သူတို့ထံမှ သိရသည်။
ပစ်ခတ်မှုနှင့် နောက်ဆက်တွဲ
မေ ၁၂ ညပိုင်းက အငြင်းပွားမြေတွင် ဝင်ရောက်လုပ်ကိုင်သည့် လယ်သမား ၉ ဦး၊ တခြား အိမ်ထောင်စု ၃ဝသည် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားစဉ် ပစ်ခတ်ခံရမှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာ ရသွားသည်။
ထိုလယ်သမားတို့သည် လက်ငုတ်မပြတ်လုပ်ကိုင်နေသူများ ဖြစ်သည်ဟု မြို့နယ်၊ မြေစာရင်းဦးစီးဌာန၏ ထောက်ခံချက် ရရှိထားသည်ဟု ရှေ့နေက ပြောသည်။
“ကျန်တဲ့ လူ ၃ဝ ကတော့ ဥပဒေအရ မခိုင်မာဘူး။ သူတို့ရဲ့အဆောက်အအုံတွေက ဥပဒေနဲ့မညီဘူး။ ကျူးကျော်လို့ အကျုံးဝင်တယ်ပေါ့။ ဒါပေမယ့် နှစ် ၂ဝ နီးပါးနေထိုင်တာဆိုတော့ အစိုးရအနေနဲ့ နိုင်ငံသားဥပဒေအရ နစ်နာကြေးဖြစ်ဖြစ်၊ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအရဖြစ်စေ ဆုံးဖြတ်ပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
မေ ၁၂ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုပြစ်ကြောင်းအရ ထပ်မံစွဲဆိုသွားမည်ဟု သိရသည်။ စွဲဆိုရန် M Law (ရန်ကုန်အခြေစိုက်) ရှေ့နေများအဖွဲ့က ကူညီသွားမည်ဖြစ်ကြောင်း လယ်သမားကိုးဦးတွင်ပါဝင်သူ ဦးသန်းဝင်းက မေ ၂၈ တွင် Myanmar Now ကို ပြောသည်။
မေလ ၁၂ ရက်နေ့က ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုဒေသမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက လွှတ်တော်လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြဆွေးနွေးခြင်း၊ ရှေ့နေ ဦးမြင့်သွင်က တရားမကြောင်းအရ စွဲဆိုရန် ပြင်ဆင်နေခြင်းတို့ကြောင့် တရားစီရင်မှု မှန်ကန်မည်ဟု မျှော်လင့်ကြောင်း ဦးသန်းဝင်းက ပြောသည်။
သီလဝါကျေးရွာဟောင်းအနီး ကွင်းအမှတ် ၆၉၉ ရှိ လယ်သမား ၁၄ ဦးပိုင် လယ်ယာမြေကွက်များကို ၁၉၉၆ ခုနှစ်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တစ်ဧက ကျပ် ၂ဝ,ဝဝဝ နှုန်းဖြင့် သိမ်းယူခဲ့သည်ဟု ဆိုသည်။ မည်သည့်စီမံကိန်းမျှ မလုပ်ဘဲ ကုမ္ပဏီအဆင့်ဆင့်ကို လက်လွှဲပေးခဲ့ပြီး နောက်ဆုံးတွင် ဦးပိုင်ကုမ္ပဏီလက်ထဲသို့ ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းပြီးမြေတွင် လေးနှစ်အကြာ စီမံကိန်းစတင်ခြင်းမရှိပါက မူလပိုင်ရှင်သို့ ပြန်လည်အပ်နှံရမည်ဟု ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းထားသည်။